လင်းကွေ့ဖန်သည် ဤစကားကို ကြားလိုက်ရသောအခါ မျက်လုံးပြူးသွားတော့သည်။
“ယွမ် ၆၀၀ ဖိုး လက်မှတ်တွေ ဟုတ်လား! နင် ရူးနေတာလား။ အဲ့ဒီလောက် လက်မှတ်တွေကို ငါက ဘယ်ကနေ သွားရှာရမှာလဲ။”
ကျန်းမန်မန် ရူးသွပ်နေခြင်း မဟုတ်ပေ။ သူမတွင် ငွေကြေးရှိသော်လည်း လက်မှတ်များကတော့ များများစားစား မရှိသဖြင့် လက်မှတ်များကိုသာ ရွေးချယ်တောင်းဆိုခဲ့ခြင်း ဖြစ်သည်
သာမန်လူတစ်ယောက်အတွက် ယွမ် ၆၀၀ တန်ဖိုးရှိသော လက်မှတ်များကို တစ်ကြိမ်တည်းနှင့် ထုတ်ပေးနိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသည်ကိုလည်း သူမ သိရှိထားသည်။
ထို့ကြောင့် သူမက ပြောလိုက်၏။ “အဲ့ဒီလောက် လက်မှတ်တွေ မပေးနိုင်ဘူးဆိုရင်လည်း အနည်းဆုံး တစ်ဝက်တော့ ပေးရမယ်။ အဲ့ဒီထက် နည်းရင်တော့ ငါ မရောင်းဘူး။”
လင်းကွေ့ဖန်၏ မျက်ဝန်းများ တောက်ပသွား၏။ “နင် တကယ်ရောင်းမှာလား။ ဒါဆိုရင် အခုချက်ချင်း ငွေနဲ့ လက်မှတ်တွေ သွားယူလာခဲ့မယ်!”
ကျန်းမန်မန်က ထပ်ပြောလိုက်၏။ “ဟုတ်တယ်၊ ငွေသား ယွမ် ၃၀၀ နဲ့ ယွမ် ၃၀၀ တန်ဖိုးရှိတဲ့ လက်မှတ်တွေ။ အဲ့ဒါကို တကယ် ယူလာပေးနိုင်ရင် ငါ ရောင်းမယ်။”
ကျန်းမန်မန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် လင်းကွေ့ဖန်းက ချက်ချင်း သဘောတူလိုက်သည်။ “ဒီမှာပဲ စောင့်နေ၊ ငါ အခုသွားယူလိုက်မယ်။”
သူမသည် အလျင်အမြန် ပြေးထွက်သွားခဲ့ပြီး မကြာမီမှာပင် ငွေနှင့် လက်မှတ်များကို ယူဆောင်လျက် ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျန်းမန်မန်သည် သူမလက်ထဲသို့ ထည့်ပေးလာသော ငွေသား ယွမ် ၃၀၀ နှင့် လက်မှတ်အထပ်လိုက်ကို တစ်ချက် ကြည့်လိုက်၏။ လက်မှတ်များမှာ အမှန်တကယ်ပင် စုံလင်လှသည်။
သူမသည် လက်တစ်ချက်ဝှေ့ယမ်းလ်ိုက်ပြီး ငွေနှင့် လက်မှတ်များကို သူမ၏ အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် အခြားအိတ်ကပ်တစ်ခုအတွင်းမှ အလုပ်ခန့်အပ်လွှာ လက်မှတ်ကို ထုတ်ယူ၍ ပေးလိုက်လေသည်။
လင်းကွေ့ဖန်ကတော့ ဝမ်းသာအားရ လက်ခံလိုက်ပြီး ပါးစပ်မစိနိုင်အောင်ပင် ပြုံးနေခဲ့တော့သည်။
ထိုအချိန်မှာပင် ဟောက်ဖန်းဖန်းက အခြားသော မိန်းမငယ်လေးတစ်ဦးနှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ကျန်းမန်မန်ကို မြင်လိုက်ရသောအခါ သူမက အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ “ကျန်းမန်မန်။ ဒီမှာ ဘာလုပ်နေတာလဲ။”
ဟောက်ဖန်းဖန်း၏ မျက်နှာအမူအရာသည်လည်း မသေချာမရေရာသလို ဖြစ်သွားခဲ့သည်။
သူမ၏ အမေသည် ဤမိန်းကလေးကို မရောင်းလိုက်ရသေးသည်လား။ သူမတို့ အရင်က သဘောတူထားခဲ့ကြသည် မဟုတ်ဘူးလား။
မနေ့ညက သူမတို့သည် အဘွားအိမ်သို့သွားပြီး ကျန်းမန်မန်ကို ခေါ်လာရမည် ဖြစ်သော်လည်း သူမကတော့ ထိုနေရာတွင် ရှိမနေခဲ့ပေ။
သူမ၏ အမေက နောက်ဆုံးမိနစ်တွင်မှ စိတ်ကူးပြောင်းသွားခဲ့သည်လား။
ထို့နောက် သူမ စဉ်းစားမိလိုက်သည်မှာ သူမအမေသည် ကျန်းမန်မန်ကို ကျေးလက်သို့ မပို့နိုင်တော့သောအခါ သူမကိုယ်တိုင် ကျေးလက်သို့ သွားရမည်ကို စိုးရိမ်နေခြင်းလည်း ဖြစ်နိုင်သည်။
သူမသည် သူမဘာသာ ထိုသို့ တွေးတောလျက် မေးလိုက်၏။ “နင် ဘာမှ မသိသေးဘူးလား။ နင် မနက်ဖြန် နယ်ဘက်ကို သွားရတော့မှာလေ။ အထုပ်အပိုးတွေ ပြင်ရမဲ့အစား ဒီမှာလာပြီး ဘာလို့ ထိုင်စားနေရတာလဲ။”
အလုပ်ခန့်အပ်လွှာကို ကိုင်ထားသော လင်းကွေ့ဖန်ကတော့ ကျန်းမန်မန်ကို ကြည့်ကာ အံ့သြသွား၏။ “ဘာ?! နင်က ကျေးလက်ကို သွားရမှာလား။ ဒါကြောင့် နင် အလုပ်ကို ရောင်းစားလိုက်တာပဲ!”
“ဘာ?! ကျန်းမန်မန်.. နင် အလုပ်ကို ရောင်းလိုက်ပြီ ဟုတ်လား?!”
ဟောက်ဖန်းဖန်းသည် ကျန်းမန်မန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိခဲ့သည်။
ကျန်းမန်မန်ကတော့ ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီး ဟောက်ဖန်းဖန်း၏ ပြောင်းလဲနေသော မျက်နှာအမူအရာကို ပြုံးလျက် ကြည့်နေခဲ့လေသည်။
“ဟုတ်တယ်လေ၊ ငါ ရောင်းလိုက်ပြီ။”
“ကျန်းမန်မန်. ငါ့ရဲ့အလုပ်ကို ရောင်းဖို့ နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ။”
ဟောက်ဖန်းဖန်း၏ ဘေးတွင် ပါလာသော မိန်းကလေးသည် ထိုစကားကို ကြားလိုက်ရသောအခါ ဆက်၍ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဟောက်ဖန်းဖန်းသည်လည်း ဒေါသတကြီးဖြင့် စတင်မေးမြန်းလေတော့၏။ “နင် ဘာလို့ ဒီအလုပ်ကို ရောင်းလိုက်တာလဲ။ နင် ငါ့ကို ပေးမယ်လို့ ကတိပေးထားပြီးသားလေ - ငါက ရှောင်ယန်ဇီအတွက် ချန်ထားတာ!”
သူမ၏ဘေးတွင် ပါလာသော မိန်းကလေးကတော့ အခြားသူမဟုတ်ဘဲ ရှောင်ဝမ်ရွှမ်၏ ညီမဖြစ်သူ ရှောင်ယန်ဇီပင်။
ကျန်းမန်မန် ထိုသူနှစ်ဦးကို ကြည့်၍ ရယ်ချင်စိတ်ကို မနည်းအောင့်ထားခဲ့ရသည်။
“ဒါက ငါ့အလုပ်လေ - ငါက ဘာလို့ မရောင်းနိုင်ရမှာလဲ။ နင့်ကို ပေးရမယ် ဟုတ်လား။ ရှောင်ယန်ဇီကို ပေးရမယ် ဟုတ်လား။ နင်တို့နှစ်ယောက်ကတော့ တကယ်ကို အိပ်မက်မက်နေကြတာပဲ။”
ဤစကားကို ကြားလိုက်ရသောအခါ လင်းကွေ့ဖန်သည် အလုပ်ခန့်အပ်လွှာ လက်မှတ်ကို သေသေချာချာ ခေါက်၍ အိတ်ထဲသို့ ထည့်လိုက်တော့သည်။ ထို့နောက် ထိုအမျိုးသမီးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။ ၎င်းမှာ သူမထံမှ မည်သူမျှ လုယူ၍မရနိုင်ကြောင်း ပြသလိုက်ခြင်းပင်။
“အစ်မလင်း.. ကျွန်မတို့ မျှတတဲ့ အရောင်းအဝယ် လုပ်ပြီးပြီဆိုတော့ ကျွန်မ ပြန်တော့မယ်နော်။”
“အင်း.. ကောင်းကောင်းသွားပါ!”
ရှောင်ယန်ဇီသည် ဟောက်ဖန်းဖန်း၏ အင်္ကျီလက်ကို ဆွဲ၍ မေးလိုက်တော့သည်။ “အခု ဘယ်လိုလုပ်ကြမှာလဲ။”
ဟောက်ဖန်းဖန်းက သူမကို စိတ်အေးစေရန် ဖျောင်းဖျပြောဆိုခဲ့၏။ “စိတ်မပူပါနဲ့ ယန်ဇီ။ ငါ အိမ်ပြန်ပြီး အမေ့ကို မေးကြည့်လိုက်ဦးမယ်။ အဲ့ဒီလက်မှတ်က တစ်ချိန်လုံး အမေ့လက်ထဲမှာ ရှိနေတာကို ကျန်းမန်မန်ဆီ ဘယ်လိုရောက်သွားတာလဲ မသိတော့ဘူး။”
သူတို့နှစ်ဦးသည် အစိုးရပိုင် စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသွားပြီး ကျန်းမိသားစုအိမ်သို့ တန်းတန်းမတ်မတ် လာခဲ့ကြတော့သည်။
ကျန်းမန်မန်ကတော့ ဒေသန္တရရုံးသို့ ဦးတည်၍ သွားခဲ့၏။
”.. ဒါရိုက်တာဝမ်၊ ဒီနေ့ အလုပ်များနေလားရှင့်။”
ဒါရိုက်တာဝမ်သည် သူမကို မြင်လိုက်ရသောအခါ နှုတ်ခမ်းထောင့်များပင် တွန့်သွားတော့သည်။
သူမ၏ မနေ့က စွန့်စားမှုများအကြောင်းကို သူ၏ဇနီးဖြစ်သူထံမှ အသေးစိတ် ကြားသိထားပြီဖြစ်၏။
ထို့ကြောင့် ယခုသူမကို မြင်လိုက်ရသည့်အခါ သူသည် အလိုလိုပင် ထိတ်လန့်သွားခဲ့သည်။
သူမသည် ဒေါသတကြီးဖြင့် ကျေးလက်သို့ မသွားနိုင်ကြောင်း ငြင်းဆန်ပြီး အမည်စာရင်းကို ပယ်ဖျက်ခိုင်းရန် လာရောက်ခြင်းလားဟု သူ စိုးရိမ်မိခဲ့၏။
သူသည် အားယူ၍ပြုံးပြရင်း မေးလိုက်သည်။ “အော်.. ကျန်းမိသားစုက သမီးလေးပါလား! ဒီနေ့ ဘာကိစ္စများ ရှိလို့လဲ။” ဟု ဆိုလိုက်၏။
ကျန်းမန်မန် ပါးစပ်မစိနိုင်အောင်အထိ ပြုံးပြလိုက်ရာ သူမ၏ မျက်နှာလေးက ပေါက်စီတစ်လုံးကဲ့သို့ ဝိုင်းစက်သွားတော့သည်။
“ဒီလိုပါပဲ.. ကျွန်မရဲ့ မိထွေးက ကျွန်မကို နယ်ဘက်ပြောင်းရွှေ့ဖို့ နာမည်စာရင်း သွင်းပေးထားပြီးပြီဆိုတော့ ကျွန်မရဲ့ ညီမလေးကိုလည်း နာမည်စာရင်း သွင်းပေးရမယ်လေ။ ကျွန်မတို့ မိသားစုက တကယ့်ကို စံပြမိသားစု မဟုတ်ဘူးလား?။”
သူမသည် နာမည်စာရင်း ပယ်ဖျက်ရန် လာရောက်ခြင်းမဟုတ်ကြောင်း သိရသည့်အခါမှ ဒါရိုက်တာဝမ် စိတ်သက်သာရာ ရသွားတော့သည်။
“ဒါဆိုရင်တော့ မင်းတို့မိသားစုက ပေကျင်းမြို့တော်တစ်ခုလုံးမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတိုးတက်ဆုံး မိသားစုပါပဲ။ မင်းညီမရဲ့ နာမည်ကိုလည်း ငါ စာရင်းထဲမှာ ထည့်ပေးလိုက်မယ်။”
ကျန်းမန်မန် ပျော်ရွှင်သွားတော့သည်။“ဟုတ်ကဲ့၊ ဟုတ်ကဲ့! ဒါနဲ့ စကားမစပ် မေးဖို့ မေ့နေလို့.. ကျွန်မကို ဘယ်နေရာကို သွားဖို့ စာရင်းသွင်းထားတာလဲဟင်။”
ဒါရိုက်တာဝမ်က သူမကို သတိထား၍ တစ်ချက်ကြည့်လိုက်၏။ “စိတ်မပူပါနဲ့ - မင်းရဲ့ မိထွေးက မင်းကို အန်းရှီက ရှန်နွမ်ကျားနားမှာရှိတဲ့ ရွှီကျားကျွမ်း သစ်တောခြံကို သွားဖို့ စာရင်းသွင်းထားတာပါ။ အဲ့ဒီမှာ ရှုခင်းတွေက အရမ်းလှတယ်လေ။”
ကျဆန်းမန်မန် လက်ခုပ်တီး၍ ဝမ်းသာအားရ ဆိုလိုက်၏။ “ကျွန်မရဲ့ မိထွေးက ကျွန်မအပေါ် အရမ်းကောင်းတယ်ဆိုတာ ကျွန်မ သိနေသားပဲ။ ကျွန်မညီမလေးကိုတော့ အနောက်မြောက်ပိုင်းကိုပဲ ပို့လိုက်ပါ! ကျွန်မမိထွေးက ကျွန်မအပေါ် ကောင်းတာ မှန်ပေမဲ့၊ သူမရဲ့ သမီးက ကျွန်မရဲ့ စေ့စပ်ထားတဲ့သူကို လုယူသွားတာကိုတော့ အစားမထိုးနိုင်ဘူး မဟုတ်လား။”
ဒါရိုက်တာဝမ်သည် ခြောက်ကပ်စွာ ရယ်လိုက်မိသည်။
သူ ရေးမှတ်နေသည်ကို သူမက စောင့်ကြည့်နေသဖြင့်လည်းကောင်း၊ အနောက်မြောက်ဘက်ရှိ စိုက်ပျိုးရေးခြံများတွင်လည်း လူအင်အား လိုအပ်နေသဖြင့်လည်းကောင်း သူသည် ထိုဒေသကိုသာ တိုက်ရိုက်ဖြည့်စွက်ပေးလိုက်တော့သည်။
“အကုန်လုံး အဆင်သင့် ဖြစ်သွားပါပြီ။ မင်းကတော့ စာရင်းသွင်းထားတာ ရက်အတော်ကြာပြီဆိုတော့ မနက်ဖြန် ထွက်ရတော့မယ်။ အိမ်ပြန်ပြီး အထုပ်အပိုးတွေ မပြင်တော့ဘူးလား။”
“ဒါရိုက်တာက ကျွန်မကို နှင်ထုတ်နေသလိုပဲနော်။ ကဲပါ.. ထောက်ခံစာနဲ့ ပြောင်းရွှေ့စရိတ် ထောက်ပံ့ကြေး ယွမ် ၅၀ ကိုသာ ပေးလိုက်ပါတော့။”
ဒါရိုက်တာဝမ်က စိုးရိမ်တကြီးဖြင့် ရယ်မောလိုက်သည်။ “အဲ့ဒါတွေကို မင်းရဲ့ မိထွေးဆီကို ငါပေးလိုက်ပြီလေ။ စိတ်မရှိပါနဲ့.. ငါနဲ့ စကားလေး ဘာလေး ထပ်ပြောဦးမလို့လား။”
ကျန်းမန်မန်သည် သူနှင့် စကားပြောရန် စိတ်မပါပေ။ သူမက ပြုံးလျက် ပြောလိုက်၏။ “ပြောစရာ မရှိတော့ပါဘူး။ ကျွန်မတို့ အိမ်မှာ အရေးပေါ်ကိစ္စတွေ ဖြစ်နေလို့လေ! မနေ့က ကျွန်မမိထွေးက တခြားယောက်ျားတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားတာ အိမ်က ပစ္စည်းတွေအကုန် ယူသွားတယ်။ အခု အိမ်မှာ ကျွန်မအဖေနဲ့ ညီမလေးပဲ ကျန်ခဲ့တာဆိုတော့ ကောလာဟလတွေ ထွက်မှာ စိုးလို့လေ။ အဲ့ဒါကြောင့် ကျွန်မညီမလေးကိုပါ နယ်ဘက်ကို သွားဖို့ စာရင်းသွင်းပေးလိုက်တာပါ။”
ဤသတင်းကြောင့် ဒါရိုက်တာဝမ် မှင်တက်သွားခဲ့ရသည်။ “နေဦး.. ဘာပြောလိုက်တာလဲ။ မင်းမိထွေးက ခိုးရာလိုက်ပြေးသွားတယ် ဟုတ်လား။ အိမ်က ပိုက်ဆံတွေအကုန် ယူသွားတယ်ပေါ့။”
ကျန်းမန်မန်က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်၏။ “အတိအကျပါပဲ! သူမက ကျွန်မအဖေနဲ့ လက်ထပ်ထားတာ နှစ်အတော်ကြာပြီ၊ ကလေးလည်း တစ်ယောက်မှ မရဘူးလေ။ ကျွန်မအဖေမှာ... သိတယ်မလား... ချို့ယွင်းချက်တစ်ခုခု ရှိနေလို့ ဖြစ်မှာပေါ့။ အဲဒါကြောင့်လည်း သူမက စိတ်မထိန်းနိုင်ဘဲ ထွက်ပြေးသွားတာ ဖြစ်လိမ့်မယ်။ သမီးတစ်ယောက်အနေနဲ့ ဒါတွေကို ဖွင့်ပြောဖို့ မကောင်းပေမဲ့ တကယ်တော့ သူက မုဆိုးမလို နေရမယ်ဆိုရင်လည်း သည်းခံပြီး နေသင့်တာပေါ့!”
ဒါရိုက်တာဝမ်သည် ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်တော့သည်။ “မဟုတ်သေးဘူး၊ ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စပဲ။ ငါတို့က ရပ်ကွက်အဆင့် စည်းကမ်းပိုင်းဆိုင်ရာတွေကို ကိုင်တွယ်ရတာလေ။ မင်းမိထွေးက အမျိုးသမီးရေးရာ ကော်မတီရဲ့ အကြီးအကဲ မဟုတ်လား - ငါ့မိန်းမကို အမြန်သွားပြောမှ ဖြစ်မယ်!”
ကျန်းမန်မန် ဂရုမစိုက်ပေ။ သူမသည် နယ်ဘက်တွင် သုံးမည့် ပစ္စည်းများဝယ်ယူရန် သမဝါယမဆိုင်သို့ တန်းတန်းမတ်မတ် သွားလေတော့သည်။
သူမသည် တောင်ဘက်သို့ သွားရမည်ဖြစ်သော်လည်း ဆောင်းရာသီ မကုန်သေးသည့်အတွက် ဂွမ်းအချို့ကို ဝယ်ယူရသေး၏။
သူမသည် ယခင်တည်းက မြောက်ဘက်ပိုင်းတွင် နေထိုင်ခဲ့သူဖြစ်ပြီး ယခု ရုတ်တရက် တောင်ဘက်သို့ သွားရမည်ဖြစ်သဖြင့် စိတ်ပျက်မိသည်။ သူမသည် ရှန်နွမ်ကျားသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ်သာ ရောက်ဖူးပြီး ထိုစဉ်က တောင်တန်းများနှင့် မြစ်ချောင်းများသည် အလွန်ပင် လှပခဲ့သည်။
သို့သော် ၁၉၇၀ ပြည့်လွန်နှစ်များတွင်တော့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟူ၍ မရှိသေးဘဲ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ရုံသာ ရှိပေလိမ့်မည်။
သူမ၏ ကိုယ်ပိုင်အာကာသဟင်းလင်းပြင်ထဲတွင် ပစ္စည်းများစွာ ရှိနေပြီးဖြစ်သဖြင့် အများကြီး မဝယ်တော့ပေ။ အိမ်သာသုံးစက္ကူ လက်မှတ်များဖြင့် စက္ကူများကို ဝယ်လိုက်သည်။ သကြားလက်မှတ်များဖြင့် "ယုန်ဖြူ" သကြားလုံးနှင့် သကြားညို နှစ်ပိဿာခန့် ဝယ်ယူလိုက်သည်။ ဆန်လက်မှတ်ဖြင့် ဆန်ပိဿာ ၅၀ ကို ဝယ်ခဲ့သည်။
ထို့ပြင် "မြက်ခင်းပြင်က သူရဲကောင်းညီအစ်မများ" တံဆိပ် ဘီစကစ်နှင့် မုန့်အချို့ကိုလည်း ဝယ်ယူခဲ့သေးသည်။ စက်မှုကုန်ပစ္စည်း လက်မှတ်များဖြင့် ဓာတ်မီးနှင့် ဘက်ထရီများကို ဝယ်ယူလိုက်သည်။
ပစ္စည်းအများကြီးဝယ်ရန် မလိုအပ်ဟု သူမ တွေးမိလိုက်၏။ သူမ၏ အာကာသထဲ၌ အလုံအလောက် ရှိနေပြီးသား ဖြစ်သည်။ ထို့ပြင် ပေကျင်းမြို့တွင် ကုန်ဈေးနှုန်း ပိုကြီးနေလိမ့်မည်။ ဤနေရာတွင် ငွေကုန်ခံနေပြီးမည့်အစား ထိုနေရာသို့ရောက်မှ ဝယ်ယူလျှင် ပိုသက်သာနိုင်သည်။ ရှန်နွမ်ကျားအနီးမှ ဈေးနှုန်းများကတော့ ပေကျင်းထက် မကြီးနိုင်ဟု သူမ တွေးမိလိုက်သည်။
ဝယ်ထားသမျှ ပစ္စည်းအားလုံးကို အာကာသထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် အိတ်ကပ်ထဲ လက်နှိုက်ကာ အိမ်သို့ အေးအေးလူလူ လမ်းလျှောက်ပြန်လာခဲ့၏။
ထိုအချိန်တွင် သူမ၏ အိမ်ရှေ့၌ လူအုပ်ကြီး စုရုံးနေခဲ့လေပြီ။
ကျန်းမန်မန် သူတို့ကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်မိ၏။ သူမသည် အိမ်သို့ မပြန်တော့ဘဲ ပေကျင်းမြို့အတွင်းရှိ ရှစ်ချာဟိုင်နှင့် နန်းတော်ဟောင်း စသည့် နေရာများသို့ နောက်ဆုံးအကြိမ်အဖြစ် လှည့်လည်ကြည့်ရှုနေခဲ့တော့သည်။
နောက်ဆုံးတွင်တော့ ဘူတာရုံသို့ ရောက်ရှိသွားကာ လူသူကင်းဝေးသော နေရာတစ်ခု၌ သူမ၏ စက်ဘီးကို အာကာသထဲသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသော အထုပ်ကို ထုတ်ယူကာ နယ်ဘက်သို့သွားမည့် မီးရထားပေါ်သို့ တက်လိုက်သွားခဲ့တော့သည်။
ရှောင်မိသားစုနှင့် သွားရောက် ရန်ဖြစ်ရန်တော့ သူမ စိတ်မကူးခဲ့တော့ပေ။ ရှောင်ညီအစ်ကို သုံးယောက်ကို သူမ တစ်ယောက်တည်းနှင့် မနိုင်နိုင်သည်မှာ အမှန်ပင်။
ရှောင်မိသားစုသည် ကံကောင်းသွားသည်ဟု ဆိုနိုင်သော်လည်း သူမသည် အလုပ်ကို ရောင်းလိုက်ပြီး သူတို့၏ အစီအစဉ်ကိုတော့ ဖျက်ဆီးနိုင်ခဲ့လေပြီ။
ထို့ပြင် ဟောက်ဖန်းဖန်းသည်လည်း ထွက်ပြေးသွားသော မိခင်ဖြစ်သူ၏ အရှက်ရဖွယ် သတင်းဆိုးကြီးကို ထမ်းပိုးထားရပြီ ဖြစ်သည့်အတွက် ရှောင်မိသားစုအတွင်းသို့ လက်ထပ်ဝင်ရောက်ပြီးနောက် မည်သို့သော ဆက်ဆံမှုမျိုးကို ရရှိမည််ဆိုသည်မှာ စိတ်ဝင်စားစရာပင်။
သြော်.. သူမသည်လည်း နယ်ဘက်သို့ သွားရဦးမည် မဟုတ်လား။
ကျန်းမင်ထန်၏ အိမ်ရှိ ပစ္စည်းအကုန်လုံးကိုလည်း သူမ ရှင်းလင်းယူဆောင်ခဲ့ပြီးပြီ ဖြစ်သည်။ သူမ ထွက်လာချိန်တွင် သူ၏ အိတ်ကပ်ထဲ၌ ငွေစက္ကူနှစ်ရွက်သာ ကျန်ခဲ့ပြီး ၎င်းကိုလည်း သူမ ယူဆောင်လာခဲ့သေး၏။
သူသည် ယွမ် ၁၀၀၀ လိုနေသည်ဟု ဆိုသော်လည်း သူ ဘယ်နေရာမှ ရှာပေးနိုင်မည်လဲဟူ၍ သူမ တွေးမိလိုက်သည်။
နယ်ဘက်သို့သာ သွားလိုက်တော့မည်။ သူတို့၏ ရွံရှာဖွယ်ကောင်းသော မျက်နှာများကို ဆက်ကြည့်နေရန်အတွက် သူမ၌ စိတ်ရှည်မှုများ မရှိနေတော့ပေ။
သူမ စောစောရောက်လာခဲ့မိပြီဟု ထင်ထားခဲ့သော်လည်း ဤရထားပေါ်တွင် ဘာကြောင့် လူတွေ အများကြီး ရောက်နေကြသလဲ ဆိုသည်ကို တွေးမိလိုက်၏။ သူမ ထိုသို့တွေးတောရင်း ရထားဖြင့် လိုက်ပါသွားခဲ့တော့သည်။
***