သူမသည် သူမ၏လက်ထဲရှိ လက်မှတ်ကို တစ်ချက်ကြည့်ကာ သတ်မှတ်ထားသော နေရာတွင် ဝင်ထိုင်လိုက်သည်။
သူမတွင် ပစ္စည်းအများကြီး မပါလာဘဲ ရေနွေးအိုးတစ်လုံး၊ လက်ဖက်ရည်ခွက်တစ်ခု၊ ထမင်းချိုင့်အချို့၊ အိပ်ရာခင်းတစ်စုံနှင့် အဝတ်အစားအချို့သာ ပါဝင်သည်။
အိတ်ကြီးအိတ်ငယ်များ သယ်ဆောင်လာကြသော အခြားသူများနှင့် ယှဉ်လျှင် သူမ၏ အထုပ်အပိုးမှာ ပေါ့ပါးလှသော်လည်း ခရီးစဉ်ကတော့ အတော် ရှည်လျားဦးမည်။
ဘေးနားတွင် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဆိုလိုက်၏။
“သမီးလေး.. အထဲဘက်ကို နည်းနည်းလောက် တိုးပေးပါဦး၊ အဒေါ် ခဏလောက် ထိုင်ချင်လို့ပါ။ မတ်တတ်ရပ်နေရတာ ခါးတွေလည်း နာလှပြီ။”
ကျန်းမန်မန်၏ ထိုင်ခုံသည် ပြတင်းပေါက်ဘေးတွင် မဟုတ်ပေ။ ယခင်ကဆိုလျှင် သူမသည် ရွေးချယ်ခွင့်ရှိတိုင်း ပြတင်းပေါက်ဘေးထိုင်ခုံကိုသာ ရွေးချယ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ရွေးချယ်စရာ မရှိတော့ပေ။ လူသုံးယောက်ထိုင်ရမည့် ခုံတန်းရှည်ပေါ်တွင် လူလေးယောက်ပင် ဖြစ်နေခဲ့လေပြီ။
အထဲဘက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦး ထိုင်နေကြပြီး သူမ၏ဘေးတွင်တော့ မိန်းကလေးငယ်တစ်ဦး ထိုင်နေခဲ့သည်။
သူတို့လေးဦးသည် ငါးသေတ္တာဘူးထဲမှ ငါးများကဲ့သို့ ပူးကပ်စွာ ထိုင်နေကြရခြင်း ဖြစ်၏။
သူမ၏ ထိုင်ခုံနေရာမှာ တစ်ဝက်ခန့်သာ ကျန်ရှိနေတော့သည်။
သူမ၏ဘေးရှိ ကျေးလက်သို့သွားမည့် ပညာတတ်လူငယ် မိန်းကလေးသည်လည်း သူမကိုကြည့်ကာ စိတ်ပျက်လက်ပျက် ပြုံးပြနေခဲ့သည်။
ထိုမိန်းကလေးက သူမ၏လက်မှတ်ကို ထုတ်ပြလိုက်ရာ ၎င်းမှာ အလယ်ခုံဖြစ်နေခဲ့သည်။ ဆိုလိုသည်မှာ အထဲဘက်ရှိ အမျိုးသမီးနှစ်ဦးက နေရာအပိုယူထားကြခြင်းဖြစ်၏။
ကျန်းမန်မန်သည် ရန်ဖြစ်ရန် ပျင်းရိနေသဖြင့် ဖြစ်သလိုပင် တိုးဝှေ့ထိုင်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုအချိန်မှာပဲ အခြားသော အဒေါ်ကြီးတစ်ဦးက ဝင်ရောက်ပြောဆိုလာပြန်၏။
လူများဖြင့် ပြည့်နေသော လူသွားလမ်းကိုကြည့်ရင်း ကျန်းမန်မန် စိတ်ထဲမှသာ သက်ပြင်းချမိလိုက်တော့သည်။
“အဒေါ်.. ဒီမှာ နေရာမရှိတော့ဘူးရှင့်။ အဒေါ် မတ်တတ်ပဲ ရပ်ရလိမ့်မယ်။”
ထိုအမျိုးသမီးက ချက်ချင်းပင် ပြန်ပြောလာ၏။ “သမီး ထလိုက်လေ၊ အဒေါ် နေရာရအောင် တိုးပေးမယ်။”
သူမသည် ကလေးတစ်ယောက်ကို လိမ်ညာနေသည်လား။
အကယ်၍ သူမ ထရပ်လိုက်လျှင် ပြန်ထိုင်နိုင်ဦးမည်လား။
“မလိုပါဘူးရှင့်။”
“ဟေး.. ကောင်မလေး၊ ငါက ကူညီမလို့ ပြောနေတာကို၊ နင်က ဘာလို့ ဒီလောက်တောင် ကျေးဇူးမသိတတ်ရတာလဲ။ နင် ခဏလောက် ထပေးစမ်းပါ၊ ငါ နေရာလုပ်ပေးနိုင်တာ သေချာတယ်။”
ကျန်းမန်မန်သည် စည်းကမ်းမရှိသော လူများကို အလွန် မုန်းတီးသည်။ “အဒေါ်.. ကျွန်မ အဆင်ပြေတယ်လို့ ပြောနေတယ်လေ။ အခုအတိုင်းပဲ နေနိုင်ပါတယ်။”
သူမ ထိုသို့ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသမီးက သူမ၏အပေါ်သို့ မှီချလိုက်ကာ သူမ၏ ပေါင်ပေါ်သို့ တိုက်ရိုက်ထိုင်ချရန်အထိ ကြိုးစားလာတော့သည်။
ယနေ့တော့ ကံဆိုးမိုးမှောင်ကျလေပြီ။ ဤကဲ့သို့သော နှောင့်ယှက်သူမျိုးနှင့် လာတွေ့နေရသည်။
“အဒေါ်.. ကျွန်မအပေါ်ကို တက်ထိုင်မိနေပြီလေ!”
ထိုအမျိုးသမီးကတော့ သူမ၏ ပေါင်ပေါ်သို့ တစ်ကိုယ်လုံး ပစ်တင်ကာ ထိုင်ချလိုက်တော့၏။
ထိုင်ခုံဘေးတွင် လက်တင်စရာ နေရာမရှိပေ။ ရှိခဲ့လျှင်တောင် သူမ၏ဘေးတွင် တစ်စုံတစ်ဦး လာထိုင်သည်ကို သူမ အလိုမရှိသည့်အတွက် ယခုကဲ့သို့ သူမ၏ ပေါင်ပေါ် တိုက်ရိုက်ထိုင်ချခြင်းမျိုးကို ပို၍ သည်းမခံနိုင်ပေ။
သူမသည် သူမ၏ အိတ်ထဲသို့ လက်နှိုက်လိုက်သော်လည်း တကယ်တမ်းတွင်တော့ အာကာသထဲမှ တစ်ဝက်တစ်ပျက် ထိုးထားသော သိုးမွေးပဝါတစ်ခုကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ မူလက ရှောင်ဝမ်ရွှမ်အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် အသုံးဝင်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူမသည် ရှည်လျားသော သိုးမွေးထိုးအပ်ဖြင့် ထိုအမျိုးသမီး၏ ခါးအောက်ပိုင်းကို တန်းတန်းမတ်မတ် ထိုးစိုက်လိုက်တော့သည်။
“အား... ဟဲ့ ကောင်မလေး၊ နင် လူကို ဘာလို့ ဒီလို ထိုးရတာလဲ?!”
ကျန်းမန်မန်သည် အားလျှော့မပေးခဲ့သည့်အတွက် ထိုအပ်ဖြင့်ထိုးလိုက်သည့်တစ်ချက်က သွေးထွက်သည်အထိ ပြင်းထန်သွားခဲ့သည်။
“သြော်.. အဒေါ့်ကို ထိုးမိသွားတာလား။တောင်းပန်ပါတယ်။ ကျွန်မကသိုးမွေးထိုးနေတာ တစ်ဝက်လောက်ပဲ ပြီးသေးတယ်။ အချိန်ရတုန်းလေး ဆက်ထိုးလိုက်ဦးမယ်လို့ စဉ်းစားနေတာ။ အဒေါ် အဝေးမှာ နေတာ ကောင်းမယ်နော်၊ နောက်တစ်ခါ ထပ်ထိုးမိရင်တော့ ကျွန်မက တောင်းပန်နေမှာ မဟုတ်ဘူး။”
“အား.. နာလိုက်တာ! နင် ငါ့ကို ထိုးလိုက်တာပဲ၊ နင် ငါ့ကို လျော်ကြေးပေးရမယ်! ငါ မတ်တတ်မရပ်နိုင်တော့ဘူး၊ မြန်မြန် ထိုင်ခုံပေးစမ်း!”
ယခု သူမက အကြောင်းအရာက်ို ပြောင်းပြန်လှန်ပြောနေပြီး လိမ်ညာကာ သနားစရာကောင်းအောင် လုပ်နေပြန်သည်။
“ကယ်ကြပါဦး! ရထားရဲတွေကို ခေါ်ပေးကြပါ! ဒီမှာ သူခိုးမကြီး - သူမက ကျွန်မပိုက်ဆံတွေကို ခိုးသွားလို့ပါ! အရှက်ကင်းမဲ့တဲ့ မြေခွေးမကြီး၊ အသက်ကြီးတာကို အကြောင်းပြပြီး ကျွန်မကို နှိမ်ချင်တာလား။ ကျွန်မက ထိုင်ခုံမပေးတော့ ကျွန်မပေါ်ကို အတင်းထိုင်ချတယ်၊ အခုကျတော့ ကျွန်မက သူ့ဆီက ခိုးပါတယ်ဆိုပြီး စွပ်စွဲနေပြန်တယ်။ အဒေါ့်ကို လက်ထပ်ရတဲ့သူကတော့ ရှစ်ဘဝစာလောက် ကံဆိုးမိုးမှောင်ကျလို့ ဖြစ်မှာပဲ။ ဘယ်သူမှ မလိုချင်တဲ့ အဘွားကြီးပဲ၊ အကျင့်လည်း အရမ်းယုတ်တယ်၊ အခု ကျွန်မအပေါ် လာရမ်းကားနေပြန်ပြီ။”
ထိုအမျိုးသမီးလည်း ဤမိန်းကလေးငယ်သည် ဤမျှအထိ ပြောရဲဆိုရဲရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် သူမကို "ဘယ်သူမှ မလိုချင်သူ" ဟု ခေါ်ဝေါ်လိုက်ခြင်းကြောင့် ဒေါသများ အလိပ်လိုက် ထွက်သွားခဲ့တော့သည်။ သူမသည် လက်ကိုမြှောက်ကာ ကျန်းမန်မန်၏ ပါးကို ရိုက်ရန် ကြိုးစားလေတော့သည်။
သို့သော် ကျန်းမန်မန်က သူမ၏ လက်ကောက်ဝတ်ကို လေထဲတွင်ပဲ ဖမ်းဆုတ်ပစ်လိုက်ပြီး သူမကို ပြန်ရိုက်လိုက်တော့သည်။
“အဒေါ်က ကျွန်မကို ရိုက်ချင်တာလား?!”
ထိုအမျိုးသမီးကတော့ ပါးရိုက်ခံလိုက်ရသဖြင့် မှင်တက်သွားကာ အော်ဟစ်ငိုယိုပြတော့၏။
“အား.. သူမ ငါ့ကို ရိုက်တယ်! သူမ ငါ့ကို အနိုင်ကျင့်နေတယ်!”
ထိုအချိန်တွင် ရထားရဲများ ရောက်ရှိလာကြ၏။ သူတို့သည် တစ်နေကုန်လုံး ဤကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေရသူများ ဖြစ်သည်။
“ဘာတွေ ဖြစ်နေတာလဲ။”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ထိုင်နေရာမှ ထရပ်ကာ ကျန်းမန်မန်ကို လက်ညှိုးထိုးပြလိုက်သည်။
“သူမက ကျွန်မကို ရိုက်တယ်၊ အပ်နဲ့လည်း ထိုးတယ်! သူမက လူကြီးသူမကို လုံးဝ မလေးစားဘူး - တကယ့်ကို ဆိုဆုံးမမှုမရှိတဲ့ ကောင်မလေးပဲ!”
ရဲအရာရှိက မျက်မှောင်ကြုတ်လျက် သိုးမွေးထိုးအပ်ကို ကိုင်ထားသော ကျန်းမန်မန်ကို ကြည့်လိုက်သည်။
“ရဲဘော်.. သူမပြောတာ အမှန်ပဲလား။”
“ဟုတ်ကဲ့၊ အမှန်ပါပဲ။”
“တွေ့လား။ သူမ ဝန်ခံတယ်! သူမကို မြန်မြန်ဖမ်းသွားပါ။ အချုပ်ခန်းထဲမှာ ထည့်ထားပြီး သူမလုပ်ခဲ့တာတွေကို ပြန်ပြီး ဆင်ခြင်ခိုင်းလိုက်!”
ကျန်းမန်မန်က နှာခေါင်းရှုံ့လျက် ပြောလိုက်၏။ “ကျွန်မ သူမကို ထိုးလိုက်တာက သူမက ကျွန်မဘေးမှာ မတ်တတ်ရပ်နေရုံတင်မကဘဲ ကျွန်မရဲ့ ပေါင်ပေါ်ကို တိုက်ရိုက်ကြီး ထိုင်ချလိုက်လို့ပါ။ ရဲဘော်.. ပြောပါဦး၊ ကျွန်မ သူ့ကို ထိုးသင့်သလား၊ မထိုးသင့်ဘူးလား။”
ရဲအရာရှိသည် ထိုအမျိုးသမီးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူမကတော့ သူမ၏ ခါးကို ကိုင်လျက် နာကျင်စွာ ညည်းတွားနေခဲ့၏။
“ရဲဘော်.. ကျွန်မက ခါးတွေ အရမ်းနာနေလို့ သူမအပေါ် နည်းနည်းလေး မှီမိရုံပါ၊ သူမက လုံးဝ နေရာမဖယ်ပေးဘူးလေ။ ဒါက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ!”
ကျန်းမန်မန်၏ဘေးရှိ မိန်းကလေးငယ်က မတ်တတ်ရပ်လိုက်ပြီး သက်သေထွက်ဆိုပေးလိုက်၏။ “ရဲဘော်.. ဒီအဒေါ်ကြီးက ဒီဖက်က ရဲဘော်မလေးရဲ့ ပေါင်ပေါ်ကို အတင်းထိုင်ချလိုက်တာ ကျွန်မကိုယ်တိုင် မြင်ပါတယ်။”
“ငါက အဲ့ဒီလောက်လည်း မဝပါဘူး။ ခဏလောက် ထိုင်တာ ဘာဖြစ်သွားမှာမို့လို့လဲ။”
အခုတော့ သူမက တရားမျှတသွားပြန်သည်။
“ဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ ကျွန်မခြေထောက်က အဒေါ်ထိုင်ဖို့အတွက် ထိုင်ခုံမဟုတ်ဘူး။ ကျွန်မ ပေါင်ပေါ်ကို ထိုင်ဖို့ ဘယ်သူက အခွင့်အရေးပေးထားလို့လဲ။ ကျွန်မက အထိုင်မခံတော့ အဒေါ်က ကျွန်မကို ရိုက်ဖို့ ကြိုးစားတယ်လေ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံတင်ပါ။”
ယခုအခါတွင်တော့ ရဲအရာရှိက အခြေအနေကို အပြည့်အဝ နားလည်သွားပြီး ထိုအမျိုးသမီးကို ကြည့်ကာ စကားပင် မဆိုနိုင်တော့ပေ။
သို့သော်လည်း ထိုအမျိုးသမီးကတော့ ကျန်းမန်မန်ကို လက်ညှိုးထိုးလျက် ပြောလိုက်ပြန်၏။
“ဘာပဲဖြစ်ဖြစ်.. ငါက နင့်ကို မရိုက်ရသေးဘူး၊ နင်က ငါ့ကို အရင်ရိုက်လိုက်တာလေ။ အဲ့ဒီတော့ နင် ငါ့ကို လျော်ကြေးပေးရမယ်! ပိုက်ဆံပေးစမ်း!”
ကျန်းမန်မန်သည် ကိစ္စကို ဤမျှလောက်အထိ ကြီးကျယ်အောင် လုပ်ရန် အစီအစဉ်မရှိခဲ့သော်လည်း ဤအမျိုးသမီးကတော့ အလွန်ပင် ယုတ်မာရိုင်းစိုင်းကာ ဒေါသထွက်ဖွယ် ကောင်းနေခဲ့သည်။
“ရဲဘော်.. ဒါကို ဘယ်လိုမြင်ပါသလဲ။”
ရဲအရာရှိကတော့ မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။ “မင်း သူမကို မရိုက်သင့်ဘူးလေ။ ဒီလိုလုပ်ပါ - မင်း သူမကို တောင်းပန်လိုက်ပြီး လျော်ကြေးငွေ ယွမ် ၁၀ လောက်ပေးလိုက်။ ဒီလိုလုပ်ပြီး ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်။”
ကျန်းမန်မန် ခေါင်းညိတ်ပြလိုက်သော်လည်း ဆက်၍ ပြောလိုက်သေးသည်။
“ဒါဆိုရင် ကျွန်မခြေထောက်ပေါ်ကို အတင်းထိုင်ခဲ့တဲ့အတွက် သူမက ကျွန်မကို အရင်ဆုံး မတောင်းပန်သင့်ဘူးလား။”
ရဲအရာရှိလည်း ဝေခွဲမရ ဖြစ်သွားတော့သည်။ “သူမဘက်က မှားတာ ရှိကောင်းရှိနိုင်ပေမဲ့ မင်းက သူမကို အပ်နဲ့ ထိုးလိုက်တယ်လေ။ ဒါက တကယ်ကို ထိခိုက်ဒဏ်ရာရသွားစေတာဆိုတော့ မင်းမှာ အပြစ်ရှိတယ်။ ပြီးတော့ မင်း သူ့ကို ရိုက်ခဲ့တာကလည်း အမှန်ပဲ။ အဲ့ဒီတော့ ယွမ် ၁၀ ပေးပြီး ဒီကိစ္စကို အပြတ်ဖြတ်လိုက်ပါ။”
ကျန်းမန်မန် မယုံကြည်နိုင်စွာ ရယ်မောလိုက်မိသည်။ ဤရဲအရာရှိအပေါ် သူမ၏ အမြင်မှာ လုံးဝ ပျက်စီးသွားခဲ့လေပြီ။
“ရဲဘော်.. ကျွန်မ မေးပါရစေဦး။ ဒီအဒေါ်ကြီးနဲ့ ရဲဘော်က ဘာတော်တာလဲဟင်။ ရဲဘော်က သူမဘက်ကနေ ကာကွယ်ပေးနေတဲ့အတွက် ကျွန်မ အထက်ကို တိုင်ပါရစေ။”
လူငယ်ရဲအရာရှိက မျက်မှောင်ကြုတ်ကာ တည်တင်းသော အမူအရာဖြင့် ပြောလိုက်၏။
“ရဲဘော်.. ဒီလိုစွပ်စွဲဖို့ဆိုတာ သက်သေလိုတယ်နော်။ မင်းက သိသိသာသာကို မှားနေတာပဲ - ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း မရှိရတာလဲ။”
ကျန်းမန်မန်၏ ဒေါသမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။ “ကျွန်မက မှားတယ် ဟုတ်လား။ ကျွန်မရဲ့ ပေါင်ပေါ်ကို အတင်းတက်ထိုင်တာကို ခွင့်မပြုတာက မှားတာလား။”
“မင်း သူမကို စကားနဲ့ ပြောလို့ ရတာပဲ။ အပ်နဲ့ထိုးတာကတော့ စည်းကျော်သွားတာပေါ့!”
“ကျွန်မသာ သူမကို အပ်နဲ့ မထိုးရင် သူက ထိုင်ရာကနေ ထမှာလား?!”
ကျန်းမန်မန် ပြန်လည် ငြင်းခုံလိုက်၏။ ထိုအမျိုးသမီးကတော့ အောင်နိုင်သူအလား မျက်လုံးများကို ကစားပြလျက် ဆိုလိုက်သည်။
“နင်သာ ကောင်းကောင်းမွန်မွန် ပြောရင် ငါက ဖယ်ပေးမှာပေါ့! အခုတော့ နင်က အရင်ဆုံး အပ်နဲ့ထိုးတာလေ။ နင့်လို မိန်းကလေးမျိုးက သေနတ်နဲ့ ပစ်သတ်ခံရဖို့ပဲ တန်တယ်။ နင့်ကို အချုပ်ထဲ ထည့်ထားသင့်တယ်။ ငယ်ငယ်လေးနဲ့ ဒီလောက်တောင် ရက်စက်ရလား!”
ထိုစဉ်မှာပင် ဆူညံသံများ ကြာရှည်နေသည်ကို သတိပြုမိသဖြင့် ဝါရင့်ရဲအရာရှိတစ်ဦးက လျှောက်လာတော့သည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။”
လူငယ်ရဲအရာရှိက အခြေအနေကို ရှင်းပြပြီးနောက် ကျန်းမန်မန်ကို လက်ညှိုးထိုးပြလိုက်၏။
“ကျွန်တော့်အထင်တော့ ဒီအမျိုးသမီးရဲဘော်လေးရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အသိတရားက တော်တော်လေးကို ချို့ယွင်းနေတာပဲ!”
***