“အခြေအနေတွေက နည်းနည်းတော့ ခက်ခဲမယ်ဆိုပေမဲ့၊ အချင်းချင်း တိုးဝှေ့ပြီး နေလို့ရပါတယ်။ အခန်းထဲက ခုတင်က အတော်ကျယ်တယ် - ငါးယောက်လောက် အေးအေးဆေးတေး ဆန့်နိုင်ပါတယ်။”
ဤရဲဘော်လီဆိုသူ ရုတ်တရက် ဘာကြောင့် စိတ်အဆင်မပြေဖြစ်နေသည်ကို မည်သူမျှ သေချာမသိပေ။
အတွင်းရေးမှူးကျောက်သည် စကားပြောဆိုခဲ့ပြီးနောက် ကျန်းမန်မန်နှင့် အခြားသူများကို သူတို့၏ အထုပ်အပိုးများ သယ်ဆောင်လာရန် အချက်ပြလိုက်၏။ ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့ ပစ္စည်းများကို အိမ်ထဲသို့ သယ်လာကြရာ ထိုအခန်းသည် အမှန်တကယ်ပင် မကျယ်ဝန်းလှသည်ကို တွေ့လိုက်ရသည်။
လူငါးယောက် ထိုခုတင်ပေါ်တွင် တိုးဝှေ့အိပ်မည်ဆိုလျှင် ဆန့်ရုံအနေအထားသာ ရှိလိမ့်မည်။ သူမတို့သည် အထုပ်အပိုးများကို ချထားပြီးနောက် အိပ်ရာခင်းများကိုထုတ်၍ ခင်းကျင်းလိုက်ကြသည်။
ကျန်းမန်မန်ကို ယခုနက ရန်လိုသောအကြည့်ဖြင့် ကြည့်ခဲ့သော အမျိုးသမီး ပညာတတ်လူငယ်ကတော့ တံခါးဝတွင်ရပ်လျက် စိတ်မရှည်သော လေသံဖြင့် ပြောဆိုလိုက်၏။
“ဒီနေရာက အရင်ကတည်းက ကျဉ်းကျဉ်းလေး။ အခု ရှင်တို့နှစ်ယောက်ပါ ထပ်ရောက်လာတော့ အိပ်ရာဘေးမှာ ဗီရိုလေးထားဖို့တောင် နေရာလွတ်မရှိတော့ဘူး။ အချို့လူတွေကလည်း ဝလိုက်တာမှလွန်ရော - ရှင်က အရင်းရှင်တစ်ယောက်ယောက်ရဲ့ အလိုလိုက်ခံထားရတဲ့ သမီးလား။”
ကျန်းမန်မန်သည် သူမ၏ ရန်လိုသောအကြည့်ကို ကြိုတင်သတိပြုမိထားပြီး ဖြစ်သော်လည်း ယခုတော့ သူမ၏ စကားများကိုပါ ကြားလိုက်ရလေပြီ။
၎င်းသည် သူမကို တိုက်ရိုက်ရည်ရွယ်ပြီး ပြောဆိုနေခြင်း မဟုတ်လား။
“ရဲဘော်.. ကျွန်မက ဝချင်ဝနေမယ်၊ ဒါပေမဲ့ ရဲဘော်တို့အိမ်က ဆန်ကို စားပြီး ဝလာတာတော့ မဟုတ်ဘူးနော်။ ပြီးတော့ ကျွန်မက အရင်းရှင်တစ်ယောက်ယောက်ရဲ့ သမီးလည်း မဟုတ်ပါဘူး - ကျွန်မက ကျဆုံးသူရဲကောင်းစစ်သည်မိသားစုက သမီးပါ။ ကျွန်မအမေ ဆုံးပြီးတဲ့နောက် အဖေက နောက်အိမ်ထောင်ပြုခဲ့တယ်။ ကျွန်မရဲ့ မိထွေးက ကျွန်မအပေါ် အရမ်းကောင်းလွန်းလို့ အခုလို ဝလာတာပါ။”
လီဟုန်မေ့က မျက်လုံးလှန်ပြရင်း ဆိုလိုက်၏။ “လောကမှာ ကောင်းတဲ့မိထွေးဆိုတာဘယ်နှယောက် ရှိလို့လဲ။ ကျွန်မ အမြင်ကို ပြောရရင် ရှင်က ဒီလောက်တောင် ဝနေတာဆိုတော့ ကျွန်မတို့နဲ့ တစ်ခုတင်တည်း အတူတူမအိပ်သင့်ဘူး။ အစက ငါးယောက်ဆိုရင် နေရာလေး နည်းနည်းကျန်သေးတယ်၊ အခုတော့ ငါးယောက်အိပ်တာက ခြောက်ယောက်အိပ်သလို ဖြစ်နေပြီ။ လှည့်လို့တောင် ရမှာမဟုတ်တော့ဘူး။”
ကျန်းမန်မန် - "... "
သူမသည် ဝနေရုံမျှဖြင့် ဤမျှအထိ အနှိမ်ခံနေရသည်လား။
အခြားသော အမျိုးသမီး ပညာတတ်လူငယ်တစ်ဦးက ဝင်လာပြီး လီဟုန်မေ့၏ ပခုံးကို အသာအယာပုတ်လိုက်သည်။
“တော်လိုက်တော့။ အတွင်းရေးမှူးကျောက်က အပြင်မှာ ရှိနေသေးတယ်။ ကျွန်မတို့ အရင်က သဘောတူထားကြပြီးသား မဟုတ်လား။ ခဏလောက်တော့ တိုးဝှေ့ပြီး နေကြတာပေါ့။”
လီဟုန်မေ့က နောက်တစ်ကြိမ် မျက်လုံးလှန်ပြပြန်၏။ “ဟုတ်ပါတယ်.. သဘောတူခဲ့တာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်က ဒီလောက်ကြီး ဝနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူမက လူနှစ်ယောက်စာလောက် ရှိတာလေ။ အစကတည်းက ကျပ်နေတာကို အခုတော့ ပိုဆိုးသွားပြီ။”
သူတို့အားလုံးသည် သူမကို ကြိုဆိုပုံမရဘဲ အခြားမိန်းကလေးနှစ်ဦးတွင်လည်း ခင်မင်ပျူငှာသော မျက်နှာအမူအရာ မရှိနေသည်ကို မြင်သောအခါ ကျန်းမန်မန် အပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။ သူမသည် မပြန်သေးသော အတွင်းရေးမှူးကျောက်ထံသို့ သွားကာ ဆိုလိုက်သည်။
“အတွင်းရေးမှူးကျောက်... အမျိုးသမီးအဆောင်က တကယ်ကို အရမ်းကျပ်နေလို့ပါ။ ရွာထဲမှာ အခန်းငှားလို့ရမယ့် အိမ်များ ရှိမလား။”
အတွင်းရေးမှူးကျောက်သည် ဤအမျိုးသမီး ပညာတတ်လူငယ်များက အတော်ပင် ပြဿနာများလှသည်ဟု တွေးမိသွားခဲ့သည်။ ထို့နောက် သူသည် ကျန်းမန်မန်၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်လိုက်ပြီး ခုတင်၏ အခြေအနေကို စဉ်းစားကြည့်လိုက်မိရာ အမှန်တကယ်ပင် ကျဉ်းကျပ်နေမည်မှာ သေချာသည်။
“ရွာသားတစ်ယောက်ရဲ့ အိမ်မှာ အခန်းငှားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသမီး ပညာတတ်လူငယ် တစ်ယောက်တည်းအတွက်ဆိုရင်တော့ သိပ်ပြီး အဆင်မပြေလောက်ဘူး ထင်တယ်။”
ထန်ရှောင်မင်သည်လည်း သူမ၏ နောက်သို့ လိုက်ထွက်လာပြီး မျက်လုံးများ တောက်ပစွာဖြင့် ဆိုလိုက်၏။ “ကျွန်မကိုလည်း ထည့်တွက်လိုက်ပါ၊ ကျွန်မလည်း ရဲဘော်ကျန်းနဲ့အတူ နေပါ့မယ်။”
စကားပြောပြီးနောက် သူမသည် ကျန်းမန်မန်ကို တစ်ချက်ကြည့်လိုက်သည်။ ရဲဘော်လီ၏ ရန်လိုမှုမှာ အတော်လေး သိသာထင်ရှားနေသည်ကို သူမလည်း ခံစားမိ၏။ ထိုရန်လိုမှုက သူမကို တိုက်ရိုက်ဦးတည်နေခြင်း မဟုတ်သော်လည်း၊ အတွေ့အကြုံရှိပြီးသား စီနီယာ မိန်းကလေးသုံးယောက်နှင့် အမျိုးသား ပညာတတ်လူငယ်များ ပြည့်နေသည့် ဤဝင်းထဲတွင် သူမတစ်ယောက်တည်း မကျန်ခဲ့လိုပေ။
သူမအနေဖြင့် ငွေအနည်းငယ် ပိုကုန်ရလျှင်တောင် ရဲဘော်ကျန်းနှင့်အတူ ပြောင်းရွှေ့နေထိုင်ချင်သည်။ ဤနေရာမှ ပြဿနာများကြားထဲတွင် သူမ ပါဝင် မပတ်သက်ချင်ပေ။
“ရဲဘော်ကျန်း.. ကျွန်မကိုပါ တစ်ခါတည်း ခေါ်သွားပါနော်။ ကျွန်မတို့ နှစ်ယောက်ဆိုရင် ပိုပြီးတော့ ဘေးကင်းမှာပါ။”
ကျန်းမန်မန်ကတော့ စိတ်ထဲမထားပေ။ ယခုအချိန်အထိတော့ ဤရဲဘော်ထန်သည် လူကောင်းတစ်ယောက်ဟု ထင်နေရဆဲပင်။
သူမတို့နှစ်ဦးစလုံး သဘောတူသည်ကို မြင်သောအခါ၊ ရိက္ခာများ သယ်ယူပြီး ခုလေးတင် ပြန်ရောက်လာသော တပ်ဖွဲ့ခေါင်းဆောင်သည် အတွင်းရေးမှူးကျောက်နှင့် အကြည့်ချင်းဆုံသွားကြတော့သည်။
“တပ်ဖွဲ့ခေါင်းဆောင်.. ဘယ်လိုထင်လဲ။”
တပ်ဖွဲ့ခေါင်းဆောင်က ဆန်လုံးညို ၁၀ ပိဿာနှင့် ကန်စွန်းဥ ၁၀ ပိဿာကို ချထားရင်း ဆိုလိုက်၏။
“ဒါက ခင်ဗျားတို့ကိစ္စပါ။ ကျွန်တော်က ထုတ်လုပ်မှုအပိုင်းကိုပဲ တာဝန်ယူထားတာလေ။”
အတွင်းရေးမှူးကျောက်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်၏။
“ရွာထဲမှာ အိမ်လွတ်တစ်လုံးတော့ ရှိတယ်။ အရင်က ဆရာဝန်တစ်ယောက် နေခဲ့တဲ့အိမ်ပေါ့။ အဲ့ဒီဆရာဝန်က မနှစ်က အဲ့ဒီအိမ်ထဲမှာပဲ ဆုံးသွားတာ။ သူ့အလောင်းကိုတောင် ရက်အနည်းငယ်ကြာမှ တွေ့ကြတာလေ။ အဲ့ဒါကို မင်းတို့ စိတ်မရှိဘူးဆိုရင်တော့ အဲ့ဒီမှာ နေလို့ရပါတယ်။ တပ်ဖွဲ့ကို တစ်နှစ်လုံးကိိုမှ နှစ်ယွမ်ပဲ ပေးရမှာပါ။”
ကျန်းမန်မန် - "..."
အတွင်းရေးမှူးကျောက်၊ ဒီလောက်အထိ အသေးစိတ် ပြောပြဖို့ လိုအပ်ခဲ့သည်လား။
သူမနှင့် ထန်ရှောင်မင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ လူသေဖူးသည့်အိမ်ဆိုလျှင် အများစုက နိမိတ်မကောင်းဟု ယူဆတတ်ကြသည်။
“ကျွန်မကတော့ စိတ်မရှိပါဘူး။ ရဲဘော်ကရော။”
ထန်ရှောင်မင်သည် နှစ်စက္ကန့်ခန့် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်၏။
“ကျွန်မလည်း စိတ်မရှိပါဘူး။ တစ်ယောက်တည်း ကျန်ခဲ့မှာထက်စာရင် အတူတူသွားကြတာက ပိုကောင်းပါတယ်။ အိမ်ငှားခကိုလည်း နှစ်ယောက် မျှပေးကြတာပေါ့။”
အတွင်းရေးမှူးကျောက်သည် ဤမိန်းကလေးနှစ်ဦး ဤမျှလောက်အထိ သတ္တိရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကောင်းပြီလေ၊ ဒါဆို ငါ လိုက်ပို့ပေးမယ်။”
တပ်ဖွဲ့ခေါင်းဆောင်က သူမတို့၏ ရိက္ခာများကို လွှဲပြောင်းပေးပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ အတွင်းရေးမှူးကျောက်နှင့်အတူ လမ်းလျှောက် ထွက်ခွာခဲ့ကြသည်။
ကျန်ရှိနေသော ပညာတတ်လူငယ်များကတော့ ထိုမိန်းကလေးနှစ်ဦး အထုပ်အပိုးများဖြင့် ထွက်ခွာသွားသည်ကိုကြည့်ကာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။ စခန်းဝင်းကြီးသည်လည်း ယခင်အတိုင်း ပြန်လည် တိတ်ဆိတ်သွားတော့၏။
လီဟုန်မေ့ကတော့ သူတို့ထွက်သွားသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။ ထို့နောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် ခြေလှမ်းကျဲကျဲဖြင့် အထဲသို့ဝင်ကာ ပစ္စည်းတစ်ခုကိုဆွဲယူ၍ အပြင်ဘက်သို့ အပြေးအလွှား ထွက်လာခဲ့တော့သည်။
ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့သည် အတွင်းရေးမှူးကျောက်၏ နောက်မှလိုက်ရင်း ရွာ၏ အရှေ့ဘက်အစွန်းရှိ အိမ်တစ်လုံးရှိရာသို့ ရောက်လာခဲ့ကြ၏။ အိမ်သည် သိပ်မကြီးလှသော်လည်း ဝင်းခြံလေးတစ်ခုနှင့် ခြံစည်းရိုးလေး ရှိနေခဲ့သည်။
“ခြံထဲမှာ သီးသန့်စိုက်ခင်းလေးလည်း ပါတယ်၊ ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရတာပေါ့။ ဟိုဘက်မှာက မီးဖိုချောင်၊ ဒါက အလယ်ခန်း၊ ဟိုဘက်ကတော့ အိပ်ခန်း။ ဆရာဝန်ကြီးရဲ့ ဆေးခန်းလုပ်ခဲ့တဲ့ အခန်းလေးလည်း ရှိသေးတယ်၊ ဒါပေမဲ့ အထဲမှာ ဘာမှတော့ သိပ်မကျန်တော့ဘူး။ သန့်စင်ခန်းကတော့ ဟိုဘက် နံရံနားမှာ။ အိမ်က လွတ်နေတာ တစ်နှစ်လောက်ပဲ ရှိသေးတာဆိုတော့ သန့်ရှင်းရေးလုပ်လိုက်ရင် နေလို့ရပါပြီ။”
ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အတွင်းရေးမှူးကျောက်ထံသို့ ငွေတစ်ယွမ်စီ ကမ်းပေးလိုက်ကြသည်။ သူသည်လည်း သူမတို့အတွက် ပြေစာတစ်စောင် ရေးပေးခဲ့၏။
“ကဲ.. အိမ်ကို သန့်ရှင်းရေး လုပ်ကြတော့။ ဒီနေ့မှ ရောက်တာဆိုတော့ မနက်ဖြန်ကစပြီး ရွာသားတွေနဲ့အတူ အလုပ်ဆင်းရမယ်နော်။”
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးကျောက်။ ဒါနဲ့ စကားမစပ် ရွာထဲမှာ လက်သမားရှိလားဟင်။ ကျွန်မတို့ ထိုင်ခုံတွေ၊ စားပွဲတွေလိုမျိုး အခြေခံ ပရိဘောဂတချို့ လုပ်ချင်လို့ပါ။”
အမှန်တကယ်လည်း ဆရာဝန်ကြီး၏ အိမ်ဟောင်းသည် လုံးဝကို ဗလာကျင်းနေခြင်း ဖြစ်သည်။ ခုတင်ပေါ်မှခင်းသည့်အခင်းလည်းမရှိ၊ အိုးခွက်လည်းမရှိ၊ စားပွဲနှင့် ကုလားထိုင်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။ လုံးဝမရှိနေပေ။
သူမ၏ မေးခွန်းကို ကြားသောအခါ အတွင်းရေးမှူးကျောက်က ပြန်ဖြေလိုက်သည်။ “လျိုနန်တို့ မိသားစုက လက်သမားအလုပ် လုပ်ကြတယ်။ ဒါပေမဲ့ အခုက လယ်ယာအလုပ်များတဲ့ ရာသီဆိုတော့ ရက်နည်းနည်းလောက် စောင့်ရလိမ့်မယ်။ မြို့ထဲကို သွားဝယ်မယ်ဆိုရင်တော့ အသင့်လုပ်ပြီးသားတွေ ရှိတယ်။”
ထို့နောက် သူသည် ခြံစည်းရိုးတစ်ခုသာ ခြားထားသော ဘေးအိမ်ဘက်သို့ လှည့်၍ လှမ်းအော်လိုက်တော့၏။ “ကျိုးယဲ့! မင်းတို့အိမ်မှာ ပိုနေတဲ့ ခုံတွေ၊ စားပွဲတွေ ရှိရင် ဒီက မိန်းကလေးတွေအတွက် တစ်စုံလောက် လာပေးလိုက်ပါဦး။ သူတို့က မင်းအသက်ကို ကယ်ထားတာလေ!”
ထိုအခါမှ ကျန်းမန်မန်သည် ခေါင်းလှည့်ကြည့်လိုက်ရာ ခြံစည်းရိုးတစ်ခုသာ ခြားထားသော ဘေးအိမ်သည် ခုနက မြစ်ထဲမှအမျိုးသား၏ အိမ်ဖြစ်နေကြောင်း သတိပြုမိသွားတော့သည်။
သူမလည်း ဆွံ့အသွားပြီး လှမ်းကြည့်လိုက်မိ၏။ ကျိုးယဲ့သည် အဝတ်အစားများ လဲလှယ်ပြီးပြီဖြစ်ကာ သူ၏ ဆံပင်တိုတိုများကို သပ်ရင်း ခြေတံရှည်ကြီးများဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူသည် ကျန်းမန်မန်နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
ခေတ္တမျှ ကြောင်သွားပြီးနောက် ကျိုးယဲ့ အတွင်းရေးမှူးကျောက်ကို လှည့်ကြည့်ကာ ဆိုလိုက်၏။
“အတွင်းရေးမှူးကျောက်.. ဒီမိန်းကလေးနှစ်ယောက်ကို ဘာလို့ ဒီကို ခေါ်လာတာလဲ။ ဒါက ပညာတတ်လူငယ်အဆောင်မှ မဟုတ်တာ။”
အတွင်းရေးမှူးကျောက်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “အဆောင်က လူပြည့်နေပြီလေ။ သူတို့က ဒေါက်တာဝမ်ရဲ့ အိမ်အဟောင်းကို ငှားလိုက်ကြပြီ။ အခုကစပြီး သူတို့က မင်းရဲ့ ဘေးအိမ်မှာ နေကြတော့မှာဆိုတော့ နည်းနည်းပါးပါး ကြည့်ရှုစောင့်ရှောက်ပေးလိုက်ဦး။”
“ဘာ။ သူက ကျွန်တော့်ဘေးအိမ်မှာ နေမှာလား။”
ကျန်းမန်မန် - (ငါ အိမ်မငှားတော့ဘဲ နေလို့ရမလား။)
အတွင်းရေးမှူးကျောက်က မျက်လုံးလှန်ပြရင်း ဆိုလိုက်သည်။ “မင်းဘေးအိမ်မှာ နေတော့ ဘာဖြစ်လဲ။ ဒီမိန်းကလေးက မင်းအသက်ကို ကယ်ထားတာလေ။ မင်း သူမကို ဆန်ပိဿာ ၂၀ တောင် ပေးဖို့ ကျန်နေသေးတယ်လို့ ငါကြားထားတယ်။ အခု သူတို့ဘက်မှာ အိုးခွက်တွေ ဘာတွေလည်း မရှိသေးဘူးဆိုတော့ မင်းတို့အိမ်မှာပဲ လာချက်ခိုင်းလိုက်ရင် မကောင်းဘူးလား။”
ထို့နောက် ကျန်းမန်မန်ဘက်သို့ လှည့်၍ ပြောလိုက်ပြန်၏။
“ဒီနေ့ နေ့လယ်လောက် မြို့ထဲကိုသွားပြီး မီးဖိုချောင်သုံးပစ္စည်းတွေ သွားဝယ်လို့ရတယ်။ မနက်ဖြန် အလုပ်စဆင်းပြီဆိုရင်တော့ တစ်ပတ်ကို တစ်ရက်ပဲ နားရတော့မှာ။”
အတွင်းရေးမှူးကျောက် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းမန်မန်သည် အိမ်ကို သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်လိုက်သော်လည်း လီဟုန်မေ့ သူတို့ထံသို့ လျှောက်လာနေသည်ကို မြင်လိုက်ရပြန်သည်။
လီဟုန်မေ့က သူမတို့ကို လာရောက်ရန်စတော့မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ထားဘဲ လီဟုန်မေ့သည် ကျိုးယဲ့၏ ခြံဝင်းအတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလေတော့သည်။
***