ထိုမြင်ကွင်းအတွင်း၌ ဟာလာဟင်းလင်းဖြစ်နေသော ကွက်လပ်တစ်ခု ထွက်ပေါ်လာသည်။
ကျိချင်းကိုယ်တော်မှာ ယခုအခါ တာအိုဗုဒ္ဓအလင်းတန်းများ ဝန်းရံထားလျက် ငယ်ရွယ်သော်လည်း တကယ်ပင် တရားရရဟန်းမြတ်တစ်ပါး၏ အသွင်မျိုး ပေါက်နေတော့သည်။
သူသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် လျူမျိုးနွယ်ဝတ်ပြုကျောင်း ဝိညာဉ်နယ်မြေ၏ အဝင်ဝကို အတင်းအကျပ် ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။
ဒီကိုယ်တော်ကတော့ အတန်အသင့် အစွမ်းရှိသားပဲ ဟု လီယန်ချူ စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
ကျိချင်းကိုယ်တော်သည် ထိုဟင်းလင်းပြင်ကွက်လပ်ထဲသို့ အရှိန်အဟုန်ဖြင့် လှမ်းဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
လီယန်ချူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ၎င်းနောက်မှ ကပ်၍ လိုက်သွားခဲ့သည်။
ဒါက ယင်ယန်တိုက်ရိုက်ပဋိပက္ခဖြစ်နေတဲ့ အန္တရာယ်ရှိတဲ့နေရာပဲ... ကျန်းဝေ၏ မျက်နှာမှာ လေးနက်သွားကာ အလောတကြီး အော်ပြောလိုက်သည်။
"စီနီယာ... ကျနော့်ကို စောင့်ပါဦး "
သူတို့သုံးဦး ဝင်သွားပြီးနောက်တွင်မူ ထိုဟင်းလင်းပြင်ကွက်လပ်မှာ တဖြည်းဖြည်းနှင့် မူလအတိုင်း ပြန်ဖြစ်သွားပြီး ပတ်ဝန်းကျင်၏ လိမ်ရှုံ့နေသော မြင်ကွင်းများလည်း ပျောက်ကွယ်သွားတော့သည်။
ခုနကဖြစ်ပျက်ခဲ့သမျှမှာ ထင်ယောင်ထင်မှားများသဖွယ်ပင်။
ကောင်းကင်ယံမှာ မှင်ရည်ကဲ့သို့ မည်းမှောင်နေပြီး သွေးရောင်လမင်းတစ်စင်းမှာ ကောင်းကင်ထက်၌ မြင့်မားစွာ ချိတ်ဆွဲထားသည်။
ထိုစူးရှသော သွေးနီရောင်မှာ ကြည့်ရသူကို ကြက်သီးထစေလောက်သည်။
လီယန်ချူမှာ ကြောင်အသွားရသည်။
ဤနေရာမှာ တကယ့်ကို တခြားကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။
ယခုအခါ သူသည် သာမန်မြို့ကလေးတစ်မြို့ထဲသို့ ရောက်ရှိနေခြင်းပင်။
လှမ်းကြည့်လိုက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမည်းရောင်သမ်းနေပြီး ပုံသဏ္ဌာန်မကွဲပြားသော တောနက်ကြီးများနှင့် တောင်တန်းများက ဝန်းရံထားသည်။
အလွန်တရာ ဆိတ်ငြိမ်အေးစိမ့်လှပြီး လူကို ဝါးမြိုမည့် ထိတ်လန့်စရာ အရာတစ်ခုခု ပုန်းအောင်းနေသကဲ့သို့ပင်။
ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ သာမန်အရပ်သားနေအိမ်များသာဖြစ်ပြီး အလွန်ပင် ရိုးရှင်းလှသည်။
ကြည့်ရသည်မှာ သာမန်မြို့ကလေးတစ်မြို့နှင့် တူနေသည်။
လီယန်ချူ၏ မျက်လုံးများထဲတွင် စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ပေါ်လာပြီး အတွေးပေါင်းများစွာမှာ ဦးနှောက်ထဲတွင် ဖြတ်သန်းသွားတော့သည်။
သူသည် ဤမြို့ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သာမန်လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ချေပြီ။
တစ်ကိုယ်လုံးရှိ ပြင်းထန်လှသော သွေးချီစွမ်းအင်များနှင့် ထူထဲသော ကျင့်စဉ်စွမ်းအားများမှာ လုံးဝကွယ်ပျောက်သွားသည်။
ယင်ဝိညာဥ် အထွတ်အထိပ် အဆင့်ရှိသော ကျင့်ကြံမှုလည်း မရှိတော့ဘဲ ဝိညာဉ် မှာလည်း သာမန်လူတစ်ယောက်နှင့် ဘာမှမခြားတော့ပေ။
ဒီနေရာက စိတ်ဝင်စားဖို့ ကောင်းသားပဲ ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။
သူသည် အတွေးမျိုးစုံကို ပြန်လည်စုစည်းကာ ဤနေရာမှာ အိမ်မက်ဟင်းလင်းပြင် သို့မဟုတ် မိမိကိုယ်ပိုင် စည်းမျဉ်းများရှိသည့် ထူးခြားသော နယ်မြေတစ်ခုဖြစ်ကြောင်း လျင်မြန်စွာပင် ဆုံးဖြတ်လိုက်သည်။
ထိုနယ်မြေထဲသို့ ဝင်လာသူတိုင်းမှာ ဤစည်းမျဉ်းများ၏ ချည်နှောင်မှုကို ခံရမည်သာ ဖြစ်သည်။
သူသည် သူ၏ ဝိညာဉ်အတွင်းရှိ ခရမ်းရွှေရောင်စွမ်းအင် နှင့် လျှို့ဝှက်ဆန်းကြယ်သော မီးနတ်ဘုရားဂါထာတော် တို့ကို ဆက်သွယ်ရန် ကြိုးစားကြည့်ရာ ဆက်သွယ်မှု ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုမျှမကသေး...
သူ့ကိုယ်ပေါ်တွင် မည်သည့်ပစ္စည်းမှ မပါတော့ဘဲ ကျန့်ကျောင်းဓား နှင့် ရှစ်ခွင်မှန် တို့လည်း ပျောက်ကွယ်သွားသော်လည်း၊ သူ၏ အာရုံထဲတွင်မူ ထိုနတ်လက်နက်များအားလုံးမှာ သူ၏ အသိစိတ်အာရုံ ထဲတွင် ရှိနေကြောင်း တစ်ခဏချင်းမှာပင် သိလိုက်ရသည်။
ဓားသွားမှာ ချောမွေ့လှပပြီး တန်ခေတ်ဓား ပုံစံရှိသော ကျန့်ကျောင်းဓား
ဖြူလွလွအလင်းများ တောက်ပနေသော ရှစ်ခွင်မှန်
ဆုတောင်းမေတ္တာပို့သရာတွင် သုံးသော ဒိုချန်ပုတီးစေ့ နှင့်အစီရင်ဝတ်စုံ တို့မှာ အသိစိတ်ထဲတွင် ငြိမ်သက်စွာ လွင့်မျောနေကြသည်။
ထို့ပြင် ရှေးဟောင်း တံဆိပ်တော် တစ်ခုနှင့် လိမ္မော်ဝါရောင် အလံတော် တစ်ခုလည်း ရှိနေသေးသည်။
သူသည် စိတ်ကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ဤအစွမ်းထက်လှသော နတ်လက်နက်များကို အချိန်မရွေး အသုံးပြုနိုင်ကြောင်း ခံစားမိသည်။
ထိုသို့ အသုံးပြုလိုက်သည်နှင့် သူ၏ကိုယ်ပေါ်ရှိ ချည်နှောင်မှုများကို ဖြိုခွဲကာ ဤနေရာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
ဒီနေရာရဲ့ ကန့်သတ်ချက်က သိပ်မကြီးလှပါဘူး
ဟု လီယန်ချူ စိတ်ထဲမှ တွေးလိုက်သည်။
သူသည် ထိုအစွမ်းထက်နတ်လက်နက်များကို အသုံးပြုရန် မရည်ရွယ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုလက်နက်များကို သုံးလိုက်သည်နှင့် ဤနေရာမှ ပြန်လည်လွတ်မြောက်နိုင်သော်လည်း၊ ဤထူးဆန်းသော ဟင်းလင်းပြင်ထဲသို့ ထပ်မံဝင်ရောက်နိုင်တော့မည် မဟုတ်ကြောင်း စိတ်ထဲမှ ခံစားမိနေသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အချိန်မရွေး ထွက်ခွာနိုင်မည့် အစွမ်းထက် ဝှက်ဖဲများ ရှိနေသဖြင့် လီယန်ချူမှာ မထိတ်လန့်တော့ဘဲ ပန်းပဲဖိုတစ်ခုကို ရွေးချယ်ကာ ဝင်သွားလိုက်သည်။
တိတ်ဆိတ်ခြောက်ကပ်နေသော လမ်းမပေါ်တွင် လူတစ်ယောက်မျှ မရှိဘဲ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေသည်။
လီယန်ချူသည် တည်ငြိမ်သော မျက်နှာထားဖြင့် ပန်းပဲဖိုတံခါးကို တွန်းဖွင့်ကာ ဖြည်းဖြည်းချင်း ဝင်သွားသည်။
အမှန်တကယ်တွင်မူ သူ၏ ခန့်မှန်းချက်မှာ အများအားဖြင့် မှန်ကန်နေသည်။
ဤနေရာမှာ သာမန်ဝိညာဉ်နယ်မြေ မဟုတ်ဘဲ အိမ်မက်ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။
မည်သူမဆို ဝင်လာခဲ့လျှင် အလွယ်တကူ ပြန်ထွက်သွားနိုင်ရန် ခဲယဉ်းပြီး မိမိ၏ စွမ်းရည်များကိုလည်း မသုံးနိုင်ပေ၊ ယခင်က ပါလာသော လက်နက်ကိရိယာများကိုလည်း ပြောမနေပါနှင့်တော့။
ဘာမှမတတ်နိုင်ပေ...
လီယန်ချူ၏ ကိုယ်ပေါ်တွင်ပါလာသော နတ်လက်နက်များက အလွန်ပင် အစွမ်းထက်လွန်းလှသည် မဟုတ်ပါလား။
ထိုက်ရှန်းဖူကျွင်းတံဆိပ် ကို မပြောနှင့်ဦး၊ ရှင်းဟွမ်အလံတော်မှာလည်း နတ်အဆင့်လက်နက်ဖြစ်သည်။
ကျန့်ကျောင်းဓား၊ ရှစ်ခွင်မှန် ၊ဒိုချန်ပုတီးစေ့ နှင့် အစီရင်ဝတ်စုံ တို့မှာလည်း မိမိကိုယ်ပိုင် အသိစိတ်ရှိကြသော ကုသိုလ်တစ်သိန်းတန် နတ်လက်နက်များ ဖြစ်ကြသည်။
ခရမ်းရွှေရောင်စွမ်းအင်နှင့် မီးနတ်ဘုရားဂါထာတော် တို့မှာလည်း နတ်ဘုရားတို့၏ အမွေအနှစ်များပင် ထိုအရာများ၏ အဆင့်အတန်းမှာ မြင့်မားလွန်းလှသဖြင့် ဤဝိညာဉ်နယ်မြေက ဖိနှိပ်ထားရန် မစွမ်းသာချေ။
ထို့ကြောင့်ပင် ဤထူးခြားသော အခြေအနေ ဖြစ်ပေါ်လာရခြင်းပင်။
ကြည့်ရသည်မှာ အလွန်ပင် အန္တရာယ်ကြီးသော်လည်း အမှန်တကယ်တွင်မူ သူသည် အချိန်မရွေး ထွက်ခွာနိုင်သည်။
သူသည် ပန်းပဲဖိုထဲသို့ ရောက်သောအခါ အတွင်းရှိ မီးဖိုမှာ ငြိမ်းမသွားသေးသော်လည်း လူအရိပ်အယောင်တော့ မရှိပေ။
သူသည် ကောင်းကောင်းမွန်မွန် ပြုလုပ်ထားသော လက်နက်တစ်ခုခုကို ရွေးချယ်လိုသည်။
အကြောင်းမှာ ယခုလက်ရှိ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူထက် အနည်းငယ်သာ ပိုကောင်းသဖြင့်၊ မိမိကိုယ်ကို ကာကွယ်ရန် လက်နက်နှစ်ခုလောက် ရွေးချယ်ထားခြင်းက ထိုအိမ်မက်ကမ္ဘာထဲတွင် ရှင်သန်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
သို့သော် သူ အံ့ဩသွားရသည်မှာ ဤမြို့ကလေးရှိ ပန်းပဲဖိုထဲတွင် တိုက်ခိုက်ရေးလက်နက် တစ်ခုမျှ မရှိခြင်းပင်။
ပေါက်တူး၊ တံစဉ်၊ ဓားမ၊ သံအိုး...
သူ ကြည့်လိုက်ရာ အများစုမှာ မပြီးပြတ်သေးသော ပစ္စည်းများသာ ဖြစ်နေသည်။
နောက်ဆုံးတွင်မူ လီယန်ချူသည် ထက်မြက်သော ဓားမ တစ်ချောင်းကို ရွေးချယ်ကာ ခါးနောက်တွင် ထိုးလိုက်သည်။
"ဒီအိမ်မက်ဟင်းလင်းပြင်ထဲက မြို့ကလေးက ယုတ္တိဗေဒကို အရမ်းကို အလေးထားတာပဲလား "
"မြို့ကလေးရဲ့ ပန်းပဲဖိုမှာ တိုက်ခိုက်ရေးလက်နက် တစ်ခုမှ မရှိဘူးပေါ့"
လီယန်ချူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
ဓားမတစ်ချောင်းတည်းနှင့် သူ အားမရသဖြင့် ပန်းပဲဆရာ၏ သံတူကြီး ကိုပါ ထမ်းသွားလိုက်တော့သည်။
ဤအရာမှာ အလေးချိန် စီးလှသဖြင့် ထိုအလေးချိန်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ...
သွေးလမင်း ဝန်းရံထားသော မြို့ကလေးထဲတွင် တာအိုဆရာ လူငယ်တစ်ဦးမှာ သံတူကြီးတစ်လုံးကို ထမ်းလျက် လမ်းမပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေတော့သည်။
ခါးနောက်တွင်လည်း ဓားမတစ်ချောင်း ထိုးထားသေးသည်။
ဤပုံစံမှာ အလွန်ပင် ကွဲလွဲနေသော်လည်း လီယန်ချူက ရုပ်ရည်ချောမောနေသဖြင့် ကြည့်ကောင်းနေပြန်သည်။
သူ၏ မျက်နှာမှာ ထင်းထင်းရှားရှားနှင့် ယောက်ျားပီသကာ၊ ပုခုံးကျယ်၍ ခါးသေးသည်။
အရပ်ရှည်ရှည် ချောချောမောမောပင်။
သူသည် ခြေတံရှည်ကြီးများဖြင့် လမ်းမပေါ်တွင် လျှောက်လှမ်းရင်း ဘေးပတ်ဝန်းကျင်ရှိ အေးစိမ့်သော အငွေ့အသက်များကို ခံစားကြည့်ရာ တစ်မျိုးတစ်ဖုံ ဆန်းသစ်နေသည်ဟု ခံစားရသည်။
သူ လမ်းပေါ်တွင် လျှောက်သွားနေခြင်းမှာ ထိုအိမ်မက်ဟင်းလင်းပြင်ထဲသို့ ဝင်လာကြသည့် တခြားလူများကို ရှာဖွေလိုသောကြောင့် ဖြစ်သည်။
ကိုယ်လုံးကိုယ်ပေါက် သန်မာသည့် ကျိချင်းကိုယ်တော်နှင့် ကျင့်ကြံသူမိသားစုမှ ကျန်းဝေ... သူတို့ ယခု ဘယ်လိုနေကြမည်ကို မသိပေ။
ရုတ်တရက်
လီယန်ချူ ခြေလှမ်းတန့်သွားသည်။
သူသည် ငွေစက္ကူ ၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ရောင်းသည့် ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်သွားပြီး မျက်လုံးများမှာ မသိမသာ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
"ဒီနေရာကတော့ အသေအချာ သရဲရှိမှာပဲ၊ ဒီဆိုင်ထဲမှာတော့ ဝိညာဉ်တွေကို နှိမ်နင်းဖို့ ပစ္စည်းတစ်ခုခု ရှိမှာပါ"
ထိုသို့သော စိတ်ထားဖြင့် လီယန်ချူသည် အရှိန်အဟုန်ဖြင့် ဆိုင်ထဲသို့ လှမ်းဝင်သွားသည်။
သာမန်လူတစ်ယောက်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် စိတ်ထဲ၌ ထင့်နေမည်သာ ဖြစ်သည်။
သရဲခြောက်တဲ့ ဝတ်ပြုကျောင်း၊ အိမ်မက်ကမ္ဘာ၊ နာရေးသုံးပစ္စည်းဆိုင်...
ဒီဆိုင်က ပိုပြီး သရဲခြောက်ဖို့ လွယ်တာပေါ့
သို့သော် လီယန်ချူမှာ အချိန်မရွေး ထွက်ခွာနိုင်သည့် ဝှက်ဖဲရှိသဖြင့် အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဝင်သွားသည်နှင့် တစ်ပြိုင်နက် အေးစိမ့်သော အငွေ့အသက်တစ်ခု ရိုက်ခတ်လာပြီး လည်ဂုတ်တွင် တစိမ့်စိမ့်နှင့် အေးလာတော့သည်။
ပုခုံးပေါ်တွင် တစ်စုံတစ်ယောက်က ကပ်၍ လေအေးများ မှုတ်နေသကဲ့သို့ပင်။
ဆိုင်ထဲတွင် ငွေစက္ကူများ၊ အမွှေးတိုင်များ၊ နိဗ္ဗာန်စာသားပါသော စက္ကူမီးအိမ်ဖြူများသာမက စက္ကူရုပ်များ၊ စက္ကူမြင်းများနှင့် စက္ကူဝေါယာဉ်များလည်း ရှိနေသည်။
သို့သော် လက်ရာမှာမူ ကြမ်းတမ်းလှသည်။
အထူးသဖြင့် ထို စက္ကူယောင်္ကျားလေးနှင့် မိန်းကလေး ရုပ်နှစ်ရုပ်မှာ... သူ ယခင်က တွေ့ခဲ့ဖူးသည်များထက် အများကြီး ညံ့ဖျင်းလှသည်။
တူညီသောအချက်မှာ ကြည့်ရသည်မှာ အလွန်ပင် ယုတ်မာဆန်းကြယ် နေခြင်းပင်။
ပါးနီကြီးများမှာ ရဲနေပြီး ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းနေသည်။
လီယန်ချူသည် ဘာကြောင့်မှန်းမသိ၊ ထိုစက္ကူရုပ်များကို မြင်ရသည်မှာ မကြောက်ရသည့်အပြင် ရင်းနှီးသလိုတောင် ခံစားနေရသည်။
"ဒီပစ္စည်းတွေ နောက်တစ်ခါ ပြန်တွေ့ပြန်ပြီပဲ"
သူသည် ပြုံးလိုက်ပြီး ဆိုင်ထဲ၌ တန်ဖိုးရှိမည့် အရာများကို ရှာဖွေတော့သည်။
လူသေဝတ်စုံများ၊ ငွေစက္ကူများ၊ ဖယောင်းတိုင်နီကြီးများ၊ ဖယောင်းတိုင်ဖြူများ... စီရီထားသမျှ အရာအားလုံးမှာ လူသေများနှင့်သာ သက်ဆိုင်နေသည်။
တခြား သတ္တိနည်းသူဆိုလျှင် ကြောက်လန့်နေလောက်ပြီ ဖြစ်သော်လည်း လီယန်ချူမှာမူ သတ္တိကောင်းလှသဖြင့် လက်နှင့် ဟိုလှန်သည်လှန် ရှာဖွေနေသေးသည်။
သူ ဆိုင်၏ နောက်ဘက်သို့ ရောက်သွားသောအခါ မျက်လုံးအိမ်မှာ ရုတ်တရက် ကျုံ့သွားတော့သည်။
ဤနေရာ၌ ခေါင်းတလား တစ်လုံး ရှိနေပြီး၊ အပေါ်တွင်လည်း မင်ကြိုး များဖြင့် တားဆီးထားသည်။ ဤပုံစံမျိုးမှာ အထဲတွင် ဖုတ်ကောင် တစ်ကောင် ပိတ်မိနေသည့် ပုံစံမျိုးပင်။
ငယ်ငယ်ကတည်းက ဦးလေးကျိူး၏ ရုပ်ရှင်များကို ကြည့်ခဲ့ဖူးသော လီယန်ချူမှာ ဤအရာနှင့် အလွန်ပင် ရင်းနှီးနေသည်။
သူသည် ခေါင်းတလားကို တစ်ပတ်ပတ်ကြည့်ကာ သေသေချာချာ အကဲခတ်နေမိတော့သည်။
***