ခေါင်းတလားပေါ်က မင်ကြိုးတွေက သေသေသပ်သပ် တားထားတာ မဟုတ်ဘူးဆိုတာကို သူ သတိပြုမိလိုက်သည်။
ထိုအချက်မှာ လုံးဝ မဖြစ်သင့်သောအရာပင်။
"ဒီခေါင်းတလားကို တစ်ယောက်ယောက် ဖွင့်ဖူးတယ် "
လီယန်ချူ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မျက်ဝန်းအစုံ၌ စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ပေါ်လာသည်။
အကယ်၍ ဖုတ်ကောင်ကိုယ်တိုင်က ခေါင်းတလားကို ခွဲထွက်လာတာဆိုရင်၊ အဖုံးကို မူလအတိုင်း သေသေသပ်သပ် ပြန်ပိတ်ထားစရာ အကြောင်းမရှိပေ။
"အိမ်မက်ဟင်းလင်းပြင်ထဲကို ရောက်နေတဲ့ တစ်ယောက်ယောက်ကများ ဖွင့်ကြည့်ခဲ့တာလား "
ဟု လီယန်ချူ တွေးလိုက်မိသည်။
ဤအိမ်မက်ကမ္ဘာထဲတွင် ကျိချင်းကိုယ်တော်နှင့် ကျန်းဝေ အပါအဝင် စုစုပေါင်း မိစ္ဆာနှိမ်နင်းသူ ငါးယောက် ရှိနေသည်ဟု သူသိထားသည်။
ဪ... မဟုတ်သေးဘူး။ အတိအကျ ပြောရလျှင် ယခင်က ပျောက်ဆုံးသွားခဲ့သူများလည်း ရှိနေသေးသည်။
ဟူး... ဟူး...
သူ စဉ်းစားနေစဉ်မှာပင် ခေါင်းတလားအတွင်းမှ သဲ့သဲ့မျှသော အသက်ရှူသံ ထွက်ပေါ်လာသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လီယန်ချူသည် ခေါင်းတလားကို ဖွင့်ရန် အကြံကို လက်လျှော့လိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မူလရှိရင်းစွဲ အနေအထား ကို မဖျက်ဆီးမိခြင်းက အကောင်းဆုံးပင်။
အကယ်၍ ထိုမင်ကြိုးတားထားသော ခေါင်းတလားထဲတွင် ဖုတ်ကောင်တစ်ကောင် ရှိနေခဲ့လျှင်ပင်၊ သူက အထဲမှာပဲ ဆက်ရှိနေသရွေ့ လောလောဆယ် ပြဿနာမရှိနိုင်သေးပေ။
တကယ်လို့ အထဲမှာ ရှိနေတာက လူဆိုရင်လည်း၊ မင်ကြိုးတားထားတဲ့ ခေါင်းတလားထဲ ဝင်အိပ်ရဲတယ်ဆိုမှတော့ ထိုသူ၏ ဦးနှောက်မှာ ပုံမှန်မဟုတ်တာ သေချာသလောက်ပင်။
ထို့ကြောင့် သူ့ကို သွားမရှုပ်တာ အကောင်းဆုံး။
လီယန်ချူသည် သတိထားကာ အသက်ကို အောင့်ထားရင်း ဒုတိယထပ်သို့ တစ်ရှိန်ထိုး ပြေးတက်သွားသည်။
အိမ်မက်ဟင်းလင်းပြင်သို့ စရောက်ခါစဖြစ်၍ သူ၏ အစွမ်းများကို အတင်းအကျပ် ထုတ်သုံးရမည့် အခြေအနေမျိုး မရောက်စေရန် မည်သည့် ပြဿနာကိုမျှ မဖန်တီးလိုသေးပေ။
ဒုတိယထပ်မှာ လူနေထိုင်သည့် နေရာဖြစ်ပြီး အိပ်ရာမှာ အတော်အတန် သန့်ရှင်းသော်လည်း အမှိုက်သရိုက်များစွာ ပုံနေသည်။
ငွေစက္ကူများ၊ အမွှေးတိုင်များနှင့် ဖယောင်းတိုင်များ စသည်တို့ပင်။
သူ ဒုတိယထပ်သို့ ရောက်သွားပြီးနောက်တွင်မူ အောက်ထပ်ရှိ ခေါင်းတလားမှ သဲ့သဲ့မျှသော အသံ ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်က အဖုံးကို ဖွင့်လိုက်သည့်ပုံစံပင်။ တစ်ခုခု အပြင်ကို ထွက်လာတော့မည်။
ဤအချိန်တွင် သာမန်လူတစ်ယောက်ဆိုလျှင် ပြတင်းပေါက်မှ ခုန်ချကာ ထွက်ပြေးမိမည်ဖြစ်သော်လည်း၊ လီယန်ချူကမူ ဒုတိယထပ်သို့ တက်လာကတည်းက ဆက်လက် စူးစမ်းရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ထို့ကြောင့် သူက ထွက်မပြေးသည့်အပြင် ခေါင်းကို အပြင်ထုတ်ကာ အောက်ထပ်ရှိ ခေါင်းတလားကို ငုံ့ကြည့်လိုက်သေးသည်။
ခေါင်းတလားအဖုံးမှာ ဘေးသို့ ရွေ့လျက်ရှိပြီး အထဲတွင်မူ မှောင်အတိကျကာ ဘာမှမမြင်ရပေ။
လီယန်ချူမှာ တကယ်ပင် သတ္တိခဲကြီး ဖြစ်သည်။
သူသည် ဒုတိယထပ်တွင် ဆက်လက်စူးစမ်းရာ ဘေးကင်းလုံခြုံရေး အဆောင် တစ်ခုကို တွေ့လိုက်ရသည်။
သူသည် ထိုအဆောင် ကို ချက်ချင်း မဝတ်ဆင်သေးဘဲ ဖြန့်ကြည့်ကာ အကဲခတ်လိုက်သည်။
"အိမ်စောင့်အဆောင် "
ဟု ထိုဝါရောင်အဆောင်လက်ဖွဲ့၏ အမည်ကို သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
ထိုသည်မှာ အိမ်တွင်းရှိ ယုတ်မာသော အငွေ့အသက်များကို နှိမ်နင်းရန် ထားရှိသော အဆောင်ဖြစ်သည်။
သူသည် သေချာစွာ အာရုံခံကြည့်သော်လည်း ကျင့်စဉ်စွမ်းအားများ မရှိတော့သဖြင့် ဘာမှ မခံစားရပေ။
"အဆင့်မြင့်တင်စေ "
သူသည် မိမိ၏ ဦးနှောက်ထဲရှိ မဟာတာအိုအသံ ကို အတုယူကာ ရွတ်ဆိုကြည့်သော်လည်း မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။
တကယ်ပဲ BUG သုံးလို့ မရဘူးပဲ ဟု လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။
သူသည် ထိုဝါရောင်အဆောင်ကို အဆောင်လက်ဖွဲ့ပုံစံ အမြန်ခေါက်ကာ ကိုယ်ပေါ်တွင် သေသေချာချာ သိမ်းဆည်းလိုက်သည်။
နတ်ဆိုးမွေးသည့် သို့မဟုတ် မိစ္ဆာဆွဲသည့် အဆောင်မဟုတ်လျှင် တော်ပြီ။
မဟုတ်လျှင် ကိုယ့်သေတွင်းကိုယ် တူးရာ ရောက်ပေလိမ့်မည်။
ထူးခြားသည့်အရာ အသစ်မတွေ့တော့သဖြင့် ဒီပန်းပဲဆရာက တကယ့် လူဆင်းရဲပဲ ဟု လီယန်ချူ ရေရွတ်ရင်း အောက်ထပ်သို့ ပြန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာမှာ ဒုတိယထပ်ဖြစ်ပြီး သူက သာမန်လူထက် အနည်းငယ်သာ သန်မာသည့် လူတစ်ယောက်ဖြစ်နေသဖြင့် ပြတင်းပေါက်မှ ခုန်ချရန် အကြံကို လက်လျှော့လိုက်ခြင်း ဖြစ်သည်။
အောက်ထပ်ရှိ ခေါင်းတလားအဖုံးမှာ မူလအတိုင်း ပြန်ပိတ်ထားပြီး၊ ယခင် သူဝင်လာစဉ်ကထက်ပင် ပိုမို သေသေသပ်သပ် ရှိနေသေးသည်။
"ဒါက တိကျသေချာလွန်းတဲ့ ရောဂါရှိတဲ့ သရဲများလား"
လီယန်ချူသည် သံတူကြီးကို ထမ်းလျက် ဒုန်းဒုန်းဒုန်းနှင့် အောက်ထပ်သို့ ဆင်းလာကာ ထွက်ခွာရန် ပြင်လိုက်သည်။
ရုတ်တရက်
နားထဲတွင် လေတိုးသံ ပြင်းပြင်းထွက်ပေါ်လာပြီး လူရိပ်မည်းတစ်ခုက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
ဗုန်း
အားပါလှသော ကန်ချက်တစ်ခုက ထိုလူရိပ်၏ ရင်ဘတ်တည့်တည့်သို့ ထိမှန်ကာ လွင့်ထွက်သွားစေသည်။
ညည်းတွားသံ တစ်ခုနှင့်အတူ ထိုလူရိပ်မှာ ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်သွားပြီး အတော်ပင် နာကျင်နေပုံရသည်။
"သရဲ ဒါမှမဟုတ် ဖုတ်ကောင် မဟုတ်ဘူး... လူလား"
လီယန်ချူ၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားသော်လည်း လက်ထဲက သံတူကြီးကိုမူ မဆိုင်းမတွပင် လွှဲယမ်းလိုက်သည်။
လေးလံလှသော သံတူကြီးသည် လေထုကို ခွဲကာ ပြင်းထန်စွာ ဝေ့ယမ်းသွားသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ချောင်းမြောင်းတိုက်ခိုက်သူမှာ အကောင်းဖြစ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
ထုလိုက်တာ အကောင်းဆုံးပင်
ဒေါင်
သံတူကြီးမှာ ထိုလူရိပ်ကို မထိမှန်လိုက်ပေ။
လီယန်ချူ၏ သိုင်းပညာ အတွေ့အကြုံများမှာ ရှိနေဆဲ ဖြစ်သည်။
ခုနက ကန်ချက်မှာ သူ၏အမြင်တွင် နှေးကွေးပြီး အားမပါသကဲ့သို့ ထင်ရသော်လည်း၊ သာမန်လူတစ်ယောက်အတွက်မူ အလွန်လျင်မြန်ပြီး ပြင်းထန်လှသည်။
သို့သော် ဤသံတူကြီးကို သုံးရသည်မှာ ထင်သလောက် လက်မယဉ်သေးချေ။
ထိုလူရိပ်မှာ သံတူကြီးကို ရှောင်တိမ်းပြီးနောက် အနည်းငယ် လန့်သွားပုံရသော်လည်း၊ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြန်လည် ပြေးဝင်လာပြန်သည်။
ကရက်
လီယန်ချူက နောက်တစ်ကြိမ် ထုလိုက်ရာ ဤတစ်ကြိမ်တွင်မူ ထိုသူ၏ ခြေထောက်ကို တည့်တည့်ထိမှန်ကာ ကျိုးသွားစေသည်။
ထိုသူမှာ ချက်ချင်းပင် လဲကျသွားတော့သည်။
ဗုန်း ဗုန်း ဗုန်း
လီယန်ချူသည် သံတူကြီးဖြင့် အကြင်နာကင်းမဲ့စွာ ထပ်ခါတလဲလဲ ထုနှက်လိုက်သည်။
မြေပြင်ပေါ်ရှိ ထိုလူရိပ်မှာ ရုန်းကန်နေဆဲဖြစ်သဖြင့် လီယန်ချူ သေချာကြည့်လိုက်ရာ၊ ဆံပင်ဖရိုဖရဲနှင့် မျက်နှာမှာ ညိုမည်းနေပြီး တကယ့်ကို ဖုတ်ကောင်စစ်စစ် ဖြစ်နေသည်။
"ဒီလောက် အရိုက်ခံရတာတောင် ခံနိုင်ရည်ရှိတာ မဆန်းပါဘူး"
သူသည် သံတူကြီးဖြင့် ထိုဖုတ်ကောင်၏ ခြေလက်များကို ရိုက်ချိုးကာ ကြောက်စရာကောင်းသော ပုံသဏ္ဌာန်မမှန်သည့် ပုံစံဖြစ်အောင် လုပ်လိုက်သည်။
ထို့နောက် ဒူးထောက်ထိုင်ကာ ခါးကြားမှ ဓားမကို ထုတ်ပြီး ကြေမွနေသော ခြေလက်များကို အေးစက်စက် မျက်နှာထားဖြင့် ခုတ်ဖြတ်ပစ်လိုက်တော့သည်။
"ဟိန်း..."
ဖုတ်ကောင်က တိုးတိုးမျှ ဟိန်းသံပြုသည်။
ဤအရာများ၏ ရှင်သန်နိုင်စွမ်းမှာ အလွန်ပြင်းထန်သဖြင့် သတ်ရန် ခဲယဉ်းလှသော်လည်း၊ လီယန်ချူက ခြေလက်များကို ဖြတ်တောက်လိုက်သဖြင့် အနည်းဆုံးတော့ မလှုပ်ရှားနိုင်တော့ပေ။
သာမန် အဆင့်နိမ့်ဖုတ်ကောင်တစ်ကောင်ကို အတွေ့အကြုံမရှိသူဆိုလျှင် ရင်ဆိုင်ရ ခက်ခဲနိုင်သော်လည်း လီယန်ချူကမူ ရုပ်ပိုင်းဆိုင်ရာ အားအင်သက်သက်ဖြင့် အပြတ်အသတ် နှိမ်နင်းလိုက်ခြင်းပင်။
လီယန်ချူသည် လှည့်လိုက်ကာ ခေါင်းတလားအဖုံးကို အားပြင်းပြင်းဖြင့် ကန်ဖွင့်လိုက်သည်။
"ထွက်ခဲ့ မထွက်ရင် သေအောင် ထုသတ်ပစ်မယ် "
သူ၏ အသံမှာ အေးစက်လှသည်။
ခဏအကြာတွင် ဆံပင်ကို ဒူးယား စည်းထားသည့် မိန်းကလေးငယ်တစ်ဦးမှာ ခေါင်းတလားအတွင်းမှ သတိထားကာ ထထိုင်လာသည်။
သူမက တုန်တုန်ရင်ရင်နှင့် ပြောရှာသည်။
"တာအိုဆရာ... ကျမကို မသတ်ပါနဲ့၊ ကျမက လူပါ"
ဒူးယားကောင်မလေး၏ မျက်နှာမှာ ဖြူလျော်နေပြီး သွေးအရောင် မရှိတော့ပေ။
"လူ" လီယန်ချူက လှောင်ပြုံး ပြုံးလိုက်သည်။
သူသည် ထိုမိန်းကလေး၏ လည်ပင်းကို ဆွဲကာ အပြင်သို့ ဆွဲထုတ်လိုက်ပြီး၊ လက်ထဲမှ သွေးရဲရဲသံနေသော ဓားမဖြင့် သူမ၏ လည်ပင်းကို တေ့လိုက်သည်။
"ဒီဖုတ်ကောင်ကြီးကိုတောင် ငါက အပိုင်းပိုင်း ခုတ်ထားတာ၊ နင်က ငါ့ကို လာလိမ်နေတာလား ငါ့ကို လာညာဖို့ မကြိုးစားနဲ့ "
လီယန်ချူ၏ အရှိန်အဝါမှာ အလွန်ပင် ကြမ်းတမ်းလှပြီး မျက်ဝန်းထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။
တစ်ခဏချင်းမှာပင် သူ၏ ပုံစံမှာ စစ်မြေပြင်တွင် တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့သည့် ဝါရင့်စစ်သည်တော်ကြီးတစ်ဦးကဲ့သို့ ပြောင်းလဲသွားသည်။
ဒူးယားကောင်မလေးမှာ မျက်နှာ ပိုဖြူသွားပြီး အတင်း ရှင်းပြတော့သည်။
"ကျမ တကယ် လူပါ။ ကျမနာမည် လျူကျွင်း ပါ၊ ပိုင်ရီ မျိုးနွယ်စုကပါ။ ကျမ အဘိုးက မူလက လျူမျိုးနွယ်စုဝင်တစ်ယောက်ပါ၊ အိမ်က မှတ်တမ်းတွေကို ခိုးဖတ်ကြည့်တော့ ဒီဝတ်ပြုကျောင်းမှာ သရဲခြောက်တယ်ဆိုတာ သိလို့ အပျော်လာကြည့်တာပါ။ ဒီလို ထူးဆန်းတဲ့ မြို့ကလေးထဲ ရောက်သွားလိမ့်မယ်လို့ မထင်ထားမိပါဘူး"
လျူကျွင်းမှာ ငိုလုမတတ် ဖြစ်နေရှာသည်။
"နင်ပြောတာကို ငါက ယုံမယ် ထင်နေလား "
လီယန်ချူက လှောင်ရယ်ကာ
"သာမန်လူတစ်ယောက်က သရဲကြည့်ဖို့အတွက် ဒီအထိ အပျော်လာမယ် ဟုတ်လား "
လျူကျွင်းက အလောတကြီး
"တကယ်ပါ၊ တကယ်ပါ။ ကျမ တကယ့် လူစစ်စစ်ပါ၊ ကျမကို မသတ်ပါနဲ့ "
လီယန်ချူသည် သူမ၏ ဒူးယားဆံပင်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...
သူသည် လျူကျွင်း၏ ဖြူလွလွ လည်ပင်းကို လွှတ်ပေးလိုက်ရာ လည်ပင်းတွင် လက်ဗွေရာအနီကြီး ထင်ကျန်ရစ်သည်။
အခုလောလောဆယ်တွင် သူ၌ အရှိန်ဝါကြည့်သည့်အတတ် လည်း မရှိ၊ ဝိညာဥ်မျက်စိအတတ်လည်း မရှိသဖြင့် ဝိညာဉ်ကို ခွဲခြားရန် အနည်းငယ် ခက်ခဲလှသည်။
"နင့်ကို ယုံလိုက်မယ်၊ ထတော့"
ဟု လီယန်ချူက တည်ငြိမ်စွာ ဆိုသည်။
ပိုင်ရီမျိုးနွယ်စု သည် ချန်နိုင်ငံ၏ လူနည်းစုမျိုးနွယ်ဖြစ်ပြီး ချောမောလှပကာ ကခုန်သီဆိုခြင်း၌ ကျွမ်းကျင်ကြသည်။
သူတို့၏ အဝတ်အစားနှင့် ဆံပင်ပုံစံမှာ အလယ်ပိုင်းဒေသနှင့် ကွဲပြားသည်။
လီယန်ချူသည် သူ၏ ဆရာဖြစ်သူ သိမ်းဆည်းထားသော ရှေးဟောင်းမှတ်တမ်းများတွင် ပိုင်ရီမျိုးနွယ် အမျိုးသမီးများ၏ ပုံတူပန်းချီကို တွေ့ဖူးသဖြင့် ယခု မိန်းကလေး၏ ပုံစံနှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။
"ကျမကို ယုံတာလား" လျူကျွင်းက ဝမ်းသာအားရ မေးလိုက်သည်။
ဒါက ဘယ်လိုတုံ့ပြန်မှုလဲ... လီယန်ချူက ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် " ဟု လျူကျွင်းက လေးလေးနက်နက် ပြောရှာသည်။
ဒီမိန်းကလေး ဦးနှောက်များ တစ်ခုခု ဖြစ်နေတာလား... လီယန်ချူက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"နင့်အဘိုးရဲ့ မှတ်တမ်းထဲမှာ ဘာတွေ ရေးထားသလဲ "
***