လျူကျွင်းက ပြောပြသည်
"ကျမအဘိုးရဲ့ မှတ်တမ်းအရ၊ အဲဒီနှစ်က မြို့ကလေးမှာ အကြီးအကျယ် မိုးခေါင်ခဲ့တယ်၊ မိုးတစ်ပေါက်မှ မကျဘူးတဲ့။ လယ်ကွင်းထဲက သီးနှံတွေလည်း အကုန်ခြောက်ကပ်ပြီး သေတော့မယ့်အခြေအနေပေါ့။ ကံကောင်းထောက်မစွာနဲ့ တာအိုဆရာတစ်ယောက် ရောက်လာတယ်၊ သူက မြို့ရဲ့ အနေအထား မကောင်းတာကြောင့် ဒီလို သဘာဝဘေးအန္တရာယ် ကြုံရတာလို့ တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တယ်။ ဒါကြောင့် သူကပဲ ဦးဆောင်ပြီး ဝတ်ပြုကျောင်းကို တည်ဆောက်ဖို့ နေရာရွေးချယ်ပေးခဲ့တယ် "
"အံ့ဩဖို့ကောင်းတာက ဝတ်ပြုကျောင်း ဆောက်ပြီးတာနဲ့ မိုးတွေ တမဟုတ်ချင်း ရွာချလာတော့တာပဲ။ အဲဒီအချိန်ကစပြီး ရာသီဥတု မျှတလာတယ်၊ နှစ်တိုင်းလည်း သီးနှံတွေ အထွက်တိုးပြီး မြို့ကလေးရဲ့ လူနေမှုဘဝကလည်း ချမ်းသာကြွယ်ဝလာခဲ့တာပေါ့"
တာအိုဆရာက မိုးခေါ်ပေးတယ်... လီယန်ချူသည် ထိုလုပ်ဆောင်ပုံကို နားထောင်ရင်း ဖုန်းရွှေဆရာတစ်ယောက်နှင့် ပိုတူသည်ဟု ခံစားရသည်။
ပုံမှန်အားဖြင့် တာအိုဆရာများ မိုးခေါ်လျှင် ထိုကဲ့သို့ လုပ်ငန်းစဉ်မျိုး မဟုတ်ဘဲ ပူဇော်ကန်တော့ပွဲ ခင်းကျင်းပြီး အစီရင်ပြုလုပ်ရခြင်း ဖြစ်သည်။
သူကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။
နောက်ပိုင်းတွင် ဤမြို့ကလေးမှာ တစ်ခုခု ပြဿနာတက်ခဲ့သည်မှာ သေချာလှသည်၊ မဟုတ်လျှင် မျိုးနွယ်စုတစ်ခုလုံးနီးပါး သေကျေပျက်စီးသွားစရာ အကြောင်းမရှိပေ။
လျူမျိုးနွယ်ဝတ်ပြုကျောင်းမှာလည်း စွန့်ပစ်ခံရပြီး ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိနေခြင်းပင်။
လျူကျွင်းက ဆက်ပြောသည်
"နောက်ပိုင်းမှာ မြို့ထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ခဏခဏ ဖြစ်လာတယ်။ အစပိုင်းမှာတော့ အိမ်မွေးတိရစ္ဆာန်တွေ အစားခံရတာပေါ့၊ လူတွေက တောရဲတိရစ္ဆာန်တွေ တောင်ပေါ်က ဆင်းလာတာလို့ ထင်ခဲ့ကြတာ "
"ဒါပေမဲ့ တစ်အိမ်ပြီးတစ်အိမ် တိရစ္ဆာန်တွေ အစားခံနေရတာ မရပ်တော့ဘူး၊ ထောင်ချောက်တွေ ဆင်ထားလည်း မထူးဘူးလေ။ မြို့တော်ဝန်က လူငယ်တွေကို စုပြီး ညကင်းစောင့်ရင်း စောင့်ဖမ်းကြတာပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ လင်မယားနှစ်ယောက်က သန်းခေါင်ယံမှာ သူတို့အိမ်က တိရစ္ဆာန်တွေကို ကိုယ်တိုင် ပြန်ခိုးစားနေတာကို တွေ့လိုက်ရတယ်။ အရှင်လတ်လတ် ဝါးမြိုနေကြတာ၊ မြင်ကွင်းက သွေးပျက်စရာပဲ အဲဒီတုန်းက ဒီကိစ္စက တော်တော်လေး ဟိုးဟိုးကျော်သွားခဲ့တယ်။ နောက်ပိုင်းမှ သိရတာက အစားခံရတဲ့ တိရစ္ဆာန်တွေအားလုံးက အဲဒီအိမ်ရှင်တွေကိုယ်တိုင် သန်းခေါင်ယံမှာ ထစားခဲ့ကြတာတဲ့ ဒါပေမဲ့ သူတို့ကို ပြန်မေးကြည့်တော့ ဘာမှမသိကြဘူး ဖြစ်နေတယ် "
"အဲဒီနောက်ပိုင်းမှာတော့ လူတွေ စသေတော့တာပဲ။ ရွာထဲက သက်ကြီးရွယ်အိုတွေ အရင်သေတယ်၊ ပြီးတော့ လူလတ်ပိုင်းတွေ၊ ပြီးတော့ လူငယ်တွေ... တစ်အိမ်ပြီးတစ်အိမ် မျိုးပြုတ်သွားလိုက်တာ၊ မကြာခင်မှာပဲ လျူမျိုးနွယ်စုတစ်ခုလုံး သေကုန်ကြတာပဲ "
"တချို့ကတော့ ဖုန်းရွှေကို သွားထိမိလို့ ရွာသားအားလုံး သေရတာလို့ ပြောကြတယ်။ အမှန်တော့ အဲဒီအချိန်က ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိပါသေးတယ် "
လျူကျွင်း၏ အသံမှာ ဝမ်းနည်းရိပ်သန်းနေသည်။
မြို့ကလေး တစ်မြို့လုံးစာ လူတွေ... ဒီလိုပဲ သေသွားခဲ့ကြရတာလား။
ထိုအချိန်က လျူမျိုးနွယ်စုဝင်တွေ ဘယ်လောက်တောင် ကြောက်လန့်တုန်လှုပ်ခဲ့ရမလဲဆိုတာ မှန်းဆကြည့်ရုံနှင့်ပင် သိနိုင်သည်။
"နင့်အဘိုးက အသက်ရှင်သေးလား "
လီယန်ချူက ရုတ်တရက် မေးလိုက်သည်။
"သေပါပြီ"
လျူကျွင်းက ပြန်ဖြေသည်
"ကြိုးဆွဲချ သေသွားတာ "
"အော်..."
လီယန်ချူက ထပ်မေးသည်
"အကြောင်းရင်း တစ်ခုခုရှိလား ဒါမှမဟုတ် ရုတ်တရက်ကြီးပဲ ကြိုးဆွဲချလိုက်တာလား "
လျူကျွင်းက ခေါင်းခါပြသည်
"သိပ်ကို ရုတ်တရက်ကြီးပါပဲ။ ကျမအဘိုးက ကျမအဘွားနဲ့ လက်ထပ်ပြီး ပိုင်ရီမျိုးနွယ်စုထဲမှာပဲ အမြဲနေခဲ့တာ၊ ဘာပြဿနာမှလည်း မရှိခဲ့ဘူး၊ ဘဝက အရမ်းအေးချမ်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီကာလအတွင်းမှာ သူက အခန်းထဲမှာ တစ်ယောက်တည်း အမြဲအောင်းနေတတ်တယ်။ တစ်ခါတလေကျရင်လည်း ငါ့မိသားစုကို လာမနှောင့်ယှက်ကြပါနဲ့တော့၊ ငါမပြေးတော့ဘူး၊ ငါ နင်တို့နဲ့ လိုက်ခဲ့မယ် ဆိုပြီး ယောင်ယောင်မှားမှားတွေ လျှောက်ပြောတတ်တယ်"
"အစပိုင်းမှာတော့ အဘိုးက စိတ်ဖောက်ပြန်သွားပြီလို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အဘိုးချန်ထားခဲ့တဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်ပြီးမှ ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူးဆိုတာ သိလိုက်ရတာ "
"ဒါကြောင့် နင်က လျူမျိုးနွယ်ဝတ်ပြုကျောင်းကို ရောက်လာတာပေါ့"
လီယန်ချူက ဆိုသည်။
လျူကျွင်းက တစ်ချက်တွေသွားပြီးမှ ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်၊ လျူမျိုးနွယ်ဝတ်ပြုကျောင်းက ဘာတွေလဲဆိုတာရယ်၊ အဘိုးက ဘာကြောင့် သေရတာလဲ၊ သူ ဘာကို ထွက်ပြေးနေခဲ့တာလဲဆိုတာကို သိချင်လို့ပါ "
သာမန်လူတစ်ယောက်အတွက်တော့ ဒီကိုလာတာက သေတွင်းထဲ လမ်းလျှောက်ဝင်တာပဲ... လီယန်ချူက ခေါင်းတငြိတ်ငြိတ်ဖြင့်
"ဒီလိုစိတ်ဓာတ်မျိုးရှိတာ ချီးကျူးစရာပဲ "
လျူကျွင်းက စိတ်လှုပ်ရှားစွာဖြင့် လီယန်ချူ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"တာအိုဆရာ... ရှင့်နာမည်ကို မသိရပေမဲ့ ရှင်က အရမ်းတော်တဲ့သူဆိုတာ ကျမသိပါတယ်။ တောင်းပန်ပါတယ်၊ ကျမကိုပါ ခေါ်သွားပေးပါ၊ ဒီနေရာကနေ ထွက်သွားချင်လို့ပါ။ ရှင်ခိုင်းတာမှန်သမျှ အကုန်လုပ်ပါ့မယ် "
လီယန်ချူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။
လျူကျွင်းက လီယန်ချူက သူမကို ထားခဲ့မည်စိုးသဖြင့် အလောတကြီး ထပ်ပြောရှာသည်။
"ကျမက မျိုးနွယ်စုထဲမှာ အလှဆုံးမိန်းကလေးပါ။ ကလည်း ကတတ်တယ်၊ သီချင်းဆိုတာလည်း အရမ်းကောင်းတယ်။ တာအိုဆရာ... ကျမကို ရှင့်နားမှာပဲ ထားပေးပါ၊ ကျမက အရမ်းလိမ္မာပါတယ်။ အန္တရာယ်ရှိလာရင် ရှင့်ဘာသာ ရှင့် ထားခဲ့လို့ရပါတယ်၊ ကျမက အများကြီး မတောင်းဆိုပါဘူး "
လျူကျွင်းက တကယ်ပင် လှပသူလေးဖြစ်သည်။
မျက်လုံးဝိုင်းကြီးများ၊ ဝိညာဉ်အရှိန်အဝါ လေးများ လွှမ်းခြုံနေသည့် ဖြူလွပြီး နုနယ်သော အသားအရေရှိသည်။
သူမ၏ ခြေတံရှည်ရှည်လေးများကလည်း အလွန်ပင် လှပနေ၏။
ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးမှာ ဆွဲဆောင်မှုအပြည့် ရှိနေသည်မှာ အမှန်ပင်။
အစွမ်းကုန် ကြိုးစားနေရှာတာပဲ... လီယန်ချူက ခေါင်းခါရင်း
"အဲဒီလိုတွေ မလိုအပ်ပါဘူး။ ဒီနေရာက အရမ်းထူးဆန်းတယ်၊ ငါ့ရဲ့ တာအိုအတတ်တွေလည်း အကုန်အပိတ်ခံထားရပြီး သာမန်လူတစ်ယောက် ဖြစ်နေတာ။ ခွန်အားနည်းနည်း ပိုတာကလွဲရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် ခက်ခဲနေတဲ့ အခြေအနေပဲ "
လျူကျွင်းက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
"တာအိုဆရာ... ကျမမှာ ယောကျ်ားတစ်ယောက်မှ မရှိဖူးသေးဘူး။ မျိုးနွယ်စုထဲက လူငယ်တွေ ကျမကို သဘောကျကြပေမဲ့ ကျမ သူတို့ကို တစ်ခါမှ စိတ်မဝင်စားခဲ့ဘူး။ ဒီဝတ်ပြုကျောင်းကို လာတဲ့လမ်းမှာလည်း ကျမအပေါ် မကောင်းတဲ့စိတ်ရှိတဲ့သူတွေ တွေ့ခဲ့ရပေမဲ့ အကုန်လုံးကို ရှောင်ခဲ့တာ။ တာအိုဆရာသာ သဘောတူမယ်ဆိုရင် ရှင်က ကျမရဲ့ ပထမဆုံး ယောကျ်ားဖြစ်လာမှာပါ "
သူမသည် လီယန်ချူ၏ အနားတွင် ရှိနေရန် အစွမ်းကုန် ကြိုးစားနေရှာသည်။
ဤခြောက်ခြားဖွယ်နေရာကြီးက လူကို စိတ်ပျက်အားငယ်စေလွန်းလှသည်။
သူမ ခေါင်းတလားထဲမှာ ပုန်းနေခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ထိုခံစားချက်က အလွန်ပင် နှိပ်စက်လွန်းလှသည်။
ထိုတာအိုဆရာလေးမှာ ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်ကဲ့သို့ ဖြစ်နေသဖြင့် သူမ မည်သို့ပင်ဖြစ်စေ ဖမ်းဆုပ်ထားရမည် ဖြစ်သည်။
ဘာတွေလဲဟ... ပထမဆုံးယောကျ်ားတဲ့... လီယန်ချူက လေးနက်သောလေသံဖြင့်
"အဓိကက အဲဒါမဟုတ်ပါဘူး။ ငါ နင့်ကို ခေါ်သွားပါ့မယ်၊ အဲဒီလိုစကားတွေ ထပ်မပြောပါနဲ့တော့ "
လျူကျွင်းက တစ်ချက်ကြောင်သွားသည်။
ဤအလွန်ချောမောသော တာအိုဆရာလေးမှာ တခြားယောကျ်ားများနှင့် မတူသလိုပင်။
သူမက အမြန်ခေါင်းညိတ်ပြကာ လီယန်ချူ၏ နောက်မှ ကပ်လိုက်လာခဲ့သည်။
"တကယ်တော့ ခေါင်းတလားထဲမှာ ပုန်းနေတာကပဲ ရှင်သန်ဖို့အတွက် မှန်ကန်တဲ့ နည်းလမ်းဖြစ်နေမလား မသိဘူး"
ဟု လီယန်ချူက ရုတ်တရက် ဆိုလိုက်သည်။
လျူကျွင်းက တွေသွားပြီး တိုးတိုးလေး ပြန်ပြောသည်။
"အဲဒီမှာ ဆက်နေရင် သေဖို့ပဲ စောင့်နေရမှာလေ၊ ဒါပေမဲ့ တာအိုဆရာနောက် လိုက်ရင်တော့ ကျမအတွက် ဒီနေရာက ထွက်သွားဖို့ မျှော်လင့်ချက် ရှိနိုင်တယ် မဟုတ်လား "
လီယန်ချူသည် သူမကို မနေနိုင်ဘဲ နောက်လှည့်ကြည့်မိသည်။
ကြည့်ရသည်မှာ ဆုံးဖြတ်ချက် ပြတ်သားသည့် မိန်းကလေးတစ်ဦးပင်။
သူတို့နှစ်ဦးသည် ဤသေလူတမျှ တိတ်ဆိတ်နေသော မြို့ကလေးထဲတွင် ဆက်လက် စူးစမ်းရှာဖွေခဲ့ကြသည်။
လီယန်ချူက လက်ထဲတွင် သံတူကြီးကို ကိုင်ထားပြီး ခါးနောက်တွင် ဓားမကို ထိုးထားသည်။
သူ၏ မြင့်မားသန်စွမ်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ပေါင်းစပ်လိုက်လျှင် တကယ်ပင် လုံခြုံမှုပေးနိုင်သည့် ပုံစံမျိုး ထွက်ပေါ်နေသည်။
မကြာမီမှာပင် သူတို့သည် ဟိုတယ် တစ်ခုရှေ့သို့ ရောက်လာကြသည်။
ဟိုတယ်ထဲတွင် လူတစ်ယောက် ရပ်နေသည် ကျီးကန်းမျက်လုံး နှင့် ဆိုင်အကူလေး ဖြစ်သည်။
လူကို အေးစိမ့်ခြောက်ခြားဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေ၏။ အလွန်ပင် တစ်မျိုးကြီး ဖြစ်နေသည်။
"ဧည့်သည်တော်... တည်းမလို့လား"
ဟု ဆိုင်အကူက ပြုံးလျက် မေးလိုက်သည်။
သူက မပြုံးခင်ကတည်းက ကြောက်စရာကောင်းနေသည်၊ ယခု ပြုံးလိုက်သောအခါတွင်မူ မျက်လုံးအိမ်ကြီးက ပြုတ်ကျလာတော့သည်။
လျူကျွင်းမှာ လန့်သွားလွန်းသဖြင့် အသက်ကို အမြန်အောင့်ကာ ပါးစပ်ကို လက်နှင့်ပိတ်ထားရသည်။
မဟုတ်လျှင် သူမ အော်မိတော့မည်မှာ သေချာသည်။
သူမ၏ မျက်နှာမှာလည်း သွေးရောင်မရှိအောင် ဖြူလျော်သွားတော့သည်။
"မတည်းဘဲနဲ့ ဒီကို ဘာလာလုပ်မှာလဲ "
ဟု လီယန်ချူက ကြမ်းတမ်းစွာ ဆိုလိုက်သည်။
ထို့နောက် ခြေထောက်နှင့် ပိတ်ကန်ကာ ပြုတ်ကျနေသော ဆိုင်အကူ၏ မျက်လုံးအိမ်ကို ဝုန်း ကနဲ နင်းခြေပစ်လိုက်တော့သည်။
လျူကျွင်း - "..."
တာအိုဆရာလီ... လမ်းမှာတုန်းကတော့ ဒီနေရာက အန္တရာယ်ရှိတယ်၊ သတိထားရမယ်လို့ ရှင့်ဘာသာ ပြောခဲ့တာ မဟုတ်ဘူးလား
လျူကျွင်းသည် ထိုချောမောသော တာအိုဆရာက သူမကို ဘာကြောင့် ခေါင်းတလားထဲမှာပဲ နေခိုင်းခဲ့သလဲဆိုတာ ယခုမှ နားလည်သွားတော့သည်။
ဆိုင်အကူမှာ ကြောင်သွားပြီးနောက် ရင်ဘတ်ထဲမှ မျက်လုံးအိမ်အသစ်တစ်စုံကို ထုတ်ယူကာ တပ်လိုက်ပြန်သည်။
သူက စိတ်မဆိုးသည့်အပြင် အေးစက်စက် အပြုံးကြီးဖြင့်ပင်
"ဧည့်သည်တော်... ကျုပ်နောက် လိုက်ခဲ့ပါ" ဟု ဆိုသည်။
ထိုမျက်လုံးအိမ်အသစ်မှာ သွေးချင်းချင်းနီနေပြီး အာရုံကြောများနှင့် သွေးကြောများပါ တွဲလောင်းပါနေသည်။
ကြည့်ရသည်မှာ လူတစ်ယောက်ဆီမှ အရှင်လတ်လတ် တူးထုတ်လာသည့်ပုံပင်။
မျက်လုံးထဲတွင်လည်း ထိတ်လန့်တုန်လှုပ်နေသော၊ အားကိုးရာမဲ့နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ထိုကဲ့သို့သော မျက်လုံးမျိုးက ပြုံးနေသော မျက်နှာပေါ်တွင် ရှိနေခြင်းမှာ အလွန်ပင် ကွဲလွဲနေသည်။
လျူကျွင်းမှာ လီယန်ချူ၏ နောက်ကနေ အသက်ရှူဖို့တောင် မရဲဘဲ သတိထားကာ လိုက်နေရသည်။
ရုတ်တရက်... အေးစက်စက် အလင်းတစ်ချက် လျှပ်သွားသည်။
လီယန်ချူက ဓားမကို ထုတ်ကာ ဝှေ့ယမ်းလိုက်ရာ လူခေါင်းတစ်လုံးမှာ မြေပြင်ပေါ်သို့ ဂလိမ့်... ဂလိမ့်... နှင့် ပြုတ်ကျသွားတော့သည်။
ထိုခေါင်းက ခြောက်ခြားဖွယ်ရာ မျက်လုံးကြီးများဖြင့် လီယန်ချူကို စိုက်ကြည့်နေဆဲပင်။
ဆိုင်အကူ၏ ကိုယ်လုံးမှာ ဘာမှမဖြစ်သလိုပင် လှည့်လာပြီး...
"ဧည့်သည်တော်... မင်း ဘာလုပ်တာလဲ "
ထိုလူသေခေါင်းမှ ထွက်လာသော အသံမှာ လေသံပင် မပြောင်းလဲပေ။
ထိုအခြေအနေမျိုးတွင် ထိုအသံက လူကို ကြက်သီးထစေသည့် အေးစိမ့်သော အငွေ့အသက်ကို ဆောင်နေသည်။
လီယန်ချူက သံတူကြီးကို အားကုန်လွှဲကာ ထိုလူသေခေါင်းကို ရိုက်ခွဲပစ်လိုက်တော့သည်။
ဦးနှောက်များ၊ အရိုးစများနှင့် သွေးများ မြေပြင်ပေါ်တွင် ပျံ့နှံ့သွားသည်။
မြင်ကွင်းက အလွန်ပင် သွေးပျက်စရာကောင်းလှသည်။
လီယန်ချူသည် မျက်လုံးကို မှိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်စွမ်းအင် များမှာ ဖြည်းဖြည်းချင်း နိုးထလာတော့သည်။
ပထမအဆင့် အစောပိုင်း
သူ ပြုံးလိုက်သည်။
တကယ်တော့ ဒါဟာ သွေးလမင်းမြို့ကလေးရဲ့ မှန်ကန်တဲ့ ကစားနည်း ဖြစ်နေတာကိုး။
***