လျူကျွင်းတစ်ယောက် အံ့အားသင့်ကာ မှင်သက်နေမိသည်။ ဒီတာအိုဆရာလေးက တကယ်ကို ကြမ်းလွန်းလှသည်။
ဟိုတယ်အတွင်းမှ နောက်ထပ် ဆိုင်အကူတစ်ယောက် ထွက်လာပြန်သည်။
ဤတစ်ကြိမ် ဆိုင်အကူမှာ ငါးသေမျက်လုံး တစ်စုံနှင့် ဖြစ်သည်။
မျက်ဝန်းအစုံမှာ အသက်မဲ့နေသော်လည်း အပြုံးမှာမူ အလွန်ပင် တောက်ပနေသည်။
"ဧည့်သည်တော်... အတွင်းကို ကြွပါခင်ဗျာ"
သူက ကိုယ်ကိုကိုင်းညွတ်ကာ လီယန်ချူကို ထက်ထက်သန်သန် ဖိတ်ခေါ်နေသည်။
"ကောင်းပြီ " လီယန်ချူက ခေါင်းညိတ်ပြလိုက်သည်။
ဆိုင်အကူက ရှေ့မှဦးဆောင်ကာ အတွင်းသို့ လျှောက်သွားသောအခါ လီယန်ချူက ယခင်နည်းအတိုင်းပင်... လက်ကိုမြှောက်၊ ဓားကိုဝှေ့ယမ်းလိုက်ရာ ငါးသေမျက်လုံးနှင့် ဆိုင်အကူ၏ ခေါင်းမှာ မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားတော့သည်။
ထို့နောက် အားပါလှသော သံတူကြီးဖြင့် တစ်ချက်တည်း ထုနှက်လိုက်ရာ ချက်ချင်းပင် ကြေမွသွားတော့သည်။
ဒုတိယမြောက် ဆိုင်အကူလည်း အနိစ္စရောက်သွားလေပြီ
သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများမှာ ဆက်လက်နိုးထလာပြန်သည်။
ပထမအဆင့် အလယ်ပိုင်း
လျူကျွင်းမှာ ထိုတာအိုဆရာလေး၏ လုပ်ရပ်များကိုကြည့်ရင်း အံ့ဩလွန်း၍ ဦးရေပြားပင် ထုံကျင်လာရသည်။
သူမ၏ ရင်ဘတ်မှာလည်း လှိုက်မောစွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
ဒီနေရာက သရဲတွေက သတ်ရတာ ဒီလောက် လွယ်တာလား
အမှန်စင်စစ် လီယန်ချူသည် ကျင့်စဉ်စွမ်းအားများ အပိတ်ခံထားရသော်လည်း သူ၏ တိုက်ပွဲအတွေ့အကြုံများမှာ ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း သာမန်လူထက် အများကြီး သာလွန်သည်။
ဒါဟာ အတွင်းအားမပါတဲ့ လင်းဟူချုံက ဒုက္ခကိုးသွယ်ဓားသိုင်း ကို သုံးပြီး တိုက်ခိုက်နေသလိုပင်။
နည်းစနစ်ပိုင်းအရ လုံးဝ အသာစီးရနေခြင်း ဖြစ်သည်။
တခြားတစ်ယောက်သာဆိုလျှင် ထိုဖုတ်ကောင်၏ မြန်နှုန်း၊ ခွန်အားနှင့် ခုခံနိုင်စွမ်းကို မည်သို့မှ ယှဉ်နိုင်မည်မဟုတ်ပေ။
ဆိုင်အကူမှာပင် လျင်မြန်သော တုံ့ပြန်မှုရှိပြီး သူ၏မျက်လုံးများကလည်း လူ၏ဝိညာဉ်ကို ဆွဲထုတ်နိုင်သည့် ခြောက်ခြားဖွယ် စွမ်းအားရှိသည်။
သို့သော် လီယန်ချူအပေါ်တွင်မူ ထိုစွမ်းအားများက ထိရောက်ပုံမရပေ။
သရဲက လူဆိုးကို ကြောက်တယ် ဆိုသည့် စကားပုံမှာ လီယန်ချူအတွက် အလွန်မှန်ကန်လှသည်။
မျက်တောင်မခတ်ဘဲ လူသတ်ရဲသည့် လောကီလူမိုက်များ၊ လူသားစား မိစ္ဆာများ၊ နတ်ဆိုးသရဲများနှင့် ကြောက်မက်ဖွယ် ကန့်သတ်နယ်မြေပေါင်းများစွာမှာ လီယန်ချူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးဖြစ်သည်။
သူ၏ အရှိန်အဝါမှာ သာမန်လူဆိုးတစ်ယောက်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
သူတို့ ကစားနေသည့် အဆင့်အတန်းချင်းက လုံးဝကို ကွာခြားလွန်းလှသည်။
တတိယမြောက် ဆိုင်အကူ ထွက်လာပြန်သည်။
ဤတစ်ကြိမ်မှာမူ ခွေးမျက်လုံး နှင့် ဖြစ်သည်။
ခွေးမျက်လုံးက လူကို အထင်သေးတတ်တယ် ဟု ဆိုရိုးရှိသော်လည်း၊ ဤဆိုင်အကူမှာမူ အဝေးကနေ မြင်ရုံနှင့် လမ်းလျှောက်လာရာမှ ရပ်တန့်သွားသည်။
သူသည် လီယန်ချူကို သတိကြီးစွာဖြင့် စိုက်ကြည့်နေပြီး ရှေ့သို့ မတိုးရဲတော့ပေ။
"ဘာလဲ...မင်းတို့မှာလည်း သိစိတ်ရှိတာပဲလား "
လီယန်ချူက အေးစက်စက် လှောင်ရယ်လိုက်သည်။
ရှူး
လက်ထဲမှ ဓားမမှာ အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားတော့သည်။
ဆိုင်အကူမှာ မရှောင်နိုင်ဘဲ ခေါင်းတည့်တည့်ကို ဓားထိမှန်သွားသည်။
သွေးများ ပန်းထွက်လာသော်လည်း မျက်လုံးအစုံမှာ တလိမ့်လိမ့် လည်နေဆဲပင်။
ကြောက်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။
"ချုပ်စမ်း"
လီယန်ချူက လက်ညှိုးဖြင့် ညွှန်ကာ တာအိုအတတ်ကို အသုံးပြုလိုက်သည်။
ပထမအဆင့် အလယ်ပိုင်း စွမ်းအားဖြင့် သာမန်ဆိုင်အကူတစ်ယောက်ကို ချုပ်ထားရန်မှာ ဘာမှ မခဲယဉ်းပေ။
သူသည် သံတူကြီးကို တရွတ်တိုက် ဆွဲလျက် အေးစက်သော မျက်နှာထားဖြင့် လျှောက်သွားသည်။
"ဧည့်သည်တော်... အတွင်းကို ကြွပါ..."
လီယန်ချူသည် သံတူဖြင့် ထိုဆိုင်အကူ၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။
ပထမအဆင့် နောက်ပိုင်း
သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျင့်စဉ်စွမ်းအားများမှာ ချက်ချင်းပင် ပြည့်လျှံလာတော့သည်။
ခဏမျှ စောင့်နေသော်လည်း နောက်ထပ် ဘယ်သူမှ ထွက်မလာတော့သဖြင့် လီယန်ချူက သံတူကို မြှောက်ကာ...
"ငါ့နောက် လိုက်ခဲ့၊ အထဲကလူတွေကို အကုန်ရှာထုတ်မယ် "
သူတို့က ထပ်မထွက်လာတော့ဘူးပေါ့ သူသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် နောက်ဖေးမီးဖိုချောင်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားတော့သည်။
သံတူပေါ်တွင် သွေးစက်များနှင့် ဦးနှောက်အဖတ်များမှာ ပေကျံနေပြီး ကြည့်ရသည်မှာ အလွန်ပင် ရင်လေးစရာကောင်းလှသည်။
လျူကျွင်းမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း အမြန်လိုက်သွားရသည်။
ဒီတာအိုဆရာလီက ဘာလို့ သရဲထက်တောင် ပိုပြီး ကြမ်းနေရတာလဲ။
ဗုန်း
လီယန်ချူက မီးဖိုချောင်တံခါးကို ကန်ဖွင့်လိုက်သည်။
လျူကျွင်း၏ အမြင်တွင် ထိုအမူအရာမှာ ကျားရဲတစ်ကောင်ကဲ့သို့ ခက်ထန်ရဲရင့်လှသည်။
သို့သော် ဤသည်မှာ လီယန်ချူ၏ အနူးညံ့ဆုံး အချိန်ပင် ဖြစ်သည်။
အကြောင်းမှာ သူ၏ သိုင်းပညာရှင် ခန္ဓာကိုယ်နှင့် သွေးကြောထဲက အရှိန်အဝါတွေက အပြည့်အဝ ပြန်မရသေးသောကြောင့် ဖြစ်သည်။
မီးဖိုချောင်အတွင်းရှိ စားပွဲပေါ်တွင် ဆံပင်ဖရိုဖရဲနှင့် လူငယ်တစ်ယောက် အချည်ခံထားရသည်။
သူ၏ ရင်ဘတ်မှ အဝတ်အစားများမှာ ဆွဲဖြဲခံထားရပြီး၊ ပါးစပ်ထဲတွင်လည်း တစ်ခုခု ဆို့ထားသဖြင့် "ဝူး... ဝူး..." နှင့် ဘာမှမပြောနိုင်ရှာပေ။
သူသည် အဆက်မပြတ် ရုန်းကန်နေပြီး မျက်ဝန်းများတွင် အားကိုးရာမဲ့သော အရိပ်အယောင်များဖြင့် အတော်ပင် ထိတ်လန့်နေပုံရသည်။
ကိုယ်လုံးတီးနှင့် ဗိုက်ပူပူ၊ ခန္ဓာကိုယ်အချိုးအစား ကြီးမားလှသော သားသတ်သမားတစ်ဦးကမူ အရေခွံနွှာသည့် ဓားတစ်လက်ကို ကိုင်လျက်၊ ထိုလူငယ်ကို သားကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
ထိုလူငယ်မှာ မူလကတည်းက အားနည်းပုံရသော်လည်း ယခုအခါ မျက်နှာတွင် သွေးအရောင်မရှိဘဲ ပို၍ပင် အားနည်းနေပုံရသည်။
ပတ်ဝန်းကျင်တွင်လည်း သွေးချင်းချင်းနီနေသော လူသေအလောင်းများကို ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ်ကာ ချိတ်ဆွဲထားကြသည်။
အိုးကြီးထဲတွင် အသားများ ပြုတ်ထားပြီး ပွက်ပွက်ဆူနေကာ၊ ပြတ်နေသော လက်များနှင့် လူခေါင်းများမှာ ရေပေါ်တွင် ပေါ်လိုက်၊ မြုပ်လိုက် ဖြစ်နေသည်။
လေထုထဲတွင် အော့အန်ချင်စရာကောင်းသော အနံ့ဆိုးများဖြင့် ပြည့်နှက်နေသည်။
အရပ်ရှည်ရှည် သားသတ်သမားကြီးမှာ တံခါးကန်သံကြောင့် အေးစက်စက် လှည့်ကြည့်လိုက်ပြီး သူ၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားသည်။
ထိုလူငယ်မှာ အစပိုင်းက အားကိုးရာမဲ့နေသော်လည်း လာသူကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် တွန့်လိမ်လှုပ်ရှားနေတော့သည်။
ကြည့်ရသည်မှာ ပျော်ရွှင်နေသည့် လောက်ကောင်တစ်ကောင်နှင့်ပင် တူလှသည်။
လီယန်ချူသည် ထိုလူငယ်ကို မှတ်မိသွားသဖြင့် ဘာမှမပြောဘဲ လက်ထဲက ဓားမကို အားကုန်လွှဲပေါက်လိုက်တော့သည်။
အေးစက်သော အလင်းတန်း တစ်ခု ဖြတ်သန်းသွားသည်။
ဒေါင်
ထိုအရပ်ရှည်ရှည် သားသတ်သမားကြီးက လေးလံလှသော ဓားမကို သူ၏ဓားနှင့်ပင် ခုတ်ချလိုက်ကာ လီယန်ချူကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။
လီယန်ချူက ချုပ်နှောင်သည့် တာအိုအတတ်ကို သုံးလိုက်ပြီးနောက် သံတူကို ကိုင်ကာ အားရှိပါးရှိ ပြေးဝင်သွားတော့သည်။
အရှိန်အဝါမှာ အလွန်ပင် ခက်ထန်လှသည်။
သားသတ်သမားကြီးသည်လည်း လက်ထဲမှ ကျန်းဝေကို လွှတ်လိုက်ပြီး၊ ဘေးနားက စားပွဲပေါ်တွင်ရှိသော နောက်ကျောထူပြီး ဓားသွားပါးသည့် ဝက်သတ်ဓားကြီးကို ကောက်ကိုင်လိုက်သည်။
ဒေါင် ဒေါင်
မီးပွင့်များ ပန်းထွက်ကုန်သည်။
လူနှစ်ဦးမှာ ဒိုင်ကနဲ၊ ဗုန်းကနဲ တိုက်ခိုက်နေကြတော့သည်။
သားသတ်သမားကြီး၏ ဝက်သတ်ဓားမှာ လေးလံပြီး ထက်မြက်လှရာ လီယန်ချူ၏ သံတူနှင့် ယှဉ်လျှင် နိမ့်ပါးခြင်းမရှိပေ။
ဆယ်စက္ကန့်ခန့် တိုက်ခိုက်ပြီးနောက် လီယန်ချူ၏ သံတူမှာ ဓားချက်ကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။
ဤအရာမှာ သာမန်သံတူတစ်ခုသာ မဟုတ်ပါလား။
ဟူး
ဝက်သတ်ဓားကြီးက ခါးလယ်သို့ ရည်ရွယ်ကာ ဝှေ့ယမ်းလာသည်။
မြန်လွန်းလှသဖြင့် သာမန်မျက်စိနှင့်ပင် မမြင်နိုင်ချေ။
သို့သော် လီယန်ချူက သူ၏ သိုင်းပညာ အတွေ့အကြုံဖြင့် သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။
ထိုကောင်မှာ သာမန်သရဲတွေလို မဟုတ်ဘဲ အတော်လေး ကြမ်းလှသည်။
"ကောင်းကင်မြေပြင်၏ လျှို့ဝှက်ချက်၊ စွမ်းအားအပေါင်းတို့၏ မြစ်ဖျားခံရာ မဟာကပ်ကမ္ဘာပေါင်းများစွာကို ကျော်လွှားပြီး ငါ၏တန်ခိုးအာဏာကို သက်သေထူစေ ဘုံသုံးပါးအတွင်းအပြင်၌ တာအိုတရားသာ အထွတ်အထိပ်၊ အမိန့်တော်အတိုင်း ဖြစ်စေ"
လီယန်ချူ၏ အသံအဆုံးမှာပင် သူ၏ တစ်ကိုယ်လုံးမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာရာ မျက်စိပင် မဖွင့်နိုင်လောက်အောင်ပင် ဖြစ်သည်။
တာအိုဂိုဏ်း၏ မန္တန်ရှစ်ပါးထဲမှ တစ်ခုဖြစ်သော ရွှေရောင်အလင်းဂါထာ
ထိုအရပ်ရှည်ရှည် သားသတ်သမားကြီးမှာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ ဆုတ်သွားသည်။
သူက သရဲတစ်ကောင်ဖြစ်သဖြင့် တာအိုဂိုဏ်း၏ ရွှေရောင်အလင်းနှင့် တွေ့သောအခါ အကြီးအကျယ် အထိနာသွားခြင်းပင်။
လီယန်ချူက အရှိန်ဖြင့် ပြေးဝင်ကာ သားသတ်သမားကြီး၏ လက်ထဲက ဝက်သတ်ဓားကို လှမ်းဖမ်းလိုက်သည်။
လိမ္မာပါးနပ်သော အားသုံးမှုတစ်ခုဖြင့် ဝက်သတ်ဓားမှာ လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
ထျန်းကန်းလက်ဝါး ဧရာမဖမ်းဆီးခြင်းအတတ်
ထို့နောက် သူ၏ လက်မောင်းကြွက်သားများ တင်းမာသွားကာ ခါးကိုအသုံးပြု၍ အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်တော့သည်။
လျိုယန်ဓားသိုင်း
ပူပြင်းသော သွေးအရှိန်အဝါနှင့် ယန်စွမ်းအားများ မပါဝင်သော်လည်း၊ ထိုဓားသိုင်းမှာ အလွန်ပင် ကြမ်းတမ်းလှဆဲပင်။
ဖျပ်
ကြီးမားလှသော လူခေါင်းကြီးမှာ အပေါ်သို့ ပျံတက်သွားသည်။
သားသတ်သမားကြီး၏ ခေါင်းပြတ်အလောင်းကြီးမှာ ဗုန်းကနဲ မြေပေါ်သို့ လဲကျသွားကာ ချက်ချင်းပင် သေဆုံးသွားတော့သည်။
သူက တိုက်ရည်ခိုက်ရည်ရှိပြီး ကြမ်းတမ်းသော်လည်း ဆိုင်အကူတွေလောက်တော့ ခံနိုင်ရည်မရှိလှပေ။
အားပါလှသော စွမ်းအင်တစ်ခု လီယန်ချူ၏ ခန္ဓာကိုယ်အတွင်း နိုးထလာပြန်သည်။
ဒုတိယအဆင့် အစောပိုင်း
သူ၏ မျက်ဝန်းများ တောက်ပသွားပြီး ပြုံးလိုက်မိသည်။
ဒုတိယအဆင့် အစောပိုင်းသို့ ရောက်လျှင် အရာဝတ္ထုထိန်းချုပ်ခြင်းအတတ် နှင့် မီးထိန်းချုပ်ခြင်း တို့ကို အသုံးပြုနိုင်သည်။
ချုပ်နှောင်ခြင်းအတတ်နှင့် နတ်ပင့်ဖိတ်ခြင်းအတတ်တို့၏ စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးတက်လာပြီး၊ ဝိညာဉ်ခွဲထုတ်ခြင်းအတတ် ကိုပါ အသုံးပြုနိုင်ပြီ ဖြစ်သည်။
ဤသည်မှာ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်သည်။
အကယ်၍ ဒုတိယအဆင့် အလယ်ပိုင်းသို့ ရောက်လျှင်မူ ဝိညာဉ်ပုံရိပ် ကို အသုံးပြုနိုင်မည်ဖြစ်ပြီး၊ လုံဟူတောင်၏ ထိုက်ကျိ ယင်ယန် လျှို့ဝှက်အတတ် ကိုပါ ထုတ်သုံးကာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
သူသည် ဦးစွာ ကျန်းဝေကို ကယ်တင်လိုက်ပြီး မေးလိုက်သည်။
"မင်းက ဘယ်လိုဖြစ်ပြီး ဒီလူတွေဆီမှာ အဖမ်းခံနေရတာလဲ "
ထိုကောင်ကတော့ တကယ်ကို ကံဆိုးလွန်းလှသည်။ ကျန်းဝေမှာ ထိတ်လန့်ဝမ်းသာစွာဖြင့်
"စီနီယာ ချောင်ချောင်... ခင်ဗျားကို ကြည်ညိုတဲ့ ကျုပ်ရဲ့စိတ်က မြစ်ရေတွေလိုပဲ အဆုံးအစမရှိ စီးဆင်းနေပါတယ် "
ရုတ်တရက် သူ တစ်ခုခုကို သတိရသွားသည်။
သူက အလောတကြီးဖြင့်
"စီနီယာ... အမြန်သွားပါဦး၊ ဒုတိယထပ်က အခန်းနံပါတ် (၆) ကို သွားပါ။ ကျိချင်းကိုယ်တော်က ကျုပ်ကို ကယ်ဖို့ ကြိုးစားရင်းနဲ့ သရဲတစ်ကောင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်၊ အခု ဘာဖြစ်နေပြီလဲ မသိဘူး "
သူလည်း အောက်ထပ်ဆင်းလာကာမှ သားသတ်သမားသရဲရဲ့ ဖမ်းဆီးခြင်းကို ထပ်ခံလိုက်ရတာဖြစ်မည်ဟု မထင်ထားခဲ့မိပေ။
လီယန်ချူ၏ မျက်နှာမှာ တည်ကြည်သွားသည်။
ဒုတိယထပ်လား
***