သွေးရောင်လမင်း လွှမ်းခြုံထားသည့် ဤမြို့ကလေးတွင် ထူးခြားသော စည်းမျဉ်းတစ်ခု ရှိနေသည်။
ထိုနေရာတွင် တာအိုပညာနှင့် သိုင်းပညာများမှာ အသုံးမဝင်တော့ဘဲ သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်။
အထူးသဖြင့် နေရာတိုင်းတွင် ထူးဆန်းခြောက်ခြားဖွယ်ရာများနှင့် အန္တရာယ်များ ဝန်းရံနေခြင်းပင်။
သာမန်လူတစ်ယောက်အနေနှင့် ဤသို့သောအခြေအနေမျိုးတွင် စွန့်စားရန် ဝေးစွ၊ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ကိုသာ အဓိကထားမည် ဖြစ်သည်။
ထို့ပြင် ဤဟိုတယ်၏ အန္တရာယ်ရှိမှုမှာ ဖူဆိုဆိုင် ထက် သိသိသာသာ ပိုကြီးမားနေသည်။
ထိုအရပ်ရှည်ရှည် သားသတ်သမားသရဲမှာပင် ကြမ်းတမ်းရက်စက်လှပြီး သူ၏သားသတ်ဓားမှာလည်း မြန်ဆန်၍ လေးလံလှသည်။
သူ့ကို တိုက်ခိုက်ရန်မှာပင် ခဲယဉ်းလှပြီဖြစ်ရာ ဒုတိယထပ်တွင်မူ ပို၍ကြီးမားသော ထိတ်လန့်ဖွယ်ရာများ ရှိနေနိုင်ပေသည်။
ဤအချိန်တွင် တစ်ခါမျှသာ ဆုံဖူးသည့် သူစိမ်းတစ်ယောက်ကို သွားကယ်ခြင်းမှာ အလွန်ပင် မိုက်မဲသော ရွေးချယ်မှုဖြစ်ပြီး သူတော်စင် လုပ်နေသလိုပင် ဖြစ်နေပေလိမ့်မည်။
သို့သော် လီယန်ချူသည် ခဏမျှ စဉ်းစားပြီးနောက် တက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
"ကျားရဲရဲ့ ရှေ့မှာ ချောက်ကမ်းပါး မရှိဘူး၊ သူရဲဘောကြောင်တဲ့သူ့ရှေ့မှာတော့ အတားအဆီးတွေပဲ ရှိတာ "
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
အေးရော... ဂရုမစိုက်ဘူး၊ ကြုံတာနဲ့ အကုန်ချပစ်မယ်
ဒေါက် ဒေါက် ဒေါက်
လူသုံးဦးလုံး အပေါ်ထပ်သို့ အမြန်တက်လာကြသည်။
ကျန်းဝေနှင့် လျူကျွင်းတို့မှာ ခြေရှုပ်လက်ရှုပ် ဖြစ်နေသော်လည်း၊ ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်တွေရဲ့ ထုံးစံအရ သူတို့ကို အောက်ထပ်မှာ ထားခဲ့လျှင် ရှစ်ပုံတစ်ပုံလောက်က ပျောက်ဆုံးသွားဖို့ သေချာနေသည်။
သို့မဟုတ်လျှင်လည်း အမည်မသိ ထူးဆန်းသော အရာတစ်ခုခု၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ပြီးလျှင် အလောင်းနှင့် ဝေဝါးသော သဲလွန်စလေးအချို့သာ ကျန်ရစ်ပေလိမ့်မည်။
လီယန်ချူကတော့ တစ်ကယ်လို့ သေရမှာဆိုရင်လည်း သူတို့နှစ်ယောက်ကို သူ့မျက်စိရှေ့မှာပဲ သေခိုင်းတာ ပိုကောင်းလိမ့်မည်ဟု ယူဆသည်။
သူ၏လက်ထဲတွင် သားသတ်သမားသရဲဆီမှ ရထားသော သွေးစွန်းနေသည့် ဝက်သတ်ဓားကြီးကို ကိုင်ထားပြီး၊ သူ၏ ပြတ်သားထင်ရှားသော မျက်နှာတွင် ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ ယှက်သန်းနေသည်။
စင်ကြယ်သော သူ၏ တာအိုဝတ်ရုံပေါ်တွင်လည်း သွေးစက်များ ဗရပွနှင့်ဖြစ်ရာ၊ ဤဟိုတယ်ထဲတွင် သူ၏ပုံစံမှာ သရဲတစ်ကောင်နှင့် ပိုတူနေသည်။
၎င်းမှာမှ အလွန်ပင် ကြမ်းတမ်းသော သရဲမျိုးပင်။
"အခန်းနံပါတ် (၆) ထဲမှာ ဘယ်လို သောက်သရဲ ရှိနေတာလဲ "
လီယန်ချူက မေးလိုက်သည်။
"ဘာမှတော့ မမြင်ရဘူး၊ နာရေးပိုင်း တစ်ခုပဲ အပူဇော်ခံထားတာ။ အခန်းတံခါးကလည်း တင်းတင်းပိတ်ထားတာမို့ လုံးဝဖွင့်လို့မရဘူး။ ကျုပ်နဲ့ ကျိချင်းကိုယ်တော် ထွက်ပြေးဖို့ အတော်လေး ကြိုးစားခဲ့ရတယ်၊ ဒါပေမဲ့ သူကတော့ ထူးဆန်းတဲ့ အရာတစ်ခုရဲ့ ဖမ်းဆီးပြီး ပြန်ခေါ်သွားတာ ခံလိုက်ရတယ်"
ဟု ကျန်းဝေက ပြောပြသည်။
"မင်းကတော့ ဒီအတိုင်း ထွက်ပြေးလာတာပေါ့"
လီယန်ချူက မျက်မှောင်ကြုတ်လိုက်သည်။
"ကျိချင်းကိုယ်တော်က မဟာယာနဗုဒ္ဓဂိုဏ်းဝင် စိတ်ပုတီးတစ်ကုံး တွေ့ခဲ့တယ်၊ အဲဒီအပေါ်မှာ ဆရာတော်ကြီးတွေရဲ့ ကျင့်စဉ်စွမ်းအားတွေ ပါတယ်လေ။ ကျုပ်မှာတော့ ဘာမှမရှိဘူး၊ အဲဒီမှာ ဆက်နေရင်လည်း သေဖို့ပဲ ရှိတာ"
ဟု ကျန်းဝေက ရှင်းပြသည်။
"အင်း... တခြားအခန်းတွေမှာရော လူရှိလား"
လီယန်ချူက ထပ်မေးသည်။
"အခန်းနံပါတ် (၅) ထဲမှာတော့ အသံတွေ ကြားရသလိုပဲ၊ ကျန်တဲ့အခန်းတွေကတော့ တိတ်ဆိတ်နေတယ်။ ဒါပေမဲ့ ကျုပ်ခံစားရတာတော့ ဧည့်သည်တွေ ရှိနေလောက်တယ်"
ဟု ကျန်းဝေက ဆိုသည်။
အသံတဲ့လား... လီယန်ချူက ကျန်းဝေကို တစ်ချက်ကြည့်ကာ
"ယောကျ်ားလား မိန်းကလေးလား "
ကျန်းဝေက ကြောင်သွားပြီး
"ယောကျ်ားပါ၊ တစ်ယောက်တည်းလည်း မဟုတ်ဘူးထင်တယ်"
ကြည့်ရသည်မှာ ထိုကောင်က သတင်းအချက်အလက် အများကြီး မပေးနိုင်တော့သဖြင့် လီယန်ချူက ထပ်မမေးတော့ဘဲ ဓားကိုကိုင်ကာ အပေါ်သို့ တရှိန်ထိုး တက်သွားတော့သည် အရှိန်အဝါကတော့ အလွန်ပင် ခက်ထန်လှသည်။
အခန်းနံပါတ် (၆) ရှေ့သို့ ရောက်သောအခါ ကျန်းဝေက လက်ညှိုးထိုးပြသည်။
"ဒီမှာပဲ စီနီယာ... ကျုပ်တို့ ဘာလုပ်ကြမလဲ"
လီယန်ချူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး... ဗုန်း
တံခါးကို ကန်ဖွင့်လိုက်တော့သည်။
ကျန်းဝေ - "..."
ဒီလောက်တောင် တိုက်ရိုက်ကြီးလား
အခန်းထဲတွင် ဘယ်သူမှမရှိပေ။
စားပွဲပေါ်တွင် နာရေးပိုင်း တစ်ခုကို အပူဇော်ခံထားပြီး၊ အပေါ်တွင် ချစ်လှစွာသောသမီးတော် လျူကျွင်း၏ နာရေးပိုင်း ဟု ရေးသားထားသည်။
လီယန်ချူ၏ မျက်ဝန်းများ ကျုံ့သွားသည်။
လျူကျွင်း
ကျန်းဝေကတော့ ဘာမှမသိရှာပေ။
သူက ခေါင်းလေးပြူကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
ကျိချင်းကိုယ်တော်၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ။
လျူကျွင်းမှာမူ နောက်မှကပ်လိုက်လာရင်း နာရေးပိုင်းပေါ်က စာသားကို မြင်လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
လျူကျွင်းမှာ အလွန်အမင်း ထိတ်လန့်သွားရှာသည်။
"ပုံမှန် ထိတ်လန့်စရာ ဇာတ်လမ်းတွေရဲ့ ထုံးစံအရဆိုရင်တော့... ဒီအချိန်မှာ နင်က အေးစက်စက်နဲ့ မဲ့ပြုံးပြုံးပြီး၊ ငါ့ဘေးမှာ ကပ်လိုက်လာတဲ့ သရဲက နင်ပါလို့ ပြောရတော့မှာ"
လီယန်ချူက အေးအေးဆေးဆေး ပြောလိုက်သည်။
ကျန်းဝေ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး အလောတကြီး မေးလိုက်သည်။
"စီနီယာ... ဘာတွေ ဖြစ်နေတာလဲ "
လီယန်ချူက
"သူက လျူကျွင်းပဲ၊ လျူမျိုးနွယ်စုရဲ့ မျိုးဆက်"
"ဘာ"
ကျန်းဝေမှာ အလန့်တကြား အော်မိသွားသည်၊
"ဒါဆို ဒီမှာ အပူဇော်ခံထားတာက သူ့ရဲ့ နာရေးပိုင်းပေါ့ "
ကျန်းဝေ၏ စိတ်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ချက်ချင်းပင် တက်လာပြီး ကျောပြင်တွင်လည်း ချွေးစေးများဖြင့် စိုရွှဲသွားတော့သည်။
လျူကျွင်းမှာမူ ထိတ်လန့်လွန်းသဖြင့် မျက်နှာကလေး ပျက်ယွင်းနေပြီး
"ကျမ တကယ် သရဲမဟုတ်ပါဘူး၊ ကျမက လူအစစ်ပါ"
ဟု ရှင်းပြနေရှာသည်။
သူမက တစ်ခုခုကို သတိရသွားဟန်ဖြင့် ကျန်းဝေကို ကြောက်လန့်တကြား လက်ညှိုးထိုးပြကာ
"သူပဲ ဖြစ်ရမယ် သူက ကျမတို့ကို ဒီကို ခေါ်လာတာ၊ သူပြောတာတွေလည်း အကုန်လုံး သူပြောတာပဲ၊ သူကမှ သရဲအစစ် ဖြစ်မှာ "
ကျန်းဝေမှာလည်း မျက်နှာပျက်သွားပြီး လျူကျွင်းနှင့် အကြီးအကျယ် ငြင်းခုံကြတော့သည်။
အခန်းတွင်းရှိ လေထုမှာ ထူးဆန်းခြောက်ခြားဖွယ် ကောင်းလာသော်လည်း လီယန်ချူကမူ တိတ်ဆိတ်နေသည်။
သူသည် နာရေးပိုင်းကို မော့ကြည့်လိုက်ရာ မျက်လုံးများမှာ ဓားကဲ့သို့ ထက်မြက်နေသည်။
"ကျန်းဝေ... သေချာစဉ်းစားစမ်း၊ စောစောက မင်း ဒီအခန်းထဲမှာ ရှိနေတုန်းက နာရေးပိုင်းပေါ်က နာမည်က လျူကျွင်း လို့ ရေးထားတာလား"
လီယန်ချူ၏ တည်ငြိမ်အေးစက်သော အသံကြောင့် ထိတ်လန့်တုန်လှုပ်နေသော ကျန်းဝေလည်း စိတ်ငြိမ်သွားသည်။
"စောစောက အခန်းထဲမှာ..."
ကျန်းဝေက မျက်မှောင်ကြုတ်ကာ စဉ်းစားသည်
"ကျုပ် သိပ်မမှတ်မိတော့ဘူး"
ခဏအကြာတွင် ကျန်းဝေမှာ တစ်ခုခုကို သတိပြုမိသွားကာ
"ကျုပ် သေသေချာချာ မှတ်မိနေတာပါ၊ ဘာလို့ အခုမှ မမှတ်မိတော့တာလဲ "
ဟု အံ့ဩတကြီး ဆိုသည်။
လီယန်ချူက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
စောစောက သူအော်လိုက်သည့် အသံထဲတွင် တာအိုဂိုဏ်း၏ စစ်မှန်သော စကားတော် များ ပါဝင်သဖြင့် စိတ်ဝိညာဉ်ကို နိုးကြားစေသော အာနိသင်ရှိသည်။
သူသည် ကိုယ်ကို လှည့်လိုက်ကာ
"မင်းက ငါနဲ့ ကစားချင်တာပေါ့လေ... ဟုတ်လား "
"ကောင်းပြီလေ"
လီယန်ချူက အေးစက်စက် ပြုံးလိုက်ပြီးနောက် လက်ထဲက ဝက်သတ်ဓားနှင့် နာရေးပိုင်းကို အားကုန်လွှဲခုတ်ချလိုက်တော့သည်။
ဒေါင်
သတ္တုချင်း ထိခိုက်သံကြီးက ဟိန်းထွက်သွားပြီး မီးပွင့်များပင် ပန်းထွက်ကုန်သည်။
ဖြူဖျော့နေသော လက်မောင်းတစ်ခုမှာ နာရေးပိုင်းအတွင်းမှ ထွက်ပေါ်လာပြီး လီယန်ချူ၏ ဓားချက်ကို တိုက်ရိုက်ပင် လှမ်းတားလိုက်ခြင်းဖြစ်သည်။
ဒေါင် ဒေါင် ဒေါင်
လီယန်ချူ၏ ဝက်သတ်ဓားမှာ ထိုဖြူဖျော့သော လက်မောင်းနှင့် အဆက်မပြတ် ရိုက်ခတ်နေပြီး၊ ကြည့်ရသည်မှာ ပူပြင်းနေသော သံတုံးကို သံတူကြီးနှင့် ထုနှက်နေသလိုပင်။
ထိုဝက်သတ်ဓားမှာ အရပ်ရှည်ရှည် သားသတ်သမားသရဲ၏ လက်သုံးဓားဖြစ်ပြီး အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သဖြင့် သွေးအငွေ့အသက်အလွန်ကြီးမားလှသည်။
ထို့ကြောင့် သရဲများကို သတ်ဖြတ်ရန်မှာ ဘာမှမခဲယဉ်းပေ။
သို့သော် ယခုအခါ ထိုထူးဆန်းသော နာရေးပိုင်းထဲမှ လက်မောင်းနှင့် ထိတွေ့မိသောအခါ၊ ဝက်သတ်ဓားမှာ တဖြည်းဖြည်းနှင့် သံချေးတက်ကာ ဆွေးမြည့်လာတော့သည်။
ကြည့်ရသည်မှာ နိမိတ်မကောင်းသော စွမ်းအားတစ်ခုခု ကူးစက်ခံလိုက်ရသလိုပင်။
ခွမ်း
ပြင်းထန်လှသော ခုတ်ချက်တစ်ခုအပြီးတွင် လီယန်ချူ၏ လက်ထဲမှ ဝက်သတ်ဓားမှာ အပိုင်းပိုင်း ကွဲကြေသွားတော့သည် ဓားရိုးမှာ ပြတ်ထွက်သွားပြီး သံစများမှာ လွင့်စင်ကုန်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျန်းဝေနှင့် လျူကျွင်းတို့မှာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
လီယန်ချူသည် သူတို့သုံးဦးလုံးအတွက် တစ်ဦးတည်းသော တိုက်ခိုက်ရေးစွမ်းအားဖြစ်ရာ၊ အကယ်၍ သူသာ တစ်ခုခုဖြစ်သွားလျှင် ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု က သိပ်မထိရောက်ဘူးပဲ... လီယန်ချူက မျက်မှောင်ကြုတ်လိုက်သည်။
ဧရာမခွန်အား၊ သွေးအရှိန်အဝါနှင့် ယန်အတွင်းအားများ မရှိတော့သဖြင့် ထိုကဲ့သို့သော အဆင့်မြင့် မိစ္ဆာမျိုးကို ရုပ်ပိုင်းဆိုင်ရာသက်သက်နှင့် တိုက်ခိုက်ရန်မှာ အတော်လေး ခဲယဉ်းနေသည်။
ထိုဖြူဖျော့သော လက်မောင်းမှာ ရုတ်တရက် ရှည်ထွက်လာပြီး လီယန်ချူ၏ လည်ပင်းကို ညှစ်ရန် ကြိုးစားလာသည်။
"ချုပ်စမ်း "
လီယန်ချူက အေးစက်စက် အော်လိုက်ရာ ထိုလက်မောင်းမှာ ချက်ချင်းပင် မလှုပ်မယှက် ရပ်တန့်သွားသည်။
တာအိုအတတ်
ချုပ်နှောင်ခြင်း
သူသည် ရင်ဘတ်ထဲမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ ထိုလက်ပေါ်သို့ တိုက်ရိုက်ပင် ကပ်လိုက်သည်
"ဒီအိမ်စောင့် မိစ္ဆာနှင်အဆောင်ကမှ အသုံးမဝင်ဘူးဆိုရင်တော့ လောလောဆယ် နောက်ဆုတ်ရတော့မယ်"
ဟု လီယန်ချူက စိတ်ထဲတွင် တည်ငြိမ်စွာ တွက်ချက်လိုက်သည်။
သူသည် ဒုတိယအဆင့် အစောပိုင်းတွင် တတ်မြောက်ထားသော တာအိုအတတ်များမှာ သတ်ဖြတ်ခြင်းထက် အထောက်အကူပြု ပိုင်းသို့ ပိုနွယ်နေသည်။
အကယ်၍ နတ်ပင့်ဖိတ်ခြင်းအတတ် ကို မသုံးလျှင် ထိုထူးဆန်းသော နာရေးပိုင်းကို နှိမ်နင်းရန် ခက်ခဲပေလိမ့်မည်။
သို့သော် နတ်ပင့်ဖိတ်ခြင်းအတတ်မှာ ဝိညာဉ်စွမ်းအင် အလွန်ကုန်ခဲလှသဖြင့် မဖြစ်မနေ အခြေအနေမျိုးမှလွဲ၍ သူ မသုံးချင်ပေ။
ထို့ပြင် ကျိချင်းကိုယ်တော်မှာလည်း ဤအခန်းထဲတွင် မရှိသဖြင့် ထိုနာရေးပိုင်းနှင့် အသေအလဲ တိုက်ခိုက်နေရန် မလိုအပ်ပေ။
ဤကဲ့သို့သော မင်္ဂလာမရှိသည့် နေရာမျိုးတွင် ကံကောင်းသော ကံတရား၏သားတော် များပင်လျှင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
အကြောင်းမှာ ဤနေရာတွင် ထူးခြားသော အိမ်မက်စည်းမျဉ်းများ ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် လီယန်ချူကတော့ ဘယ်တုန်းကမှ ကံတရား၏သားတော် မဟုတ်ခဲ့ပေ၊ သူကတော့ သက်သက်သာသာနှင့် ဇာတာခဲလှသူ သာ ဖြစ်သည်။
ကွဲအက်
ထိုထူးဆန်းသော နာရေးပိုင်းပေါ်တွင် သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
"ထိရောက်သားပဲ"
လီယန်ချူ၏ မျက်ဝန်းများ တောက်ပသွားတော့သည်။
***