"ကျိချင်းကိုယ်တော်... မင်း ဘယ်မှာလဲ "
သူ့အသံမှာ တိတ်ဆိတ်မှောင်မည်းနေသော လူသွားလမ်းတစ်လျှောက် ဟိန်းထွက်သွားတော့သည်။
"……" ကျန်းဝေမှာ ဆွံ့အသွားသည်။
"ကျုပ် ဒီမှာပါ..."
အခန်းနံပါတ် (၈) ထဲမှ ကျိချင်းကိုယ်တော်၏ အက်ရှရှအသံ ထွက်ပေါ်လာသည်။
သို့သော် တစ်ပြိုင်နက်တည်းမှာပင် အခန်းနံပါတ် (၉) အတွင်းမှလည်း ဗုန်း ဗုန်း ဟူသော တိုက်ခိုက်သံများ ထွက်ပေါ်လာပြန်သည်။
လီယန်ချူသည် ထိုတိုက်ခိုက်သံကို ဂရုမစိုက်ဘဲ အခန်းနံပါတ် (၈) ဆီသို့ အားမာန်ပါပါ လှမ်းလျှောက်သွားလိုက်သည်။
ထိုအခန်းမှာ ထူးခြားသည့်အချက် မရှိလှပေ။
နှာခေါင်းရှုံ့စရာ ပုပ်စပ်နံ့ သို့မဟုတ် သွေးညှီနံ့များလည်း မရဘဲ ကြည့်ရသည်မှာ အတော်လေး သန့်ရှင်းပုံရသည်။
လီယန်ချူသည် တံခါးကို ချက်ချင်းမဖွင့်သေးဘဲ အပြင်မှနေ၍ တစ်ခွန်း အော်ပြောလိုက်သည်။
"မင်းက ကျိချင်းကိုယ်တော် အစစ်ဖြစ်ကြောင်း သက်သေပြဖို့ စကားတစ်ခွန်း ပြောစမ်း၊ မဟုတ်ရင် ငါ ထွက်သွားမှာ"
အခန်းနံပါတ် (၈) အတွင်းရှိ အသံမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက်
"တာအိုဆရာ... ကျုပ်ကို ကယ်ပါဦး၊ ကျုပ်ခြေထောက် ဒဏ်ရာရထားလို့ပါ။ ကျုပ်က တကယ် ကျိချင်းပါ၊ စောစောက ကျန်းဝေ လွတ်သွားအောင် ကျုပ်ပဲ ကယ်ထုတ်လိုက်တာလေ"
ဟု ပြန်ရှင်းပြသည်။
ကျန်းဝေ၏ မျက်ဝန်းများ တောက်ပသွားသည်။
ကြည့်ရသည်မှာ ဤသူမှာ ကျိချင်းကိုယ်တော် အစစ်ပင် ဖြစ်ဟန်တူသည်။
သို့သော် သူသည် ဇွတ်အတင်း မလှုပ်ရှားရဲပေ၊ အကြောင်းမှာ သူသည် အားကိုးရာမဲ့သည့် လူနုံတစ်ယောက် ဖြစ်နေသောကြောင့်တည်း။
အရာရာကို စီနီယာချောင်ချောင်ကသာ ဆုံးဖြတ်ရမည် ဖြစ်သည်။
"ငါတို့ ပထမဆုံး စတွေ့တုန်းက ငါ့ရဲ့ တာအိုကျောင်းမှာ ချည်ထားတာက ခွေးဝါလား၊ ခွေးဖြူလား "
လီယန်ချူက မေးလိုက်သည်။
အခန်းနံပါတ် (၈) အတွင်းရှိ အသံမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
"ခွေးဝါပါ တာအိုဆရာ... ကျုပ်ကို ယုံကြည်ပေးပါ"
ခွေးဝါ မှာ ကျေးလက်တောရွာများတွင် အတွေ့ရဆုံးသော ခွေးမျိုးစိတ် ဖြစ်သည်။
"ဟက်... မင်းရဲ့ အရည်အချင်းက ဒီလောက်ပဲလား အတော်လေးကို နုံချာလွန်းပါတယ်"
လီယန်ချူက အေးစက်စက် ပြုံးလိုက်သည်။
သူသည် အခန်းနံပါတ် (၈) တံခါးရှေ့သို့ တံတွေးတစ်ချက် ထွေးလိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ အခန်းနံပါတ် (၉) ဆီသို့ ဦးတည်လိုက်သည်။
ကျန်းဝေနှင့် လျူကျွင်းတို့မှာလည်း သူ့နောက်မှ ကပ်လိုက်လာကြ၏။
လျူကျွင်းမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။
တာအိုဆရာလီ ဘာလို့ တံခါးမဖွင့်ဘဲ ပြန်ထွက်လာတာလဲ တာအိုဆရာလီ မွေးထားတာက ခွေးဖြူမို့လို့လား သူမသည် ဘေးနားမှ ကျန်းဝေ၏ ထူးဆန်းသော အပြုံးကို မြင်လိုက်ရသဖြင့် တိုးတိုးလေး မေးလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ တာအိုဆရာလီက ခွေးဖြူ မွေးထားတာလား "
"စီနီယာက ခွေးမမွေးဘူးဗျ... သူက မြည်းမည်းကြီး တစ်ကောင် မွေးထားတာ..."
ကျန်းဝေက ရယ်ချင်စိတ်ကို မနည်းအောင့်ထားရင်း ဖြေလိုက်သည်။
လျူကျွင်းမှာ ကြောင်သွားပြီးနောက် အသာအယာ ပြုံးမိသွားတော့သည်။
ဤကဲ့သို့ တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းလှသော ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ဟာသလေးတစ်ခု ဖြစ်သွားခြင်းမှာ လူ၏စိတ်ကို အနည်းငယ် ပေါ့ပါးသွားစေသည်။
လီယန်ချူသည် အခန်းနံပါတ် (၉) တံခါးရှေ့သို့ ရောက်သောအခါ တံခါးကို တိုက်ရိုက်ပင် တွန်းဖွင့်လိုက်သည်။
အခန်းထဲတွင် သန်မာထွားကျိုင်းသော လူငယ်ကိုယ်တော်တစ်ပါးမှာ ရင်ဘတ်တွင် သွေးများ စွန်းထင်းလျက် တံခါးနောက်၌ အားအင်ကုန်ခမ်းစွာ ထိုင်နေသည်။
လူသုံးဦး ဝင်လာသည်ကို မြင်သောအခါ သူသည် အလျင်အမြန်ပင် တိတ်တိတ်နေ ဟု အချက်ပြလိုက်သည်။
သူတို့ကို စကားမပြောခိုင်းဘဲ သူ၏ပါးစပ်ကို လက်ညှိုးထိုးပြကာ လည်ပင်းလှီးသည့် အမူအရာ ပြလိုက်သည်။
စကားလုံးမလိုဘဲ အဓိပ္ပာယ်ပေါ်လွင်လှသည်။ လီယန်ချူမှာ ချက်ချင်းပင် နားလည်သွားသည်။
ဒီအခန်းထဲမှာ အသံထွက်လို့ မရဘူးလား အသံထွက်တာနဲ့ အသတ်ခံရမှာလား ဟု သူစိတ်ထဲမှ ဆိုလိုက်သည်။
သို့သော် ကျိချင်းကိုယ်တော်၏ ပုံစံအရ လှုပ်ရှားနိုင်သေးပုံရသဖြင့် ထိုအခန်းမှာ လူကို ထွက်မသွားနိုင်အောင် ကန့်သတ်ထားသည့် သဘောရှိပေလိမ့်မည်။
သို့မဟုတ် တစ်နည်းအားဖြင့် ပြောရလျှင် လူက ထွက်ခွာရန် ကြိုးစားသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ခံရမည် ဖြစ်သည်။
သူ၏ မျက်ဝန်းများတွင် ကျင့်စဉ်အလင်းများ လက်ခနဲ ဖြစ်သွားပြီး အခန်းအတွင်းသို့ အေးစက်စွာ ကြည့်လိုက်သည်။
ကျိချင်းကိုယ်တော်က စားပွဲပေါ်ရှိ မှန်တင်ခုံ တစ်ခုကို လက်ညှိုးထိုးပြကာ လီယန်ချူကို မျက်ရိပ်ပြလိုက်သည်။
လီယန်ချူသည် သူ၏ ဝိညာဉ်စွမ်းအင်များကို မျက်လုံးတွင် စုစည်းကာ ကျင့်စဉ်မျက်လုံး ကို တိုက်ရိုက် အသုံးပြုကြည့်လိုက်ရာ...
မှန်ကန်ပေသည်။
ထိုမှန်တင်ခုံပေါ်တွင် သရဲတစ်ကောင် မှောက်လျက် ကပ်နေသည်။
ထိုသရဲတွင် မျက်လုံးမပါဘဲ အလွန်ပင် ကြီးမားလှသော နားရွက်တစ်စုံ ရှိနေကာ ပါးစပ်တစ်ခုလုံးတွင်လည်း အစွယ်များ ပြည့်နှက်နေပြီး ရုပ်ဆိုးလှသည်။
၎င်းမှာ အရွယ်ရောက်ပြီးသော ယောကျ်ားတစ်ဦး၏ ဦးခေါင်းခန့် ရှိပြီး မှန်တင်ခုံပေါ်တွင် ဝပ်နေကာ နားစွင့်နေခြင်း ဖြစ်သည်။
ထိုမိစ္ဆာမှာ လူ၏စကားသံကိုသာ ကြားနိုင်ပုံရပြီး၊ စကားပြောမှသာ တိုက်ခိုက်ခြင်း ဖြစ်သည်။
အခြားသော အသံများအတွက်မူ သူ၏ သတ်ဖြတ်ခြင်း စည်းမျဉ်းကို နိုးကြွစေမည် မဟုတ်ပေ။
ရုပ်ကသာ ဆိုးတာ... စည်းကမ်းကတော့ အတော်ကြီးတာပဲ (သူ့ဟာသူတော့ သောက်ကျင့် အတော်စနစ်ကျတာပဲ)
ဤအရာ၏ အရှိန်အဝါမှာ စောစောက နာရေးပိုင်းသရဲနှင့် သားသတ်သမားသရဲတို့ထက် များစွာ ပို၍ ရက်စက်ကြမ်းကြုတ်လှသည်။
ထိုနှစ်ကောင်ပေါင်းလျှင်ပင် နားရွက်ကြီးသရဲ လောက် မကြမ်းနိုင်ပေ။
အကယ်၍ စောစောက အခြေအနေမျိုးသာဆိုလျှင် လီယန်ချူအတွက် ဤအရာနှင့် ရင်ဆိုင်ရပါက အောင်နိုင်ခြေ အလွန်နည်းပါးပေလိမ့်မည်။
အိမ်စောင့် မိစ္ဆာနှင်အဆောင် သည်ပင် ဤမိစ္ဆာအပေါ်တွင် အာနိသင် အလွန်နည်းပါးပေလိမ့်မည်။
ထိုမိစ္ဆာမှာ လူ၏စကားသံအပေါ် အာရုံအလွန်ခံစားလွယ်သဖြင့်၊ သူ၏ သတ်ဖြတ်ခြင်းနည်းလမ်းမှာ ဝိညာဉ် ပိုင်းကို တိုက်ခိုက်ခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
ဆိုလိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာ သူ့အပေါ် အသုံးဝင်ချင်မှ အသုံးဝင်မည် ဖြစ်သည်။
ကိုင်တွယ်ရ အတော်ခက်ပေလိမ့်မည်
ကျိချင်းကိုယ်တော်နှင့် ကျန်းဝေတို့မှာလည်း ဤအချက်ကို အခြေခံအားဖြင့် ခန့်မှန်းမိကြသည်။
သူတို့ကလည်း တကယ်တမ်း အသုံးမကျသည့် လူနုံ တွေတော့ မဟုတ်ကြပေ။
ကျိချင်းကိုယ်တော်၏ စိတ်ထဲတွင် အတော့်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်။
သူက အသံထွက်ပြီး လီယန်ချူတို့ကို အန္တရာယ်ထဲ ဆွဲမသွင်းချင်ပေ၊ သို့သော် ဤနေရာမှာ ဆက်နေလျှင်လည်း သူတကယ် သေပေလိမ့်မည်။
အိပ်မက်ကမ္ဘာထဲတွင် သေဆုံးလျှင် အပြင်လောကမှာပါ အသက်ပျောက်မလား ဆိုသည်ကို မည်သူမှ မပြောနိုင်သော်လည်း၊ ကျိချင်းကိုယ်တော်မှာမူ တစ်ခုခုကို ခံစားနေရသည်။
အကယ်၍ တကယ် မသေဆုံးလျှင်တောင် သေခြင်းတရားထက် ပို၍ ထိတ်လန့်စရာကောင်းသော အရာတစ်ခုခု ဖြစ်လာနိုင်သည်ဟု သူ ခန့်မှန်းမိသည်။
ဤသည်မှာ သူ၏ ဝေခွဲမရဖြစ်နေသည့် အချက်ပင်။
သူ အသက်ရှင်ချင်သော်လည်း သူတစ်ပါးကိုတော့ ဒုက္ခမပေးချင်ပေ။
စောစောက တံခါးကို တိုက်ခိုက်ခဲ့ခြင်းမှာလည်း အသက်ရှင်လိုစိတ်ကြောင့် ဖြစ်သော်လည်း၊ ယခု လီယန်ချူ ဝင်လာသည်ကို မြင်သောအခါ သူ၏စိတ်ထဲတွင် အားနာစိတ်များ ဖြစ်ပေါ်နေမိသည်။
အကယ်၍ လီယန်ချူသာ ကျိချင်းကိုယ်တော်၏ အတွေးကို သိလျှင်၊ ထိုကိုယ်တော်မှာ ရုပ်ကသာ ကြမ်းတာ၊ လူကတော့ အတော်ရိုးသားတာပဲဟု တွေးမိပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် လီယန်ချူ၏ အာရုံအားလုံးမှာ မှန်တင်ခုံပေါ်က နားရွက်ကြီးသရဲဆီသို့သာ ရောက်နေသည်။
ဤကဲ့သို့သော ထူးဆန်းသည့် သတ်ဖြတ်ခြင်းစွမ်းရည်ရှိသည့် မိစ္ဆာမျိုးမှာ အလွန်ပင် လက်ပေါက်ကပ်လှသည်။
၎င်းကို ရှောင်လွှဲနိုင်ရန်အတွက် သူ၏ သတ်ဖြတ်ခြင်းစည်းမျဉ်းကို ရှာဖွေရပေလိမ့်မည်။
သို့သော် လီယန်ချူတွင်လည်း ကိုယ်ပိုင်နည်းလမ်း ရှိသည်။
သူ၏ စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း လည်ပတ်လာတော့သည်။
အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသော ထိုက်ကျိပုံရိပ် တစ်ခုမှာ သူ၏ ဦးခေါင်းထက်တွင် တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ဤထိုက်ကျီပုံရိပ်မှာ ကျန်းဝေ၏ လက်ထဲက အရာနှင့် မတူပေ။
ကျန်းဝေ၏ အရာမှာ ဓားပျံများကို ထိန်းချုပ်သည့် ကျင့်စဉ်လက်နက် သာ ဖြစ်သည်။
သို့သော် လီယန်ချူ၏ ဦးခေါင်းထက်မှ ထိုက်ကျိ ပုံရိပ်မှာမူ ထူးခြားဆန်းကြယ်လှသော မဟာတာအို ၏ အငွေ့အသက်များ ကိန်းဝပ်နေသည်။
ထိုက်ကျိပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံးမှာ အမည်းရောင်နှင့် အဖြူရောင် ပန်းချီကားတစ်ချပ်ကဲ့သို့ ပြောင်းလဲသွားတော့သည်။
မင်ရောင်သန်းနေသော စွမ်းအင်စီးကြောင်းများမှာ လီယန်ချူကို ဝန်းရံထားသည်။
ကြည့်ရသည်မှာ အလွန်ပင် မြင့်မြတ်လှသည်။
လီယန်ချူ၏ လောကမှာ အနှိုင်းမဲ့သော ချောမောသည့် မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ၊ အခန်းထဲရှိ လူသုံးဦးလုံးမှာ ချက်ချင်းပင် အံ့ဩမှင်သက်သွားကြတော့သည်။
အထူးသဖြင့် ဆံပင်နှစ်ဖက်ခွဲစည်းထားသည့် လူငယ်မိန်းကလေး လျူကျွင်းမှာမူ၊ ဒါဟာသာ ကာတွန်းကားဆိုလျှင် သူမမျက်လုံးထဲမှာ ပန်းရောင်နှလုံးသားလေးတွေ ထွက်နေလောက်ပြီ ဖြစ်သည်။
ကျန်းဝေမှာမူ ဝမ်းနည်းစရာကောင်းလောက်အောင် သတိပြုမိသွားသည်မှာ နှစ်ခုလုံးက ထိုက်ကျိ ပုံရိပ်တွေ ဖြစ်ပေမဲ့၊ ဟိုဘက်ကအရာက ဘယ်လိုကြည့်ကြည့် အဆင့်မြင့်လွန်းနေပြီး၊ မိမိကိုယ်ပိုင်အရာကို ပြန်ကြည့်လိုက်တော့မှ ပစ္စည်းအတု လိုမျိုး ခံစားလိုက်ရခြင်းပင်။
ထိုနှစ်ယောက်မှာတော့ အခြေအနေနှင့်မလိုက်အောင် အတွေးတွေ များနေကြသည်။
ကျိချင်းကိုယ်တော်မှာမူ သူ၏စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိသည်။
"ဝိညာဉ်ပုံရိပ် "
သူသည်လည်း ဤတန်ခိုးစွမ်းအားကို တတ်မြောက်ထားသဖြင့် ထိုထိုက်ကျိ ပုံရိပ်မှာ လီယန်ချူ၏ ဝိညာဉ်ပုံရိပ် ဖြစ်သည်ကို ချက်ချင်းပင် မှတ်မိလိုက်ခြင်းဖြစ်သည်။
ဗုန်း
မင်ရောင်စွမ်းအင်စီးကြောင်းတစ်ခုမှာ မှန်တင်ခုံပေါ်ရှိ နားရွက်ကြီးသရဲကို သွားရောက်ထိမှန်လိုက်သည်။
မည်သည့် အစွမ်းမှ မရှိပုံရသော ဤစွမ်းအင်မှာ ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် နားရွက်ကြီးသရဲကို ဝိညာဉ်လွင့်စင် ပျောက်ကွယ်သွားစေတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက်ပင် ဟုန်ချီတက်လာတော့သည်။
ဒုတိယအဆင့် နောက်ဆုံးပိုင်း
သို့မဟုတ် ကျင့်ကြံသူများ အခေါ်အရ ယင်ဝိညာဉ် အထွတ်အထိပ်
ထိုအဆင့်သို့ ပြန်ရောက်သွားသည်နှင့် သူ၏ ကျင့်စဉ်အတတ်အားလုံးကို မည်သည့် ကန့်သတ်ချက်မှမရှိဘဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။
ဝိညာဉ်စွမ်းအင်၏ ထူပြောမှုမှာလည်း သာမန် ဒုတိယအဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုများနေပြီ ဖြစ်သည်။
ထိုအားမာန်ပါလှသော ခံစားချက်မှာ မူလက လီယန်ချူအတွက် အသားကျနေပြီဖြစ်သော်လည်း၊ ယခုကဲ့သို့ ဆုံးရှုံးသွားရာမှ ပြန်ရလိုက်ခြင်းမှာ ပို၍ တန်ဖိုးထားမိစေသည်။
ထို့ပြင် သူ၏ စိတ်ထဲတွင် တစ်ယောက်တည်းနဲ့ ဆယ်ယောက်လောက်ကို ချပစ်ချင်တယ် ဆိုသည့် ခံစားချက်မျိုးပါ ဖြစ်ပေါ်လာစေသည်။
အခန်းထဲရှိ လူတိုင်း စိတ်အေးသွားကြသည့် အချိန်မှာပင်၊ လီယန်ချူသည် ဝိညာဉ်ပုံရိပ်ကို ထိန်းချုပ်ကာ နောက်ထပ် မင်ရောင်စွမ်းအင် စီးကြောင်းတစ်ခုဖြင့် မှန်တင်ခုံကို ထပ်မံရိုက်ချလိုက်ပြန်သည်။
***