ဝုန်း
ထိုမှန်တင်ခုံမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ခဏမျှ ခုခံသည့်အနေဖြင့် သရဲမျက်နှာတစ်ခုကို ဖော်ပြလိုက်သော်လည်း၊ မင်ရောင်စွမ်းအင်စီးကြောင်းများအောက်တွင် လုံးဝဥဿုံ ပျောက်ကွယ်သွားရရှာသည်။
"နောက်ထပ် သရဲတစ်ကောင် ရှိနေသေးတာပဲ "
အခန်းထဲရှိ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤအခန်းနံပါတ် (၈) ထဲတွင် သရဲနှစ်ကောင် တောင်ရှိနေလိမ့်မည်ဟု ကျိချင်းကိုယ်တော်လည်း ထင်မထားခဲ့ပေ။
သူသည် ရုတ်တရက်ပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
အမလေး... ငါ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုများ အသက်ရှင်ခဲ့တာပါလိမ့်
လီယန်ချူသည် မှန်တင်ခုံထဲမှ ဒုတိယမြောက်သရဲကို ခြေမှုန်းပြီးနောက် သူ၏ ဝိညာဉ်ပုံရိပ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာမူ ထပ်မံတိုးပွားလာခြင်း မရှိတော့ပေ။
ကြည့်ရသည်မှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားပုံရသည်။
"တာအိုဆရာ... ဒါက တကယ်တော့ ဘယ်လိုဖြစ်တာလဲ "
ကျိချင်းကိုယ်တော်က မေးမြန်းလိုက်သည်။
အခန်းထဲတွင် ဒုတိယမြောက်သရဲ ပုန်းကွယ်နေသည်ကို သိရှိရန်နှင့် တိကျမှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ရန်အတွက် မည်မျှအထိ ထက်မြက်သော ဦးနှောက်နှင့် တည်ငြိမ်သော ခွဲခြမ်းစိတ်ဖြာမှုမျိုး လိုအပ်မည်နည်း။
ကျိချင်းကိုယ်တော်သည် ချက်ချင်းပင် နားလည်သွားသည်။
လူစကားပြောသံကြားလျှင် တိုက်ခိုက်သည်မှာ နားရွက်ကြီးသရဲဖြစ်ပြီး၊ လူကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးထားသည်မှာ မှန်တင်ခုံထဲက သရဲဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ စောစောက အကယ်၍ သူသာ နားရွက်ကြီးသရဲ ဝိညာဉ်လွင့်သွားပြီအထင်နှင့် အန္တရာယ်ကင်းပြီဟုမှတ်ကာ ထိုအခန်းထဲမှ ဇွတ်ထွက်ရန် ကြိုးစားခဲ့ပါက၊ မှန်တင်ခုံထဲက မိစ္ဆာ၏ တိုက်ခိုက်မှုကို ခံရပြီး ထိုအချိန်မှာတင် အသက်ပျောက်သွားနိုင်ပေသည်။
ကျိချင်းကိုယ်တော်မှာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လီယန်ချူအပေါ်ထားရှိသော ကြည်ညိုလေးစားစိတ်မှာ တရိပ်ရိပ် မြင့်တက်လာတော့သည်။
ငါ့ကို အဲ့ဒီလို မျက်လုံးမျိုးနဲ့ လာမကြည့်ပါနဲ့၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။
တည်ငြိမ်တဲ့ ခွဲခြမ်းစိတ်ဖြာမှုကြောင့် မဟုတ်ဘဲ စောစောက ကျင့်စဉ်မျက်လုံးနဲ့ တိုက်ရိုက်မြင်လိုက်ရလို့ပါ ဟု လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ကျိချင်းကိုယ်တော်ကို ကြည့်ကာ အသာအယာ ပြုံးပြရင်း
"တခြားကြောင့် မဟုတ်ပါဘူး၊ လက်ယဉ်နေလို့ပါ"
ဟု ခပ်တည်တည်ပင် ဆိုလိုက်သည်။
ထိုစကားတစ်ခွန်းမှာ ကျန်းဝေနှင့် ကျိချင်းကိုယ်တော်တို့၏ စိတ်ကို အကြီးအကျယ် လှုပ်ခတ်သွားစေသည်။
မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ခဲ့လွန်းလို့ ရရှိလာတဲ့ အတွေ့အကြုံကြောင့် ဒီလိုသိနေတာလား။
ကျိချင်းကိုယ်တော်မှာတော့ တရားရသွားလေပြီ
ငါ မိစ္ဆာသတ်တာ မများသေးလို့ပဲ၊ ငါ ပိုပြီး ကြိုးစားရမယ်
သူသည် ရုန်းကန်ထိုင်လိုက်ရင်း လီယန်ချူကို ဦးညွှတ်အလေးပြုလိုက်သည်။
"တပည့်တော် ကျိချင်းပါ၊ လမ်းညွှန်ပေးတဲ့အတွက် တာအိုဆရာကို ကျေးဇူးအထူးတင်ပါတယ်"
ဟု အလွန်အမင်း ရိုသေသမှုဖြင့် ပြောကြားလေသည်။
ကျင့်ကြံသူများအတွက်၊ အထူးသဖြင့် ဉာဏ်အလင်းပွင့်လွယ်သော ကျင့်ကြံသူများအတွက်မူ၊ စီနီယာကြီးများ၏ မတော်တဆ ပြောလိုက်သော စကားတစ်ခွန်းမှာပင် သူတို့၏ ကျင့်စဉ်အဆင့် တက်လှမ်းရန်အတွက် အကြီးအကျယ် လှုပ်ခတ်မှု ဖြစ်စေနိုင်သည်။
ယခုအခါ လီယန်ချူမှာ ကျိချင်းကိုယ်တော်၏ စိတ်ထဲတွင် ထိုကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိသွားပြီး ပုံရိပ်မှာလည်း တစ်ခဏချင်းမှာပင် မြင့်မြတ်ကြီးကျယ်သွားတော့သည်။
သူတို့ သုံးဦးမှာ အခန်းနံပါတ် (၈) အတွင်းသို့ တိုက်ရိုက်ဝင်လိုက်ကြပြီးနောက် လီယန်ချူက တံခါးကို ပိတ်လိုက်သည်။
"ဒီနေရာက သရဲတွေကို သုတ်သင်ပြီးပြီဆိုတော့ ခေတ္တခဏ အန္တရာယ်ကင်းတယ်၊ နည်းနည်းလောက် အနားယူလို့ရတယ်"
တကယ်ကို... တကယ်ကိုပဲ
စီနီယာချောင်ချောင်က တကယ့်ကို စိတ်ထားနူးညံ့သိတတ်လွန်းပါဘိ။
ကျန်းဝေ၏ ကြည်ညိုစိတ်မှာလည်း ဒီလှိုင်းလုံးကြီးများကဲ့သို့ တားမရ ဆီးမရ ဖြစ်နေတော့သည်။
"မင်း ကျန်းဝေကို ကယ်ထုတ်ပြီးတဲ့နောက် တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ "
ဟု လီယန်ချူက မေးလိုက်သည်။
"ကျုပ်ရဲ့ မဟာယာနဗုဒ္ဓဘာသာ စိပ်ပုတီးကို ဖောက်ခွဲပစ်လိုက်ပြီး အသက်ရှင်ဖို့ အခွင့်အရေး တစ်စွန်းတစ်စကို လုယူခဲ့ရတာပါ။ ဒါပေမဲ့ နာရေးပိုင်းထဲက ဖြူဖျော့တဲ့ လက်မောင်းက ကျုပ်ကို သတ်ဖို့ အနောက်ကနေ အတင်းလိုက်နေတုန်းပဲ။ မတတ်သာတဲ့အဆုံး ဒီအခန်းနံပါတ် (၈) ထဲကို ဇွတ်တိုးဝင်လာခဲ့တာ။ ထူးဆန်းတာက အဲ့ဒီလက်မောင်းကြီးက အခန်းထဲကို လိုက်မလာဘဲ ရုတ်တရက် ရပ်တန့်သွားတယ်။ ပြီးတော့ ပူလောင်နေတဲ့ သံချောင်းကို ထိမိသလိုမျိုး ချက်ချင်းပဲ အနောက်ကို ပြန်ဆုတ်သွားတာ။ ပြောရရင် ကျုပ်က အခန်းနံပါတ် (၈) ထဲက သရဲကို အကာအကွယ်ယူပြီး အဲ့ဒီနာရေးပိုင်းသရဲကို နှိမ်နင်းရင်း အခုထိ အသက်ဆက်ခဲ့ရတာပါ"
ဟု ကျိချင်းကိုယ်တော်က ထိတ်လန့်စရာ အတွေ့အကြုံကို ပြန်ပြောပြသည်။
"နေပါဦး၊ ဒါဆို မင်းက ဒီသရဲရဲ့ သတ်ဖြတ်ခြင်းစည်းမျဉ်းနဲ့ တခြားအကြောင်းအရာတွေကို ဘယ်လိုလုပ် သိနေတာလဲ "
ကျိချင်းကိုယ်တော်သည် ရင်ဘတ်ထဲမှ ဝါကျင့်ကျင့် စာရွက်ဟောင်းတစ်ရွက်ကို ထုတ်ပေးလိုက်သည်။
၎င်းပေါ်တွင် ရှုပ်ထွေးလှသော လက်ရေးဖြင့် စကားအချို့ ရေးသားထားသည်။
အဓိပ္ပာယ်မှာ ဤမှန်တင်ခုံနှင့် ဝေးဝေးနေရန်၊ စကားမပြောရန် လုံးဝ မပြောရန် အခန်းထဲသို့ ဝင်လာသူမှာ ထပ်မံထွက်ခွာ၍ မရတော့ကြောင်း နောက်ဆုံးတွင် ရေးသားထားသည်။
လီယန်ချူသည် ထိုစာရွက်ကို သေချာကြည့်လိုက်သော်လည်း ၎င်းမှာ ဟောင်းလွန်းသည်ဟုလည်း မဆိုနိုင်၊ အသစ်ဟုလည်း မဆိုနိုင်သဖြင့် မည်သည့်ခေတ်က အရာဖြစ်ကြောင်း ခန့်မှန်းရ ခက်နေသည်။
သူသည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ
"လျူကျွင်း၊ ဒါက မင်းအဘိုး ဒါမှမဟုတ် မင်းအဖေရဲ့ လက်ရေး ဟုတ်မဟုတ် ကြည့်ပေးပါဦး"
ဟု မေးလိုက်သည်။
လျူကျွင်းသည် စာရွက်ကို ယူကြည့်ပြီးနောက် ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းပြလိုက်သည်။
"ဒီပစ္စည်းက အန္တရာယ်ကြုံနေချိန်မှာ တကယ့် ရတနာပဲဗျာ"
ဟု ကျန်းဝေက မှတ်ချက်ပေးသည်။
"ကျိချင်းကိုယ်တော်... မင်း ဒီမြို့ထဲမှာ တခြားလူတွေ တွေ့သေးလား "
လီယန်ချူက ဆက်မေးသည်။
ကျိချင်းကိုယ်တော်က ခေါင်းညိတ်ပြရင်း
"အင်း... ယင်ယန်ဆရာ ပုံစံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့တယ်။ သူ့နောက်မှာ ယောကျ်ားမဟုတ် မိန်းမမဟုတ်တဲ့ ထူးဆန်းတဲ့ မိစ္ဆာလူသားတစ်ယောက်လည်း ပါသေးတယ်၊ ကြည့်ရတာ အရမ်းကို ခြောက်ခြားစရာ ကောင်းတာပဲ။ သူတို့တွေ မြို့ရဲ့ နောက်ဘက်ပိုင်းကို ဦးတည်သွားနေကြတာ"
"ဒါတင်မကသေးဘူး၊ ကျုပ်ချောင်းကြည့်လိုက်တော့ နန်းတွင်းသူ ဝတ်စုံနဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ကလည်း အဲ့ဒီလူနှစ်ယောက်နောက်ကို တိတ်တဆိတ် လိုက်သွားတာကို တွေ့ခဲ့တယ်"
ကျိချင်းကိုယ်တော်က ဤမျှအထိ မြင်တွေ့ခဲ့ရလိမ့်မည်ဟု လီယန်ချူ ထင်မထားသဖြင့် ခေါင်းညိတ်လိုက်သည်။
ပြဿနာတစ်ခုမှာ ထိုလူများသည် ထိုနက်နဲသော မြို့ကလေးတွင် မူလကတည်းက ရှိနေသည့် မိစ္ဆာများလား၊ သို့မဟုတ် နောက်မှ မှားယွင်းဝင်ရောက်လာသူများလား ဆိုသည်ပင်။
"နှမြောစရာကောင်းတာက ကျုပ်ရဲ့ မဟာယာနဗုဒ္ဓဘာသာ စိပ်ပုတီးသာ အစွမ်းမကုန်သေးရင် တာအိုဆရာကို အခုထက် ပိုကူညီပေးနိုင်မှာပါ"
ဟု ကျိချင်းကိုယ်တော်က လေးနက်သော အသံဖြင့် ဆိုသည်။
"မင်းရဲ့ စိပ်ပုတီးကို ဘယ်က ရခဲ့တာလဲ "
"အခန်းနံပါတ် (၁) ကပါ။ အဲ့ဒီမှာ ကိုယ်တော်တစ်ပါးရဲ့ အလောင်းလည်း ရှိနေသေးတယ်၊ သူ့ခေါင်းတစ်ခြမ်းလုံး အကိုက်ခံထားရတာ။ ဒါပေမဲ့ အဲ့ဒီကိုယ်တော်က အဲ့ဒီအခန်းထဲက သရဲကို အောင်မြင်အောင် ချိပ်ပိတ်သွားနိုင်ခဲ့ပုံရတယ်၊ ကျုပ် အခန်း (၁) ထဲမှာ ဘာအန္တရာယ်မှ မခံစားရဘူး"
ကျိချင်းကိုယ်တော်၏ မျက်နှာတွင် ဝမ်းနည်းမှုအနည်းငယ် ပေါ်ပေါက်လာသည်။
တရားချင်းတူသော ရဟန်းတစ်ပါး ရက်စက်စွာ သတ်ဖြတ်ခံထားရသည်ကို မြင်ရသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ကာ ဝမ်းနည်းနေပုံရသည်။
"အဲ့ဒါ ငါတို့ရှာနေတဲ့ လူသုံးယောက်ထဲက တစ်ယောက်လား "
"မဟုတ်ပါဘူး"
ကျိချင်းကိုယ်တော်က ခေါင်းခါပြသည်။
ပျောက်ဆုံးနေသော မိစ္ဆာနှိမ်နင်းသူ သုံးဦးမှာ မဟာယာနဗုဒ္ဓဘာသာဝင် နှစ်ဦးနှင့် တာအိုဆရာ တစ်ဦးဖြစ်သည်။
သူတို့သည် ထိုသူတို့၏ ပုံတူများကို မြင်ဖူးထားကြရာ၊ အခန်း (၁) က ကိုယ်တော်မှာ ခေါင်းတစ်ခြမ်း ပျက်စီးနေသော်လည်း ပုံပန်းသဏ္ဍာန်မှာ ရှာနေသူ မဟုတ်ကြောင်း ခွဲခြားနိုင်သည်။
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ မှန်ကန်ပေသည်။
ထိုကိုယ်တော်မှာ သူတို့ရှာနေသူ မဟုတ်နိုင်ပေ။
အကြောင်းမှာ သူတို့၏ စွမ်းအားနှင့် လက်နက်များမှာ ထိုနေရာသို့ ယူဆောင်လာ၍ မရသောကြောင့်ပင်။
"နှမြောစရာကောင်းတာက ငါတို့ရဲ့ ကျင့်စဉ်တွေ အကုန်ပျောက်ကုန်ပြီး ဒီမြို့ရဲ့ စည်းမျဉ်းကို လိုက်နာနေရတာပဲ၊ မဟုတ်ရင် ကျုပ် ဒီမြို့တစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်လိုက်ပြီ"
ဟု ကျိချင်းကိုယ်တော်က ဒေါသတကြီး ဆိုသည်။
"ဒါပေါ့ဗျာ... ကျင့်စဉ်တွေလည်း မရှိ၊ လက်နက်တွေလည်း မရှိဘဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး"
ဟု ကျန်းဝေကလည်း ထောက်ခံလိုက်သည်။
ရုတ်တရက်
ထိုနှစ်ဦးစလုံးမှာ တစ်ခုခုကို သတိရသွားဟန်ဖြင့် လည်ပင်းများ တောင့်တင်းလျက် လီယန်ချူဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြသည်။
"တာအိုဆရာ... ခင်ဗျားကျတော့ ဘာလို့ ကျင့်စဉ်စွမ်းအားတွေ ရှိနေတာလဲ "
ကျိချင်းကိုယ်တော်က အံ့ဩတကြီး မေးလိုက်သည်။
ဟုတ်သည်လေ၊ အားလုံးက ထိုထူးဆန်းသော မြို့ကလေးထဲကို အတူတူ ဝင်လာကြတာပဲ၊ ဘာလို့ ခင်ဗျားကျမှ ကျင့်စဉ်တွေ ပါလာရတာလဲ ကျန်းဝေကလည်း နားစွင့်နေတော့သည်။
"မိစ္ဆာတွေကို သတ်ရင် အဆင့်တစ်ခုချင်းစီ ပြန်ရတာပဲလေ၊ တစ်ကောင်သတ်ရင် အဆင့်ငယ်တစ်ခု ပြန်ရတယ်"
ဟု လီယန်ချူက ပြောလိုက်သည်။
နောင်တွင် ထိုနှစ်ယောက်လည်း သရဲသတ်ခွင့်ရလျှင် ဤလျှို့ဝှက်ချက်ကို သိသွားကြမည်ဖြစ်ရာ ကြိုပြောထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ထို့ပြင် သူတို့မှာ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သဖြင့် ဖုံးကွယ်ထားစရာ မလိုပေ။
သို့သော် ဤစကားကို ကြားသည်နှင့် ကျိချင်းကိုယ်တော်က ချက်ချင်းပင် ငြင်းဆိုလိုက်တော့သည်။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး! ကျုပ်လည်း ကျင့်စဉ်တွေ ပျောက်သွားတာပဲ၊ ဒါပေမဲ့ မဟာယာနဗုဒ္ဓဘာသာ စိပ်ပုတီးနဲ့ သရဲငယ်တစ်ကောင်ကို သတ်ခဲ့ဖူးတယ်၊ ဘာလို့ ဘာခံစားချက်မှ မရှိရတာလဲ "
"အမ်"
ဒီတစ်ကြိမ်တွင်မူ လီယန်ချူ အံ့ဩသွားရသည်။
အားလုံးမှာလည်း သူ့လိုပဲဟု သူထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့တွေက မိစ္ဆာသတ်ပေမဲ့ စွမ်းအားတွေ ပြန်မရကြဘူးလား။
***