ပရိယာယ် ကြွယ်ဝလွန်းတဲ့ ပါရမီရှင် ဆေးဆရာမလေး
starting date – 5 / 3/ 26
Original author – Da Bac
Genre – action, adventure, fantasy, romance, Xuanhuan
Ratings -8.8 / 10
သူမသည် ၂၄ ရာစု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင်... ငွေအပ်တစ်ချောင်းကို လက်ဝယ်ပိုင်ဆိုင်ရုံဖြင့် သေမင်းထံမှ ဝိညာဉ်ကို ပြန်လည်လုယူကာ လူသေကိုပင် ပြန်လည် ရှင်သန်စေနိုင်စွမ်း ရှိသူ ဖြစ်လေသည်။ သို့သော် ရုတ်တရက် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု တစ်ခုကြောင့် သူမ၏ ဝိညာဉ်သည် ထူးဆန်းလွန်းလှသော ကမ္ဘာတစ်ခုသို့ ကူးပြောင်း ရောက်ရှိ သွားခဲ့လေသည်။
ထိုနေရာရှိ လူတိုင်းက သူမကို “သခင်မလေး” ဟု ခေါ်ဝေါ်ကြသော်လည်း မူလ ခန္ဓာကိုယ်ပိုင်ရှင်မှာ ဝိညာဉ်စာချုပ် ချုပ်ဆိုနိုင်စွမ်း မရှိသည့်အပြင် အားနည်း ဖျော့တော့ကာ မသန်မစွမ်းသည့် သူတစ်ဦး အဖြစ် အနှိမ်ခံနေရ သူ တစ်ဦးလည်း ဖြစ်ပေသည်။ သူမ၏ စေ့စပ်ထားသူကပင် ချစ်သူအသစ် နှင့်အတူ ပေါ်တင် တွဲလျက် သူမအား အနိုင်ကျင့်ရန် ကြိုးပမ်းလာခဲ့လေသည်။
သို့သော် ယခုအခါတွင်မူ ထိုခန္ဓာကိုယ်အား ပါရမီရှင်တစ်ဦး ဖြစ်သည့် သူမမှ သိမ်းပိုက် စိုးမိုးလိုက်ပြီဖြစ်ရာ မည်သူကများ သူမ၏ ရှေ့မှောက်တွင် ရောင့်တက်ဝံ့ပါဦးမည်နည်း။ ငွေအပ်တစ်စုံကို လက်ဝယ် ဆုပ်ကိုင်ထားသည်နှင့် ဤလောက တစ်ခုလုံးမှာ သူမ၏ လက်ဖဝါးပေါ်သို့ ရောက်ရှိ လာလေတော့သည်။ သူမ ခြေချရာ အရပ်တိုင်းတွင် အံ့ဖွယ် နိမိတ်များမှ ဝန်းရံလျက်ရှိနေခဲ့သည်။
သို့ရာတွင်... သူမသည် အနှောင့်အယှက် ပေးတတ်သည့် လူတစ်ဦးအား ကယ်တင်မိခဲ့လေသည်။ ထိုအမျိုးသားအား ကယ်တင်မိစဉ်က သူမ ဘာများ တွေးတောမိခဲ့ပါလိမ့်။ ခန့်ညား ထည်ဝါလွန်းသည့် ရုပ်ရည်နှင့် အပြစ် ဆိုဖွယ်ရာမရှိသည့် မျက်နှာပိုင်ရှင်မှာ သူ၏ ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များနှင့် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။ ထိုအမျိုးသားသည် သူမ၏ စိတ်အား အရယူနိုင်ရန် အတွက် နည်းလမ်း ပေါင်းစုံ ဖြင့် သိမ်းသွင်းရန် ကြိုးပမ်းနေလေတော့သည်။
တောင်တန်း တစ်ခုလုံး မှောင်မိုက် တိတ်ဆိတ်နေခဲ့ကာ ဝါကျင်ကျင် မီးလျှံများသည် တောင်ပေါ်ရှိ စံအိမ်ကြီးအား ဝါးမြို ဖျက်ဆီးနေကြကုန်သည်။ တိတ်ဆိတ်လှသည့် တောင်ကြား တစ်ခုလုံးတွင် ဆူညံလှသော အော်ဟစ်သံများမှာ ပဲ့တင် ထပ်နေခဲ့လေပြီ။
အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် လက်တစ်ဖက်တွင် မီးတုတ်အား ကိုင်စွဲထားလျှက် ထိုမြင်ကွင်းအား စိတ်မပါသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။
ဆာလောင် မွတ်သိပ်နေသည့် မီးလျှံများသည် လောင်ကျွမ်းနေသော သစ်သားတိုများ၏ တဖြဖြမြည်သံ မှလွဲ၍ အရာအားလုံးကို ဝါးမြို ပစ်လိုက်ကြကုန်လေသည်။
လောင်ကျွမ်းသွားပြီ... အားလုံး ပြာကျသွားခဲ့ပြီ
ဤယုတ်မာ ရက်စက်လှသော လှောင်အိမ်ကြီး ပျောက်ကွယ် သွားခဲ့လေပြီ။
နောက်ဆုံးတွင် လွန်ခဲ့သည့် ၁၀ စုနှစ် တစ်စုစာ ပတ်လုံး သူမအား ပိတ်လှောင် ထားခဲ့သည့် ဤအကျဉ်းထောင်ကြီးသည် မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
[ငါတို့ ဘယ်ကို သွားကြမလဲ]
မိန်းကလေး၏ ပုခုံးပေါ်တွင် ထိုင်နေသော ကြောင်နက်လေးသည် သူမအား ကြည်လင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ခြေဖဝါးအား လျက်ကာ တိုးတိုးလေး မေးလိုက်လေသည်။
“ဒီနေရာက လွတ်ရင် ဘယ်နေရာ ဖြစ်ဖြစ် ရတယ်”
မိန်းကလေးသည် သူမ၏ လက်ရာမွန်ကြီးအား နောက်ဆုံး တစ်ချက် ကြည့်လိုက်ပြီးနောက် တောင်ပေါ်သို့ လှည့်ထွက် လာခဲ့လေတော့သည်။ သူမ၏ သွယ်လျသည့် ခြေကျင်းဝတ်များတွင် ခတ်ထားသည့် သံခြေချင်းများမှာ လမ်းလျှောက်သည့် အခါတိုင်း တချွင်ချွင် မြည်နေသော်လည်း သူမမှာမူ မည်သည့်ခံစားချက် မျှမရှိဘဲ ကြမ်းတမ်းလှသည့် တောလမ်းအတိုင်း ဆက်လက်၍ လျှောက်လှမ်း သွားလေတော့သည်။
သူမ လှည့်ထွက်သွားစဉ်မှာပင် မီးတောက်များကြားမှ လူတစ်ယောက်သည် ရူးသွပ်နေသည့် မျက်ဝန်းများဖြင့် ပြေးထွက်လာခဲ့ကာ မှောင်ရိပ်ထဲသို့ ပျောက်ကွယ်တော့မည့် သူမ၏ ကျောပြင်အား စိုက်ကြည့်လျှက် နားကွဲမတတ် အော်ဟစ်လိုက်တော့သည်။
“ဝူရှဲ့ ပြန်လာခဲ့စမ်း နင် ဒီနေရာက ဘယ်တော့မှ ထွက်သွားလို့မရဘူး နင်က ငါ့အပိုင်ပဲ”
ဆယ်နှစ်ကျော်ကြာ ကြိုးစား အားထုတ်မှုများမှာ အချည်းအနှီးမဲ့ကာ ပြာအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရသည်။ မိန်းကလေးသည် တည်ငြိမ်စွာပင် ခြေလှမ်းများအား ရပ်တန့်လိုက်ပြီးနောက် မီးလျှံများ၏ ဝါးမြိုခြင်းအား ခံနေရသည့် လူအား လှည့်ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်လေသည်။
“အဘိုးက သေရတော့မှာ သမီးကတော့ အသက်ရှင်နေဦးမှာပဲ”
ထိုလူသည် နာကျင်စွာ အော်ဟစ် နေတော့သည်။ သူမ၏ အဆိုးရွားဆုံး အိပ်မက်ဆိုးကြီးအား နောက်ဆုံး တစ်ချက် ကြည့်လိုက် ပြီးနောက် အေးစက်စွာပင် ဆိုလိုက်လေတော့သည်။
“နှုတ်ဆက်ခဲ့ပါတယ် အဘိုး”
မိန်းကလေး၏ ပုခုံးပေါ်ရှိ ကြောင်နက်လေးသည် မထီမဲ့မြင် ပြုံးရယ် လိုက်လေသည်။
‘အဘိုး ဟုတ်လား’
ဆေးပညာအား စွဲလမ်းလွန်းခဲ့ကာ မိမိ၏ မြေးအရင်း ခေါက်ခေါက်ကိုပင် တောင်နက်ထဲတွင် ပိတ်လှောင်လျှက် စမ်းသပ်ခံ သတ္တဝါ တစ်ကောင်ကဲ့သို့ အသုံးချခဲ့သည့် အရူး တစ်ယောက်မှာ ၎င်း၏ သခင်မလေး အတွက် အဘိုးဟု ခေါ်ဆိုရန် မည်သည့် အရည်အချင်းမျှ မရှိပေ။
[သခင်မလေး ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ]
မီးလျှံများကြားထဲ တဖြည်းဖြည်း ပျောက်ကွယ် သွားသည့် ထိုအော်ဟစ်သံအား လျစ်လျူရှုကာ ကြောင်နက်လေးမှ မေးမြန်းလိုက်သည်။ သူမသည် သူမ၏ သွယ်လျသည့် လက်ကလေးများအား ကြည့်ရင်း တိုးတိုးလေး ဖြေလိုက်လေသည်။
“တိရစ္ဆာန်ဆေးကု သမားတော်လိုင်စင် ဖြေမလို့”
[ဟားဟားဟား အဲဒီအဖိုးကြီးသာ သိရင်လေ ဆေးပညာ လောကမှာ ပြိုင်ဘက် ကင်းတဲ့ ပါရမီရှင် တစ်ယောက်က တကယ်တမ်း တိရစ္ဆာန် သမားတော် လုပ်ချင်နေတယ်ဆိုတာ သိရင် သူ သေတောင် မျက်စိမှိတ်နိုင်မှာ မဟုတ်ဘူး]
ကြောင်နက်လေးသည် မိန်းကလေး၏ ပုခုံးပေါ်တွင် အူလှိုက်သဲလှိုက် ရယ်မောနေတော့သည်။
“သူ မျက်စိမမှိတ်နိုင်ဘူး ဟုတ်လား”
မိန်းကလေးသည် မျက်လွှာအား အသာချလိုက်ကာ နှုတ်ခမ်းဖျားတွင် အပြုံးရိပ် ကလေး တစ်ခု ယှက်သန်းသွားလေတော့သည်။ တစ်နှစ်အကြာတွင် သူမသည် မြို့တော် အေ ၌ အခြေချကာ တိရစ္ဆာန်ဆေးကု လိုင်စင်ရရှိခဲ့ကာ တိရစ္ဆာန်များအား ကုသပေးသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့လေသည်။
......
ဘဝသည် ခန့်မှန်းရခက်လှပေသည်။ လွန်ခဲ့သည့် ခဏလေးမှာပင် သူမသည် ခွဲစိတ်ခန်းထဲ၌ ခွဲစိတ်မှုတစ်ခု ပြုလုပ်နေခဲ့သော်လည်း ရုတ်တရက် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကာ မှောင်မိုက်ခြင်းထဲသို့ ကျဆင်း သွားခဲ့ရလေသည်။
ပြင်းထန်လှသည့် မိုးစက်များအောက်တွင် သူမ သတိ ပြန်ရလာခဲ့သည်။ ကျောက်တုံးများပေါ်တွင် လဲလျောင်းနေသည်အား တွေ့ရှိလိုက်ရကာ လက်ရှိအခြေအနေကို တည်ငြိမ်စွာ သုံးသပ်လိုက်လေသည်။
သူမသည် ထူးဆန်းလှသော ကမ္ဘာသစ် တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သေအံ့ဆဲဆဲ ဝိညာဉ်တစ်ခု၏ နေရာတွင် အစားထိုး ဝင်လာခဲ့ခြင်းလည်း ဖြစ်ကာ စိတ်ထဲသို့ စီးဝင်လာသည့် မှတ်ဉာဏ် အပိုင်းအစများအား ရှာဖွေကြည့်ရာတွင် ဤခန္ဓာကိုယ် ပိုင်ရှင်၏ အမည်မှာလည်း 'ဝူရှဲ့' ဟုပင် အမည်ရကြောင်း သိလိုက်ရလေသည်။ သို့သော် မျိုးရိုးအမည်မှာ 'ကျွင်း' ဖြစ်နေခဲ့သည်။ ကျွင်းဝူရှဲ့....
***