လင်းဝမ့်၏ မြေးမလေး လင်းနန်းတော်၏ အလိုလိုက် ခံရဆုံး သခင်မလေး အဖြစ် လူသိများသူ မာနကြီးကာ ရိုင်းစိုင်းရုံသာမက အကျိုးအကြောင်း မသိတတ်သူ သူမ၏ မျက်လုံးထဲတွင် တော်ဝင် မိသားစုဝင်များ အပါအဝင် မည်သူ့ကိုမျှ အရေးမလုပ်ခဲ့ချေ။
လင်းဝမ့်နှင့် နိုင်ငံ တည်ထောင်သူ ဧကရာဇ်တို့မှာ ရင်းနှီးလှသော ဆက်ဆံရေး ရှိခဲ့ကြကာ ကောင်းကင်အား တိုင်တည်လျှက် သွေးသောက် ညီအစ်ကိုများ အဖြစ် သစ္စာဆိုခဲ့ကြခြင်း ဖြစ်သည်။ ချီနိုင်ငံတော်အား တည်ထောင်သောအခါ ဧကရာဇ် ကိုယ်တိုင် မှ ကျွင်းရှန် အား 'လင်းဝမ့်' ဟူသော ဘွဲ့ထူးဖြင့် တော်ဝင် မိသားစုဝင်များနှင့် ရင်ပေါင် တန်းနိုင်သည့် အာဏာကို အပ်နှင်းခဲ့လေသည်။
တစ်နိုင်ငံလုံးတွင် အကြည်ညို ခံရဆုံး နေရာတစ်ခု ဖြစ်ပြီး လက်ရှိ ဧကရာဇ် ကိုယ်တိုင်ပင် လင်းဝမ့်အား ယဉ်ကျေး ပျူငှာစွာ ဆက်ဆံရလေသည်။ လင်းဝမ့်တွင် သားနှစ်ယောက် ရှိသော်လည်း သူ၏ မြေးမလေး ကျွင်းဝူရှဲ့ အပေါ် အစွန်းရောက်အောင် အလိုလိုက်ခြင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမသည် ဒုတိယမင်းသားအား သဘောကျသောအခါ လင်းဝမ့်သည် ဧကရာဇ်အား ဖိအားပေး၍ ဒုတိယမင်းသားနှင့် သူမအား စေ့စပ်ပေးခဲ့လေသည်။
သို့သော် ယခုအခါ ဤမာနခဲ မိန်းကလေးသည် ကျောက်တုံးများ ပေါ်တွင် သနားစရာ ကောင်းလောက်အောင် လဲလျောင်း နေခဲ့ရချေပြီ။ ဝူရှဲ့၏ ဝိညာဉ်သာ အစားဝင်မလာပါမူ သူမသည် တောထဲတွင် စွန့်ပစ် ခံထားရသည့် အလောင်း တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
[ခြေထောက် နှစ်ဖက်စလုံး ကျိုးနေတယ် ဘယ်ဘက်နံရိုး သုံးချောင်း ကျိုးတယ် ညာဘက် လက်ကောက်ဝတ် အဆစ်ပြုတ်နေတယ် ဒီလောက် အမြင့်ကနေ ပြုတ်ကျတာတောင် ဒီခန္ဓာကိုယ်က အံ့ဩစရာ ကောင်းလောက်အောင် အသက်ရှင် နေသေးတာပဲ]
ကျွင်းဝူရှဲ့၏ ခန္ဓာကိုယ်ထဲမှ အခြား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံပိုင်ရှင်သည် သူမနှင့်အတူ ဆယ်နှစ်ကျော်ကြာ အတူရှိခဲ့သည့် ရင်းနှီးပြီးသား ကြောင်နက်လေး၏ အသံပင် ဖြစ်ချေသည်။ အံ့ဩစရာ ကောင်းသည်မှာ ၎င်းသည်လည်း ဤခန္ဓာကိုယ်ထဲသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
“အသက်ရှင်နေသေးတာပဲ”
ကျွင်းဝူရှဲ့သည် ကျောက်တုံးများပေါ်တွင် လဲလျောင်းရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမ၏ မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိဘဲ ထိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမှာ သူမနှင့် မသက်ဆိုင်သကဲ့သို့ပင် တည်ငြိမ်နေခဲ့သည်။
[ဂုဏ်ယူပါတယ် သခင်မလေး သေမင်းလက်ကနေ နောက်တစ်ကြိမ် လွတ်မြောက်လာပြန်ပြီပေါ့]
ကျွင်းဝူရှဲ့၏ ရင်ဘတ်ထဲမှ မီးခိုးအမည်းရောင်များ ထွက်ပေါ်လာခဲ့ကာ ကြောင်နက်လေး အဖြစ်သို့ ပြောင်းလဲလျှက် သူမ၏ဘေးတွင် လမ်းသလား နေတော့သည်။
သူမသည် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း သေမင်း တံခါးဝ တွင်သာ ရှိနေဆဲ ဖြစ်သည်။ ပြင်းထန်စွာ ရွာသွန်းနေသည့် မိုးဒဏ်ကြောင့် သူမ၏ ကိုယ်အပူချိန်မှာ ကျဆင်းလာခဲ့ကာ ခန္ဓာကိုယ်မှာ တုန်ရီနေလျှက် အင်အားများ တဖြည်းဖြည်း ကုန်ခမ်းလာသည်ကို ခံစားနေရလေသည်။
ကိုယ်အပူချိန် ထပ်မံ မကျဆင်းမီ မိုးခိုရန် နေရာတစ်ခု အမြန်ရှာရမည် ဖြစ်သည်။ ကံကောင်း ထောက်မစွာပင် အနီးနားရှိ ကမ်းပါး အနိမ့်ပိုင်းတွင် ဂူတစ်ခု ရှိနေခဲ့သည်။ သူမသည် လက်နှစ်ဖက်အား အားပြုလျှက် အသက်ရှင်လို စိတ် တစ်ခုတည်းဖြင့် ထိုဂူရှိရာသို့ တစ်ရွေ့ရွေ့ဖြင့် ခန္ဓာကိုယ်အား ဆွဲသွားလေတော့သည်။
သူမ၏ စုတ်ပြတ်နေသည့် အဝတ်အစားများမှာ ချွေးနှင့် မိုးရေများကြောင့် ကိုယ်တွင် ကပ်နေခဲ့သည်။ ခြေထောက်မှ ဒဏ်ရာများကြောင့် ထွက်လာသော သွေးစက်များသည်လည်း မိုးရေ နှင့်အတူ လမ်းတစ်လျှောက် စီးဆင်းသွားကြကုန်သည်။ ကြောင်နက်လေးမှာမူ ဂူရှိရာသို့ သွားနေသည့် သူမအား အားပေးသည့် အနေဖြင့် ရံဖန်ရံခါ တို့ထိပေးနေခဲ့သည်။
သူမ၏ အားအင်အားလုံးအား စုစည်း ပြီးမှသာ ထို မဝေးလှသော ခရီးအား အရောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဤမျှလောက် ပြင်းထန်သည့် ဒဏ်ရာများနှင့် ကြမ်းတမ်းလှသော မြေပြင်ပေါ်တွင် အခြားသူများ သာဆိုလျှင် အကြိမ်ပေါင်း များစွာ သတိလစ် သွားလောက်ပြီ ဖြစ်သည်။
ဂူထဲသို့ ရောက်ရှိသွားချိန်တွင် သူမ၏မျက်နှာမှာ မည်သည့် အရောင်အဆင်းမျှ မရှိတော့ဘဲ သေလူကဲ့သို့ ဖြူလျော် နေတော့သည်။ အေးစက်လှသည့် ဂူနံရံအား မှီလျှက် မိုးဒဏ်မှ လွတ်မြောက် သွားသဖြင့် သက်ပြင်းအသာ ချလိုက်မိသည်။ ထိုစဉ် မှောင်မိုက်လှသည့် ဂူထဲမှနေ၍ တစ္ဆေတစ်ကောင်ကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
[ဘယ် ဘယ်သူလဲ]
ကြောင်နက်လေးသည် ကြောက်လန့်တကြား မေးလိုက်မိကာ ကျောကုန်းအား ကုန်းလိုက်လျှက် ဝူရှဲ့၏ ရှေ့သို့ ခုန်ဝင် လိုက်လေသည်။
“သွားကြည့်လိုက်စမ်း”
ဝူရှဲ့သည် ခက်ခဲစွာပင် ပြောလိုက်လေသည်။ သူမ၏ လက်ရှိ အခြေအနေများ အရ မည်သည့် ဆေးဝါး ပစ္စည်းမှမရှိဘဲ သူမ ဘာသာ ကုသရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် အခြားသော နည်းလမ်းများကိုသာ ရှာဖွေရမည် ဖြစ်ပေသည်။
ကူညီပေးနိုင်မည့် လူတစ်ယောက်ယောက် ရှိနေလျှင် အကောင်းဆုံးပင် ဖြစ်သည်။ ကြောင်နက်လေးသည် ထိုအသံ လာရာဆီသို့ ဖြည်းဖြည်းချင်း တိုးသွားခဲ့သည်။ မှောင်ရိပ်ထဲတွင် အခြား လူတစ်ယောက် ရှိနေသည်အား ဝူရှဲ့ ခံစားလိုက်ရလေသည်။
“မင်းကတော့ သေရတော့မှာပဲ”
နောက်ပြောင် ကျီစယ်လိုသည့် လေသံပါသော အမျိုးသား တစ်ယောက်၏ အသံတစ်သံသည် သူမ၏ ခေါင်းပေါ်မှ ထွက်ပေါ် လာခဲ့လေသည်။
***