မှောင်မိုက်နေသဖြင့် ထိုအမျိုးသား၏ ရုပ်ရည်အား ဝူရှဲ့ မမြင်နိုင်သော်လည်း ရင်းနှီးလှသည့် သံခြေချင်းများ၏ တချွင်ချွင် မြည်သံကိုမူ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
‘ဒီလူက အချုပ်အနှောင် ခံထားရတာလား ဒီလို လူသူကင်းမဲ့တဲ့ ကမ်းပါး အောက်ခြေမှာတဲ့လား’
ထိုအမျိုးသား၏ အသံအား ကြားလိုက်ရသည်နှင့် ကြောင်နက်လေးသည် မီးခိုးငွေ့ အဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်ကာ ဝူရှဲ့၏ ခန္ဓာကိုယ်ထဲသို့ အပြေးအလွှား ဝင်သွားလေတော့သည်။
‘ဒီလူက တော်တော်အန္တရာယ်များတာပဲ’
“ရှင်က အချုပ်အနှောင် ခံထားရတာလား”
ဝူရှဲ့သည် ထိုလူ၏ လေသံအား လုံးဝ ဂရုမစိုက်ချေ။ သူမ၏ စိတ်ထဲတွင် အတွေး တစ်ခုသာ ရှိနေသည်မှာ ဤလူသည် သူမအား ကူညီနိုင်သည် ဟူသော အချက်ပင် ဖြစ်သည်။ သူမ လိုအပ်သည်မှာ သူ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့သာ ဖြစ်ပေသည်။
“အာ မင်းက ဒီ အသေးအဖွဲလေးတွေကို ပြောနေတာလား”
မှောင်ရိပ်ထဲမှ လူသည် သံခြေချင်းများအား ဆွဲလိုက်လေရာ တချွင်ချွင် မြည်သံ နှင့်အတူ ဆွဲဆောင်မှုရှိသည့် အသံနက်ကြီးသည် ဂူထဲ၌ ပဲ့တင်ထပ်သွားလေသည်။
“ဒါကတော့ အဲဒီလိုပဲ ပြောရမှာပေါ့”
“ကျွန်မ ရှင့်ကို လွှတ်ပေးမယ် ဒါပေမဲ့ ရှင် ကျွန်မကို ကယ်ရမယ်”
ဝူရှဲ့သည် စကားလုံးများအား ခက်ခဲစွာ ပြောလိုက်ရလေသည်။ သူမသည် အအေးဒဏ်နှင့် နာကျင်မှုကြောင့် တုန်ရီနေခဲ့သည်။ ကိုယ်အပူချိန်မှာလည်း စိုးရိမ် ရလောက်သည် အထိ ကျဆင်းနေခဲ့ကာ ပြင်းထန်လှသော ဒဏ်ရာများကြောင့် တစ်ခုခုအား အမြန် မလုပ်ဆောင်ပါက သူမ၏ ခန္ဓာကိုယ်မှာ တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
မှောင်ရိပ်ထဲမှ လူသည် တိတ်ဆိတ်သွားခဲ့သည်။ သေလူကဲ့သို့ ဖြစ်နေသည့် ဤမိန်းကလေးမှ ထိုကဲ့သို့သော စကားအား ပြောလာသဖြင့် သူ အံ့အားသင့် သွားပုံရလေသည်။
'တိတ်ဆိတ်ခြင်းသည် သဘောတူညီခြင်း' ဟု ဝူရှဲ့မှ သူမဘာသာ ဆုံးဖြတ်လိုက်တော့သည်။ သူမတွင် အခြားသော ရွေးချယ်စရာများ မရှိတော့သဖြင့် ဤအခွင့်အရေးကိုသာ လောင်းကြေး ထပ်ရန် ဆုံးဖြတ် လိုက်ရလေတော့သည်။
မှောင်ရိပ်ထဲတွင် စမ်းတဝါးဝါးဖြင့် ထိုလူအား မှီလျှက် သူမ၏ ဆံပင်မှ ဆံထိုးလေးတစ်ချောင်းအား ထုတ်လိုက်လေသည်။ သူမသည် သမားတော်တစ်ဦး ဖြစ်ကာ သူခိုးမဟုတ်ပေ။ ယခင်ဘဝတွင် လူတစ်ယောက်သည် သူမအား ဤ အတတ်ပညာအား ပြသခဲ့ဖူးသော်လည်း သူမ အမှန်တကယ် လုပ်နိုင်မလားဆိုသည်မှာ မသေချာချေ။
ဝူရှဲ့သည် မှောင်ရိပ်ထဲ၌ စမ်းသပ်ရင်း သံခြေချင်းများအား ဖွင့်ရန် ကြိုးစားနေခဲ့သည်။ သမားတော် တစ်ဦး၏ အမြင်အရ ဤလူ၏ ကြွက်သား တည်ဆောက်ပုံမှာ ထူးခြား ကောင်းမွန်လှသည်ကို သူမ 'ခံစား' သိရှိနိုင်ပေသည်။
ဝူရှဲ့သည် သူမ၏ နောက်ဆုံး အားအင်ကို အကုန်အစင် အသုံးပြုလျှက် ထိုလူအား လွှတ်ပေးရန် ကြိုးစားနေလေသည်။ သူမ၏ ဘဝတွင် မိမိကိုယ်ကိုယ် ဤမျှလောက် ကိုးယိုးကားယား နိုင်သည်ဟု တစ်ခါမျှ မခံစားခဲ့ဖူးချေ။
အတော်ကြာ ကြိုးစား အားထုတ် ပြီးနောက် နောက်ဆုံးတွင် ခြေကျင်း တစ်ခုအား ဖွင့်နိုင်ခဲ့လေပြီ။ ဤသို့ ကြိုးစား လိုက်ရသဖြင့် သူမ၏ အသက်ရှူသံများ ပြင်းထန်လာခဲ့ကာ သတိလစ် မသွားစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ရလေသည်။
“မင်း ဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေရမယ်”
နောက်ဆုံးတွင် ထိုလူ၏ ဆွဲဆောင်မှုရှိသည့် အသံနက်ကြီး ဖြင့် ပြောလိုက်သည်အား ကြားလိုက်ရလေသည်။ သူ၏ အသံမှာ ဂူအတွင်း၌ ပဲ့တင် ထပ်သွားခဲ့လေသည်။
သူမ တုံ့ပြန်ရန် အချိန်ပင်မရလိုက်မီ 'ကလောက်' 'ကလောက်' 'ကလောက်' ဟူသော အသံများနှင့်အတူ သံခြေချင်းများ ပြုတ်ကျသွားသည့် အသံအား ကြားလိုက်ရတော့သည်။ သူသည် အခြား သံခြေချင်း သုံးခုကို သူ့ဘာသာ ဖြုတ်လိုက်ခြင်းပင် ဖြစ်ပေသည်။ သူသည် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလျှက် ပွေ့ချီလိုက်စဉ် နွေးထွေးမှုအား သူမ ခံစားလိုက်ရလေသည်။
သူသည် သူမအား အသာအယာ မချီမလျှက် အလင်းရောင် ရှိရာသို့ လျှောက်လှမ်း သွားလေတော့သည်။ အပြင်ဘက်တွင် မိုးများသည် အဆက်မပြတ် ရွာသွန်းနေဆဲပင် ဖြစ်သည်။
ရာသီဥတုမှာမူ အုံ့မှိုင်းနေသော်လည်း နေ့ခင်းဘက် ဖြစ်သဖြင့် အနည်းငယ်သော အလင်းရောင်မှာ သူ၏ ထူးကဲလှပသည့် ရုပ်ရည်အား မြင်တွေ့နိုင်ရန် လုံလောက်လှပေသည်။ သူ၏ မြင့်မားသော ပါးရိုးများ လှပသော မျက်နှာကျ နှင့် ပိုးသားကဲ့သို့ နူးညံ့လှသည့် ဆံနွယ်ရှည်များမှာ ပုခုံးပေါ်သို့ ဝဲကျနေခဲ့သည်။ ကြည်လင်သည့် မိုးရေစက်များသည် သူ၏ လည်ပင်းပေါ်မှ စီးကျနေသည်မှာ ဘုရားသခင်၏ အကောင်းဆုံး လက်ရာမွန် တစ်ခုကဲ့သို့ပင် ဖြစ်နေချေသည်။
ထိုလူသည် ကောင်းကင်အား မော့ကြည့်နေရာမှ သူမ၏ အကြည့်အား ခံစားလိုက်ရသဖြင့် ခေါင်းကို အသာ ငုံ့လိုက်လေသည်။ ခရမ်းရောင် မျက်ဝန်းများကို အသာမှေးစပ်လျှက် နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဝူရှဲ့သည် ထိုခရမ်းရောင် မျက်ဝန်းတစ်စုံအား မည်သည့် ခံစားချက်မျှ မပါဘဲ အေးစက်စွာ စိုက်ကြည့်နေမိသည်။ သူမ၏ ဖြူလျော်နေသည့် ပါးပြင်ပေါ်သို့ မိုးရေများ ကျဆင်းနေသော်လည်း သူမမှာမူ သူ့အား တည်ငြိမ်စွာပင် ကြည့်နေဆဲ ဖြစ်သည်။
သူသည် မျက်ခုံးအား အသာအယာ မြှင့်လိုက်လေသည်။ သူမ၏ ထူးခြားလှသည့် တည်ငြိမ်မှုမှာ သူ့အတွက် အသစ်အဆန်း ဖြစ်နေခဲ့ပုံ ရလေသည်။ သူ၏ မျက်လုံးများအား မြင်တွေ့လိုက်ချိန်တွင် အော်ဟစ် ထိတ်လန့်ခြင်း မရှိသည့် ပထမဆုံးလူမှာ သူမပင် ဖြစ်ပေသည်။
“မင်း မကြောက်ဘူးလား”
သူသည် ဩရှရှ အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။
“ကျွန်မက သေရတော့မှာလေ”
ဝူရှဲ့မှ လက်တွေ့ကျကျပင် ပြန်ပြော လိုက်လေတော့သည်။ သူမ၏ နက်မှောင်သည့် မျက်ဝန်းများသည် ထိုခရမ်းရောင် မျက်ဝန်းတစ်စုံအား စူးစိုက်ကြည့်နေခဲ့သည်။ သူမတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ မရှိဘဲ သူမ ပြောနေသည့် 'သေခြင်းတရား' မှာ သူမနှင့် မသက်ဆိုင်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။
***