နက်မှောင် ပြောင်လက်နေသည့် မျက်ဝန်းအစုံသည် သူ့အား အေးစက်စွာ စိုက်ကြည့်နေသဖြင့် သူ၏ စိတ်လှုပ်ရှားမှုများအား ထိန်းချုပ်နိုင်ရန် ကြိုးစားရင်း ထိုလျှို့ဝှက် ဆန်းကြယ်သော အမျိုးသားသည် မျက်ခုံးပင့်လိုက်မိလေသည်။ ထိုအကြည့်များသည် သူ့ကိုပင် အေးခဲ သွားစေနိုင် လောက်သည့်အလား ထင်မှတ်ရလေသည်။
သူမ၏ တည်ငြိမ်နေသည့် ဟန်ပန်အား ဖျက်ဆီးပစ်ကာ စိတ်လှုပ်ရှားသွား စေရန် သူ မည်မျှပင် ဆန္ဒပြင်းပြနေခဲ့ရသနည်း။ ဤမိန်းကလေးသည် အမှန်တကယ်ကိုပင် အယုံအကြည်မဲ့ ဖွယ်ကောင်းလှပေသည်။ ဤမျှ ဆိုးရွားလှသော အခြေအနေမျိုးတွင်ပင် မည်သို့များ ဤမျှ တည်ငြိမ်နေနိုင်ရသနည်း။
"မပူပါနဲ့ကွာ ကိုယ် မင်းကို အသေမခံပါဘူး"
သူသည် အသံချိုချိုဖြင့် ညင်သာစွာ ပြောလိုက်လေသည်။
"ငါ့ကို အိမ်ပြန်ပို့ပေး"
သူမမှ ပြတ်တောင်းတောင်း ပြန်ပြောလိုက်လေသည်။ သူမ မည်မျှပင် ပြင်းထန်စွာ ဒဏ်ရာရထားသည်အား ထည့်သွင်း စဉ်းစားကြည့် မည်ဆိုလျှင် အကောင်းဆုံးသော ရွေးချယ်မှုနှင့် သူမအတွက် သူ အကူအညီပေးနိုင်မည့် တစ်ခုတည်းသော အရာမှာ သူမ၏ ‘အိမ်’ သို့ ပြန်ပို့ပေးရန်သာ ရှိလေတော့သည်။
သူသည် နတ်ဆိုးတစ်ပါးကဲ့သို့ ပြုံးလိုက် ပြီးနောက် ကိုယ်ကို ကိုင်းညွတ်ကာ ဝူရှဲ့၏ မျက်ခုံးနှစ်ခုကြားသို့ အကြင်နာပေးလိုက်လေသည်။
"မင်းလေး သဘောအတိုင်းပါပဲကွာ"
သူ ခပ်ဟဟ ရယ်မောလိုက်မိသည်။ ဝူရှဲ့၏ ဝိညာဉ် အနက်ရှိုင်းဆုံး နေရာတွင် ပုန်းအောင်းနေသည့် ကြောင်နက်လေးမှာမူ အကြောက် လွန်ကာ မှင်သက်သွားရတော့သည်။ ၎င်း၏ သခင်မလေးမှာ ယခုလေးတင် အခွင့်အရေးယူ ခံလိုက်ရပြီ မဟုတ်ပါလော။
.....
ကျွင်းဝူရှဲ့သည် အမှောင်ထုထဲသို့ နစ်မွန်း သွားစဉ် သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံး တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားသည်ကိုသာ ခံစားလိုက်ရလေသည်။ ၎င်းနောက် သူမ သတိ ပြန်လည် လာသောအခါ ရှည်လျားလှသည့် မျက်တောင်ကော့ကော့လေးများ ပွင့်ဟလာခဲ့ပြီး ခမ်းနားထည်ဝါစွာ အလှဆင်ထားသည့် အခန်း တစ်ခန်း အတွင်းရှိ နွေးထွေးလှသည့် ကုတင်ကြီး တစ်ခုပေါ်တွင် လှဲလျောင်းနေလျက်သား ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် သူမ၏ ကုတင်ဘေးတွင် ထိုင်နေခဲ့ကာ သူမ နိုးထလာသည်အား မြင်သောအခါ မျက်နှာတစ်ခုလုံး ဝင်းလက်သွားကာ ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
"ကောင်မလေး သမီးလေး နောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့ ဘိုးဘိုးကို လန့်အောင် မလုပ်ပါနဲ့ကွယ်"
ကျွင်းရှန်က သက်ပြင်းတစ်ချက်ချကာ နှစ်သိမ့်လိုက်လေသည်။
"အရူးမလေးရယ် ဒါက သစ္စာခံဝိညာဉ်လေး တစ်ခုပါပဲ သမီးမှာ ဒါမရှိတော့ရော ဘာဖြစ်သလဲ ဘိုးဘိုးက ဘယ်သူလဲဆိုတာ သမီးမသိဘူးလား ဘိုးဘိုးက အစွမ်းထက်လှတဲ့ လင်းဝမ့် ပဲလေ ဘာပဲဖြစ်ဖြစ် ဘိုးဘိုး သမီးကို ထောက်ပံ့ပေးမှာပေါ့ ဘာမှကြောက်စရာမလိုဘူး"
‘အဘိုး ဟုတ်လား’
ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်ဟောင်းများ သူမ၏ စိတ်အာရုံထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာသောကြောင့် ဝူရှဲ့ မျက်မှောင်ကြုတ် လိုက်မိသည်။ သူမ၏ ကုတင်ဘေးတွင် ထိုင်နေသော အဘိုးအိုသည် အခြားသူ မဟုတ်ဘဲ ချီတိုင်းပြည်၏ လင်းဝမ့် ဖြစ်ကာ ယခင် ခန္ဓာကိုယ်ပိုင်ရှင်၏ အဘိုးဖြစ်သူ ကျွင်းရှန် ပင်ဖြစ်လေသည်။
ကျွင်းရှန် ပြောခဲ့သော "သစ္စာခံဝိညာဉ်" ဆိုသည်မှာ ဤကမ္ဘာလောကအတွက် သီးသန့် ထူးခြားလှသော အရာတစ်ခု ဖြစ်ပေသည်။
ဤကမ္ဘာလောကသို့ ကလေးငယ်တစ်ဦး မွေးဖွားလာသောအခါ သစ္စာခံဝိညာဉ်များသည် လူသားဝိညာဉ်နှင့် အချိတ်အဆက်တစ်ခုအား ဖွဲ့စည်းကုန်ကြသည်။ ၎င်းနောက် ထို သစ္စာခံဝိညာဉ်များသည် ဝိညာဉ်ထဲတွင် အိပ်စက်နေကြကာ အသက်ဆယ့်လေးနှစ် ပြည့်သောအခါမှသာလျှင် နိုးထလာကြလေသည်။ ညာဘက်လက် သူကြွယ်လက်စွပ် ကွင်းနေရာတွင် လက်စွပ်တစ်ကွင်း ပေါ်လာမည် ဖြစ်ကာ ဝိညာဉ်တစ်ခုစီသည် ဝိညာဉ်၏ ဆင့်ကဲပြောင်းလဲမှု တစ်ခုနှင့် တူကာ လူတစ်ဦးစီ၏ သစ္စာခံဝိညာဉ် ပုံသဏ္ဌာန်များမှာမူ ကွဲပြား ခြားနားကြလေသည်။ အချို့သော ဝိညာဉ်များသည် အစွမ်းထက်သော လက်နက်များအဖြစ် ပုံပေါ်လာနိုင်ကြကာ အချို့ကမူ ခွန်အားကြီးမားသည့် သားရဲကြီးများအဖြစ် ပြောင်းလဲသွားနိုင်ကြလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ကျွင်းဝူရှဲ့၏ ဆယ့်လေးနှစ်ပြည့် မွေးနေ့ဖြစ်ကာ ဝိညာဉ်နိုးထမှု ဖြစ်ပေါ် လာသင့်သော်လည်း ထိုတစ်နေ့လုံး မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ သို့ဖြစ်၍ ထိုအချိန်မှစကာ သူမအား အသုံးမကျသူ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
လူတစ်ဦး၏ အနာဂတ်ကို ၎င်းတို့၏ သစ္စာခံဝိညာဉ်များ၏ စွမ်းအားဖြင့် ဆုံးဖြတ်လေ့ရှိသည့် ဤလောကကြီးတွင် မည်သည့် ဝိညာဉ်မျှ မရှိသူများအား အသုံးမကျသည့် အမှိုက်သရိုက်များ အဖြစ် မှတ်ယူကြကုန်လေသည်။
ကျွင်းဝူရှဲ့သည် ထိုအချက်အား ယုံကြည်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဘဝတွင် ဤမျှကြီးမားလှသည့် ဆုံးရှုံးမှုအား တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ ထို့ကြောင့် သူမသည် နှစ်ရက်တိတိ ပျောက်ဆုံးသွားခဲ့လေသည်။ ကျွင်းရှန်မှာမူ အလွန်အမင်း တုန်လှုပ်သွားခဲ့ကာ ဂုဏ်ယူ ဝင့်ကြွားတတ်သည့် သူ၏မြေးမလေးသည် ဤပြင်းထန်လှသော ထိုးနှက်ချက်ကို ခံနိုင်ရည်မရှိတော့ဘဲ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားခဲ့သည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
ကျွင်းဝူရှဲ့ တိတ်ဆိတ်စွာပင် နေလိုက်လေသည်။
‘ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တယ် ဟုတ်လား ငါတော့ အဲဒီလို မထင်ဘူး’
ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များ အားလုံးကို အမွေဆက်ခံ ရရှိပြီးနောက် ၎င်းသည် မိမိကိုယ်ကို အဆုံးစီရင်ခြင်း လုံးဝမဟုတ်ကြောင်း ဝူရှဲ့သည် အခြားသူများထက် ပို၍ ရှင်းလင်းစွာ သိမြင်နေခဲ့သည်။ သူမ လင်းစံအိမ်တော်မှ ထွက်ခွာသွားရသည့် အကြောင်းရင်းမှာ လွန်ခဲ့သော သုံးရက်ခန့်က ဒုတိယမင်းသားမှ သူမအား တွေ့ဆုံရန် ချိန်းဆိုခဲ့သောကြောင့်သာ ဖြစ်ပေသည်။
ယခင် ကျွင်းဝူရှဲ့မှာ သူမတွင် မည်သည့် သစ္စာခံဝိညာဉ်မျှ မရှိသောကြောင့် စိတ်ဓာတ်ကျနေချိန်ဖြစ်ရာ သူမ မြတ်နိုးရသော ဒုတိယမင်းသားမှ တွေ့ဆုံရန် ခေါ်ဆိုသောအခါ တစ်စက္ကန့်မျှပင် မဆိုင်းဘဲ ချက်ချင်း သဘောတူခဲ့ခြင်း ဖြစ်သည်။ သူမသည် သူမ ချစ်ရသည့် မင်းသား၏ နှစ်သိမ့်ယုယမှုအား အလွန်တရာ တောင့်တနေခဲ့ခြင်းလည်း ဖြစ်ပေသည်။
သို့သော် သူမအား ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိသွားသောအခါ ခန့်ညားလှသော မင်းသား၏ နေရာတွင် အနက်ရောင်ဝတ်စုံနှင့် လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးရှင် အမျိုးသားတစ်ဦးသာ ရပ်နေခဲ့လေသည်။
***