ထိုအမျိုးသားပင်လျှင် သူမအား ဒဏ်ရာရစေခဲ့ခြင်း ဖြစ်ကာ နက်ရှိုင်းလှသော ချောက်ကမ်းပါးထဲသို့ တွန်းချခဲ့သူလည်း ဖြစ်ပေသည်။ အကယ်၍ ကျောက် ကမ်းပါးဘေးတွင် ပေါက်နေသည့် သစ်ပင်များသည်သာ သူမ၏ ပြုတ်ကျမှုအား မတားဆီးပေးခဲ့လျှင် သူမသည် ဘဝတွင် ဤ ဒုတိယအခွင့်အရေးကိုလည်း ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
ဤသည်မှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်း မဟုတ်ဘဲ လူသတ်မှုတစ်ခုသာ ဖြစ်လေသည်။
ကျွင်းဝူရှဲ့၏ စိတ်အာရုံသည် လက်ရှိ အခြေအနေအား လျင်မြန်စွာ သုံးသပ်ဆင်ခြင်လိုက်လေသည်။ ထို အနက်ရောင်ဝတ် မျက်နှာဖုံးရှင်မှာ ဒုတိယမင်းသား ကိုယ်တိုင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ချေ။ ဤကိစ္စသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် သူနှင့် သေချာပေါက် ပတ်သက် ဆက်နွှယ် နေလေသည်။
ကျွင်းရှန်သည် သူ၏ လက်ရွေးစင် တပ်ဖွဲ့ ဖြစ်သည့် လွေ့လင်းတပ်မတော်နှင့်အတူ တိုင်းပြည်၏ နယ်နိမိတ် ချဲ့ထွင်နိုင်ရေး အတွက် ကြီးမားစွာ စွမ်းဆောင်ပေးခဲ့လေသည်။ သေလမ်းအား ရှာမနေလျှင် မည်သူကမျှ ထို တပ်မတော်နှင့် ပြဿနာ မဖြစ်ချင်ကြပေ။ လက်ရှိ ဧကရာဇ်မင်းမြတ်ပင်လျှင် ကျွင်းရှန် အပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရလေသည်။
ဧကရာဇ် မင်းမြတ်သည် လင်းစံအိမ်တော်အား အထူးဂရုစိုက်မှုဖြင့် ဆက်ဆံနေဆဲ ဖြစ်သော်လည်း၊ ကျွင်းမိသားစု၏ ကျဆင်းလာမှုမှာမူ သိသာ ထင်ရှားလှပေသည်။ ကျွင်းရှန်တွင် သားနှစ်ယောက် ရှိသော်လည်း၊ တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ဖြစ်ကာ အခြားတစ်ဦးမှာမူ မသန်မစွမ်း ဖြစ်သွားခဲ့ရလေသည်။ ထို့ကြောင့် မာနတခွဲသားနှင့် ဘဝင် မြင့်တတ်ရုံသာ သိသော အသုံးမကျသည့် ကျွင်းဝူရှဲ့ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။ ကျွင်းမိသားစု၏ အနာဂတ်သည် အလွန် မှေးမှိန်နေခဲ့လေပြီ။
ယနေ့ခေတ် လင်းစံအိမ်တော်သည် စက္ကူကျား တစ်ကောင်မျှသာ ဖြစ်သည်ဟု ဆိုနိုင်ပြီး အဓိက အင်အားစုကြီး ဖြစ်သော ကျွင်းရှန်မှာ အသက် ခုနစ်ဆယ်ကျော် အရွယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူသည် အခက်အခဲများစွာအား ဖြတ်သန်းခဲ့ရပြီး ဖြစ်ကာ အထူးသဖြင့် သူ၏ သားအကြီးဆုံးအား ဆုံးရှုံးသွားစေသည့် အပြင် သားအငယ်ကိုလည်း မသန်မစွမ်းဖြစ်စေခဲ့သော ထိုစစ်ပွဲကြီး အပြီးတွင် ပို၍ ဆိုးရွားလာခဲ့သည်။ ကြုံတွေ့ရသမျှသော ဆင်းရဲဒုက္ခများသည် ကျွင်းရှန်၏ ကျန်းမာရေးအား ယိုယွင်းလာစေခဲ့ကာ ရံဖန်ရံခါ ဖျားနာမှုများနှင့် သူ၏ အသက်အရွယ်တို့ ပေါင်းစပ်သွားသောအခါ သူ၌ အချိန် သိပ်မကျန်တော့ ဟု ဆိုနိုင်လေသည်။ မကြာသေးမီကစ၍ တော်ဝင်မိသားစုသည် လင်းစံအိမ်တော် အပေါ် ပိုမို၍ ဗြောင်ကျကျ ရိုင်းပျစွာ ဆက်ဆံလာကြလေသည်။
ကျွင်းဝူရှဲ့ ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များသည် လင်းစံအိမ်တော် အပေါ် တော်ဝင်မိသားစုမှ ကြံစည်ထားသော လျှို့ဝှက် အစီအစဉ်များပင် ဖြစ်နိုင်ခြေများလှပေသည်။
[ဒုတိယမင်းသားက လင်းစံအိမ်တော်ကို ဂရုမစိုက်တော့တာကြောင့် ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ရဲတာ အသိအသာကြီးပါပဲ]
ကြောင်နက်လေးမှ တီးတိုးရေရွတ်လိုက်လေသည်။ ပထမတွင် ၎င်း၏ သခင်မသည် ကောင်းမွန်လှသော မိသားစုတစ်ခုတွင် ဝင်စားခဲ့သည် ဟု ထင်မှတ်ခဲ့သော်လည်း၊ သူမ ကိုယ်တိုင်၏ ရှင်သန်ရေး အတွက် တိုက်ပွဲဝင်ရမည့် ဤသို့သော အခြေအနေမျိုးတွင် ပါဝင် ပတ်သက်နေရလိမ့်မည်ဟု မမျှော်လင့်မိထားခဲ့ချေ။
ကျွင်းဝူရှဲ့သည် မျက်ခုံးအား အနည်းငယ် ပင့်လိုက်လေသည်။ ထိုအခါ ကြောင်နက်လေးသည် ချက်ချင်းပင် ခန္ဓာကိုယ်အား လုံးထွေးသွားစေကာ ၎င်း၏ အမွေးပွ လက်ဖဝါးလေးများ ကြားတွင် ခေါင်းကို ဝှက်ထားလိုက်လေတော့သည်။
သူ၏မြေးမလေး တိတ်ဆိတ်နေသည်အား မြင်သောအခါ ကြောက်ရွံ့နေဆဲ ဖြစ်မည်ဟု ယူဆလျှက် ကျွင်းရှန်မှ ထပ်မံ၍ ဆူပူကြိမ်းမောင်းခြင်း မပြုတော့ချေ။ သူသည် ဝူရှဲ့အား ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် ကြည့်ကာ ကြင်နာစွာဖြင့် ပြောလိုက်လေသည်။
"ရပါတယ်ကွယ် သမီးလေး အိမ်ပြန်ရောက်လာရင် ပြီးတာပါပဲ ကောင်းကောင်း အနားယူလိုက်ပါဦး တစ်ခုခု လိုအပ်ရင် သမီးရဲ့ အစ်ကိုကိုသာ ခေါ်လိုက်နော်"
‘အစ်ကို ဟုတ်လား’
ကျွင်းဝူရှဲ့သည် မှတ်ဉာဏ်များထဲတွင် ရှာဖွေကြည့်သော်လည်း မည်သည့် “အစ်ကို” ဆိုသူကိုမျှ မတွေ့ရချေ။ ကျွင်းရှန်တွင် သားနှစ်ဦးသာရှိပြီး သားအကြီးဆုံးမှာ သူမ၏ဖခင်ဖြစ်ကာ မိခင်မှာမူ ကျွင်းဝူရှဲ့ကိုသာ မွေးဖွားပေးပြီးနောက် မကြာမီတွင်ပင် ကွယ်လွန်သွားခဲ့လေသည်။ ကံကြမ္မာဆိုးလှသော ထိုစစ်ပွဲတွင် သူမသည် ဖခင်ဖြစ်သူအား သွေးချောင်းစီးသော စစ်မြေပြင်၌ ဆုံးရှုံးခဲ့ရပြီး ဦးလေးဖြစ်သူမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိကာ မသန်မစွမ်း ဖြစ်သွားခဲ့ရလေသည်။
"ဝူယောင် ဝင်လာခဲ့ပြီး မင်းညီမကို စောင့်ရှောက်ပေးလိုက်ဦးကွာ ဘိုးဘိုး ခဏလောက် အပြင်ထွက်လိုက်ဦးမယ်"
ကျွင်းရှန်မှ လှမ်းခေါ်လိုက်လေသည်။ တံခါးပွင့်သွားပြီးနောက် အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး၏ ပုံရိပ်အား မြင်တွေ့လိုက်ရလေသည်။ သူမသည် သူမ၏ “အစ်ကို” ဆိုသူအား အံ့သြမှင်သက်စွာ ကြည့်လိုက်မိလေတော့သည်။
နတ်ဘုရားများ၏ အပြည့်စုံဆုံးသော ဖန်တီးမှု တစ်ခုကဲ့သို့ အလွန် ချောမောခန့်ညားလှသည့် မျက်နှာ နှင့်အတူ ညဉ့်နက်လို နက်မှောင်ကာ ဆွဲဆောင်မှု အပြည့်ရှိသော မျက်ဝန်းအစုံအား ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
"ဟုတ်ကဲ့ပါ"
အမျိုးသားမှ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။ ကျွင်းရှန်သည် ကျေနပ်စွာ ခေါင်းညိတ် လိုက်ပြီးနောက် ဝူရှဲ့အား အနားယူရန် ထပ်တလဲလဲ မှာကြားခဲ့ကာ ဤ မောင်နှမ နှစ်ဦးတည်းကို ချန်ထားခဲ့လျှက် ထွက်ခွာသွားလေတော့သည်။
အခန်း၏ တစ်ဖက်စွန်းတွင် ကျွင်းဝူရှဲ့ ရှိနေခဲ့ကာ အခြား တစ်ဖက်တွင်မူ မျက်စိ ကျိန်းမတတ် ခန့်ညားလွန်းသော ဝူယောင် ရပ်နေလေသည်။
နောက်တစ်ခဏတွင် ဝူရှဲ့၏ ခန္ဓာကိုယ်အနီးမှ အမည်းရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေး သွားပြီးနောက် ဝူရှဲ့၏ရှေ့တွင် ကြောင်နက်လေး တစ်ကောင်မှ ကုတင်ဘေး၌ ရပ်တည်လျှက် သူမအား ရဲရဲဝံ့ဝံ့ ကာကွယ် ပေးထားလေသည်။ ၎င်း၏ ပါးစပ်ငယ်လေးအား အနည်းငယ် ကွေးထားပြီးနောက် ထက်မြက်လှသော သွားများအား ဖော်ပြကာ ရန်လိုစွာ အသံပြုနေခဲ့သည်။
ကျွင်းဝူယောင်သည် ရန်လိုစွာ အသံပြုနေသည့် ထိုအကောင်ငယ်လေးအား ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်ရင်းဖြင့် ဖြည်းညင်းစွာ အနားသို့ လျှောက်လာခဲ့လိသည်။ ၎င်းနောက် ထိုင်ခုံအား ဖြည်းညင်းစွာ ဆွဲယူလိုက်ကာ ထိုင်ချလိုက်ပြီး ခြေချိတ်ထိုင်လိုက်တော့သည်။ သူ၏ အကြည့်တို့သည် ကျွင်းဝူရှဲ့ အပေါ်သို့ နောက်ဆုံးတွင် ကျရောက် လာလေတော့သည်။
***