အန္တရာယ်ရှိသော အငွေ့အသက်များအား ထုတ်လွှတ်နေသည့် ဆွဲဆောင်မှုရှိသည့် ထိုအမျိုးသား သူမ၏ ‘အစ်ကို’ ဟု အခိုင်အမာ ပြောဆိုထားသောသူအား ကျွင်းဝူရှဲ့ တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်မိသည်။ လင်းစံအိမ်တော်၏ မိသားစု မှတ်တမ်းတွင် ကျွင်းဝူယောင် ဆိုသူ တစ်ခါမျှ မရှိခဲ့ဖူးချေ။
ထိုင်ခုံပေါ်တွင် ထိုင်နေသော ထိုသူသည် ထိုနေ့တွင် ဂူထဲမှ သူမ ကယ်ဆယ်ခဲ့သည့် အမျိုးသားပင် ဖြစ်သော်လည်း တစ်ခု တည်းသော ကွဲပြားချက်မှာ သူ၏ နက်ရှိုင်းလှသော ခရမ်းရောင် မျက်ဝန်းများသည် ယခုအခါတွင်မူ မဟူရာ ရတနာကဲ့သို့ နက်မှောင်နေခြင်းပင် ဖြစ်လေသည်။
"ရှင် ဘာတွေ လုပ်ခဲ့တာလဲ"
သူမက သူ၏ မျက်ဝန်းများထဲသို့ ရန်လိုစွာ စိုက်ကြည့်ရင်း အေးစက်စက် မျက်နှာထားဖြင့် မေးလိုက်လေသည်။ ကျွင်းဝူယောင်မှ သူမအား ပေါ့ပေါ့ပါးပါးပင် စောင်းငဲ့ကြည့်လိုက်ပြီးနောက် မေးစေ့အား ထောက်လျှက် မျက်ခုံးအား အနည်းငယ် ပင့်လိုက်မိလေသည်။ ၎င်းနောက် ဤရဲတင်းလွန်းလှသော မိန်းကလေးအား စိုက်ကြည့်ရင်း စနောက်ချင်သည့် ဟန်ပန်ဖြင့် နှုတ်ခမ်းအား ကွေးကာ ပြုံးပြလိုက်တော့သည်။
"ကိုယ့်ရဲ့ ကျေးဇူးကို ပြန်ဆပ်နေတာလေ"
သူ ပြန်ဖြေလိုက်လေသည်။
"မလိုအပ်ဘူး"
သူမ ခွန်းတုံ့ပြန်လိုက်လေသည်။
"ကံမကောင်းစွာနဲ့ပဲ ရွေးချယ်ခွင့်က ညီမလေးဆီမှာ မရှိဘူးလေ"
သူသည် နားလည်ရခက်သည့် အပြုံးတစ်ခုအား ပြုံးပြလျှက် ပြောဆိုလိုက်သည်။ ကျွင်းဝူရှဲ့ မျက်မှောင် ကြုတ်လိုက်မိသည်။ ဤလူသည် အန္တရာယ်များလှပေသည်။ ကြီးမြတ်လှသော လင်းဝမ့်ကိုပင် သူ့အား မြေးအရင်း တစ်ယောက် အဖြစ် အသိအမှတ် ပြုလာစေရန် သူသည် မည်သည့် နည်းလမ်းကိုများအား အသုံးပြုခဲ့လေသနည်း။
"ကျွန်မရဲ့ လင်းစံအိမ်တော်က လူတွေကို ရှင် ဘာလုပ်လိုက်တာလဲ"
ကျွင်းဝူယောင်မှ သူမအား ခပ်ရေးရေး ပြုံးပြလိုက်ကာ သူ၏ လက်ချောင်းထိပ်များတွင် ရစ်ခွေနေသည့် ဆံပင်မျှင်ကဲ့သို့ မြွေငယ်လေး တစ်ကောင်အား ပြသရန် လက်ကို မြှောက်ပြလိုက်လေသည်။
"မကြောက်ပါနဲ့ကွာ ကိုယ်က ဒီအကောင်လေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲ လွှတ်လိုက်ပြီး မှတ်ဉာဏ် နည်းနည်းပါးပါးကို ယာယီ ပြင်ဆင်လိုက်ရုံပါပဲ ဒီက ဘယ်သူ့ကိုမှ ကိုယ် အန္တရာယ်မပြုပါဘူး စိတ်ချလက်ချ နေလို့ရပါတယ်"
ကြောင်နက်လေးမှာမူ အကြီးအကျယ် တုန်လှုပ် သွားလေတော့သည်။ ယခုတစ်ကြိမ် ၎င်း၏ သခင်မသည် မည်သည့် နတ်ဆိုးမျိုးကိုမှ ကယ်တင်ခဲ့မိလေသနည်း။ ထို့အပြင် ထိုအမည်းရောင် ဆံပင်မျှင်ကဲ့သို့ မြွေသတ္တဝါလေးများသည် ၎င်း၏ ပင်ကိုယ် အသိစိတ်အား လွန်စွာ သတိထားမိစေရန် လှုံ့ဆော်နေခဲ့သည်။
ထိုအရာများအား ပေါ့ပေါ့တန်တန် သဘောထား၍ မရချေ။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်ပြီး လူတို့၏ မှတ်ဉာဏ်များကိုပင် ပြောင်းလဲပစ်နိုင်သည် မဟုတ်ပါလား။
"ဒီကြောင်လေးက ညီမလေးရဲ့ သစ္စာခံဝိညာဉ်လား"
ကြောင်နက်လေး၏ မျက်နှာအမူအရာ အမျိုးမျိုးအား လေ့လာရင်း သူသည် စိတ်ဝင်တစားဖြင့် မေးလိုက်လေတော့သည်။
"အဲဒါ ရှင်နဲ့ ဘာမှမဆိုင်ဘူး"
သူမ လှောင်ပြောင် သရော်စွာ ပြောဆိုလိုက်သည်။
"ကိုယ့်အပေါ် ဘာလို့ ဒီလောက် အေးစက်ရတာလဲ ချစ်လှစွာသော ညီမလေးရယ်"
သူသည် တခစ်ခစ် ရယ်မောလိုက်လျှက် ပြောလိုက်သည်။
"ဒီနေရာက ရှင့် အတွက် ရှိနေရမဲ့ နေရာ မဟုတ်ဘူး ရှင် ထွက်သွားရမယ့် အချိန်ရောက်ပြီ"
သူမမှ ပြတ်သားစွာ ပြောလိုက်လေသည်။ သူမ၏ အတွေးများသည်လည်း ဗြောင်းဆန်နေခဲ့လေပြီ။ ဤအမျိုးသားသည် အလွန်ပင် အန္တရာယ်များလှပေသည်။ လင်းစံအိမ်တော်တွင် ထိုသူ ဆက်နေခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးမျှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ကျွင်းဝူယောင် မှ အသံနှိမ့်လျှက် ပြုံးလိုက်စဉ်မှာပင် ထိုဆံပင်မျှင်ကဲ့သို့ မြွေမည်းလေးများသည် သူ၏ လက်ချောင်း ထိပ်များပေါ်တွင် ရူးသွပ်စွာ ကခုန်လာကြသဖြင့် ရုတ်တရက် စွမ်းအားလှိုင်း တစ်ခု ဖြတ်သန်းသွားသည်ကိုသာ ခံစားလိုက်ရလေသည်။
"ဒီလောက်ကြီးလည်း ရက်စက်မနေပါနဲ့ကွာ ချစ်လှစွာသော ညီမလေးက ကိုယ့်ကို ကယ်တင်ခဲ့တာပဲလေ ကိုယ် လိုချင်တာက ကိုယ့် ရန်သူတွေကို ကလဲ့စားချေဖို့ပါပဲ ကိုယ့်ရဲ့ ဒီ နှိမ့်ချထားတဲ့ တောင်းဆိုမှုလေးကိုတောင် ညီမလေး သဘောမတူနိုင်ဘူးဆိုရင်တော့ ညီမလေးရဲ့ လင်းစံအိမ်တော်က လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒီအကောင်လေးတွေကို ကိုယ် ဖျက်ဆီးပစ်ရုံပဲ ရှိတော့မှာပေါ့ ဒါပေမဲ့ အဲဒါတွေကို အထဲကနေ အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်ရင် သူတို့တွေ နာကျင်ရမှာကို ကိုယ် စိုးရိမ်မိတယ် လင်းစံအိမ်တော်ကြီး ဘာတွေများ ဖြစ်သွားမလဲဆိုတာ တွေးတောင် မတွေးရဲဘူး"
"ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာလား"
ကျွင်းဝူရှဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
"မဟုတ်ပါဘူး ဒါက တောင်းဆိုမှုလေး တစ်ခုပါ"
သူသည် နှုတ်ခမ်းကို ကွေးလျှက် ပြုံးရင်း ပြန်ဖြေလိုက်သည်။
‘တောင်းဆိုမှု တစ်ခု ဟုတ်လား အကယ်၍ သူမ သဘောမတူလျှင် လူတိုင်းအား သူ သတ်ပစ်မည်တဲ့လား ဤအရာကို တောင်းဆိုမှု တစ်ခုဟု သတ်မှတ်ရမည်လား’
"အရမ်းကြီး စိုးရိမ်မနေပါနဲ့ ကိုယ့်မှာ လောလောဆယ် သွားစရာနေရာ မရှိသေးလို့ပါ အချိန်တန်ရင် ကိုယ့်ဘာသာ ထွက်သွားမှာပါ မထွက်သွားခင် ညီမလေးရဲ့ ကျေးဇူးကိုလည်း ကိုယ် ပြန်ဆပ်ချင်သေးတယ်လေ ဒီက ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူးလို့ ကိုယ် ကတိပေးပါတယ်"
ကျွင်းဝူယောင်မှ အပြုံး တစ်ခုဖြင့် ပြောလိုက်တော့သည်။
"ရှင် ထွက်သွားတဲ့အခါ လူတိုင်းကို သတ်မပစ်ဘူးပေါ့ ဟုတ်လား"
သူမမှ ကျောချမ်းဖွယ် အသံဖြင့် မေးလိုက်လေသည်။
"မသတ်ပါဘူး ထွက်သွားရမယ့် အချိန်ရောက်ရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးလို့ ကိုယ် ကတိပေးနိုင်ပါတယ်"
သူ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးလိုက်သည်။
"ကျွန်မမှာ ရွေးချယ်စရာမှ မရှိတာ"
သူမသည် အံကြိတ်လျှက် အေးစက်စွာ ပြောလိုက်လေသည်။ ကျွင်းဝူယောင်မှ ပခုံးတွန့်ပြလိုက်တော့သည်။ လတ်တလောတွင် ဤအန္တရာယ်များလှသော အမျိုးသားအား နှင်ထုတ်၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် သူမသည် အနားယူရန် မျက်လုံးများအား ပိတ်လိုက်ကာ သူ့အား ဆက်လက်၍ အာရုံစိုက်ခြင်း မပြုတော့ချေ။
၎င်း၏ သခင်မအပေါ် လတ်တလော မည်သည့် အန္တရာယ်မျှ ကျရောက်လာမည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ကြောင်နက်လေးမှ စိတ်ချသွားတော့သည်။ ထို့ကြောင့် သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် ကုတင်ပေါ်သို့ ပေါ့ပါးသွက်လက်စွာ ခုန်တက်လိုက်ကာ ဝူရှဲ့၏ ခေါင်းအုံးစွန်းတွင် ခွေအိပ်လိုက်တော့သည်။
သို့သော် ထိုင်ခုံပေါ်တွင် ထိုင်နေသည့် အမျိုးသားထံမှ ၎င်း၏ စောင့်ကြည့်နေသော မျက်လုံးအစုံအား တစ်ခဏမျှပင် မခွာဘဲ နိုးကြားမှုအား ဆက်လက်၍ ထိန်းသိမ်းထားဆဲ ဖြစ်လေသည်။
ဤအမျိုးသားသည် အလွန်တရာ အန္တရာယ်များလှပေသည်။ သူသည် ၎င်း တစ်သက် နှင့် တစ်ကိုယ် ကြုံတွေ့ဖူးသမျှထဲတွင် အန္တရာယ်အများဆုံး လူသား တစ်ဦးပင် ဖြစ်ချေတော့သည်။
***