ကျွင်းဝူယောင်သည် သူမ ကုတင်ပေါ်တွင် ပြန်လည် လှဲအိပ်လိုက်သည်အား မြင်သောအခါ၊ သူ၏ ‘တောင်းဆိုမှု’ အား သူမ သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။
ကံကောင်း ထောက်မစွာဖြင့် သူသည် လွတ်လပ်ခွင့်အား ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံသည် သူ့အား ဤသို့ မျက်နှာသာပေးခဲ့သည် ဖြစ်ရာ ဆုံးရှုံးခဲ့သမျှသော အရာများအား သူ သေချာပေါက် ပြန်လည် အရယူရပေဦးမည်။
ကလဲ့စားမချေမီ သူ၏အစွမ်းသတ္တိများအား အထွတ်အထိပ်သို့ ပြန်ရောက်အောင် ဦးစွာ တည်ဆောက်ရပေမည်။ ကလဲ့စားချေမည့် ဤခရီးလမ်းတွင် ထိုမျှ စိတ်ဝင်စားဖွယ် ကောင်းသော မိန်းကလေးနှင့် တွေ့ဆုံရခြင်းသည် သူ၏ ပျင်းရိငြီးငွေ့မှုများအား ပြေပျောက်စေနိုင်ပေသည်။
သူမသည် အခြားသော ပျင်းရိဖွယ် ကောင်းသူများနှင့် မတူညီချေ။ ဤနေရာတွင် ဆက်နေရခြင်းသည် အတော်လေး အပန်းပြေစရာ ကောင်းပေလိမ့်မည်။
နောက်ရက် အနည်းငယ် အတွင်းတွင် ရှားပါးလှသော ဆေးလုံးများနှင့် ဆေးရည်အမျိုးမျိုးအား သူမ၏ အခန်းထဲသို့ ပို့ဆောင်ပေးခဲ့ကြလေသည်။ တစ်နိုင်ငံလုံးရှိ အတော်ဆုံး ဆိုသည့် သမားတော်များကိုလည်း ကျွင်းဝူရှဲ့အား ကုသရန် ဆင့်ခေါ်ခဲ့ကြသေးသည်။
အကယ်၍ သူမတွင် ရွေးချယ်ခွင့် သာရှိခဲ့လျှင် သူမဘာသာ ကုသမိမည်မှာ အမှန်ပင် ဖြစ်လေသည်။ ဆံပင်ဖြူဖြူနှင့် သမားတော်ကြီးများ ကုသနေပုံအား ကြည့်ရင်း ဝူရှဲ့၏ ရင်ထဲတွင် ဒေါသကြောင့် တုန်ရင်နေမိလေသည်။ သူတို့သည် ဆေးကုသတတ် သူများ မဟုတ်ဘဲ ရမ်းကုများသာ ဖြစ်ကြလေသည်။ အားလုံးသည် လူလိမ်လူညာများ ဖြစ်ပေသည်။
သူမသာ ကုသမည်ဆိုပါက ဤသို့သော ဒဏ်ရာမျိုးသည် ဆယ်ရက်အတွင်း အလွယ်တကူ ပျောက်ကင်း နိုင်သော်လည်း ထို ‘သမားတော်’ များ၏ ပါးစပ်မှမူ အနာသက်သာရန် အနည်းဆုံး တစ်လကြာ မြင့်မည်ဟုသာ တညီတညွတ်တည်း ဆိုကြကုန်လေသည်။
သူမ၏ ဒဏ်ရာများမှာ သူမဘာသာ ကုသရန် ပြင်းထန် လွန်းနေသေးသဖြင့် ထိုတစ်လတာ ကာလပတ်လုံး စိတ်ရှည် လက်ရှည်ဖြင့်သာ အောင့်အည်း သည်းခံနေခဲ့ရလေတော့သည်။
ဤကာလအတွင်း သူမ၏ အဘိုးဖြစ်သူမှာ သူမ၏ ကျန်းမာရေး အခြေအနေအား စစ်ဆေးရန် နေ့စဉ် လာရောက်လေ့ ရှိသော်လည်း ကျွင်းဝူယောင်မှာမူ လာရောက်ခဲလှပေသည်။ သူမဘာသာ လမ်းလျှောက်နိုင်သည် အထိ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသော အခါမှ ကျွင်းဝူယောင်သည် တံခါးဝတွင် ပေါ်လာလေတော့သည်။
"ညီမလေး ကြည့်ရတာ အတော်လေး သက်သာသွားပြီပဲ"
သူသည် တံခါးအား မှီရပ်ရင်း နတ်ဆိုးတစ်ပါးကဲ့သို့ ပြုံးပြကာ ခပ်ဟဟ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်မ အဝတ်အစား လဲတော့မယ်"
ကျွင်းဝူရှဲ့မှ သူ့အား အမူအရာကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက် လေသည်။ ထိုအကြည့်တွင် အဓိပ္ပာယ် တစ်ခုတည်းသာ ရှိသည်။ ‘အခုချက်ချင်း ထွက်သွားစမ်း’ ဟူ၍ပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် တစ်စုံတစ်ယောက်မှာမူ ထိုအရိပ်အမြွက်အား နားမလည်ချင် ဟန်ဆောင်နေခဲ့လေသည်။
သူသည် ထွက်မသွားသည့်အပြင် ကျွင်းဝူရှဲ့၏ ဘေးနားသို့ အမှန်တကယ်ပင် လျှောက်လာခဲ့ကာ လက်အား ဆန့်ထုတ်လျှက် သူမအား အသာအယာ ပွေ့ချီလိုက်လေတော့သည်။ ကြောင်နက်လေးမှာမူ အမွေးအမျှင်များ ထောင်ထလာခဲ့တော့သည်။
‘သခင်မလေးကို လွှတ်စမ်း မကောင်းဆိုးဝါးကောင်ရဲ့’
၎င်း၏ စိတ်ထဲမှနေ၍ အော်ဟစ်နေမိလေတော့သည်။
"ညီမလေးက ဒဏ်ရာ အရှင်း မပျောက်သေးဘူး ဆိုတော့ အဝတ်လဲဖို့က အခက်အခဲ ရှိမှာပေါ့ ဒီလိုကိစ္စမျိုးကို အစ်ကိုဖြစ်သူက ကူညီပေးတာက သဘာဝကျပါတယ်"
သူပြောပြီးသည်နှင့် ကျွင်းဝူယောင်သည် ဒေါသကြောင့် တောက်လောင်နေသည့် မျက်ဝန်းအစုံအား လုံးဝဂရုမစိုက်ဘဲ သူ၏ ‘ညီမလေး’ အား ကုတင်ပေါ်သို့ ပွေ့ချီသွားလိုက်ကာ သန့်ရှင်းလှသည့် အဝတ်အစားတစ်စုံအား ရွေးချယ်၍ ကျွင်းဝူရှဲ့ကို အဝတ်လဲ ပေးရန် ပြင်ဆင်လေတော့သည်။
ကျွင်းဝူရှဲ့၏ ဦးနှောက်သည် ခဏတာ ရပ်တန့်သွားခဲ့ကာ သူသည် သူမ၏ အပေါ်ဝတ်ရုံအား ချွတ်နေစဉ် ကြောင်အမ်းအမ်းဖြင့်သာ ထိုင်နေမိလေတော့သည်။
အတိတ်တွင် ဖြစ်စေ ပစ္စုပ္ပန်တွင် ဖြစ်စေ ဆေးကုသမှုဆိုင်ရာ ကိစ္စရပ်များ မှလွဲ၍ ဝူရှဲ့သည် ဆန့်ကျင်ဘက် လိင် နှင့် ဤမျှ နီးကပ်သော ထိတွေ့မှုအား တစ်ခါမျှ မရှိခဲ့ဖူးချေ။
‘သူက သူ့သဘောအတိုင်း ဆုံးဖြတ်ပြီး လုပ်နေတာပါလား’
ကျွင်းဝူရှဲ့သည် နှုတ်ခမ်းအား တင်းတင်းစေ့ထားရင်းဖြင့် သူ့အား သေနိုင်လောက်သည် အကြည့်စူးစူးဖြင့် စိုက်ကြည့်နေမိတော့သည်။ ဤအခြေအနေတွင် မှန်ကန်စွာ တုံ့ပြန်နေသူမှာ အမွေးပွပွနှင့် ကြောင်နက်လေးသာ ရှိလေသည်။
၎င်း၏ သခင်မ ဖြစ်သူမှာ ဤမျှအထိ အခွင့်အရေးယူ ခံနေရသည်လား။ သို့သော် သူမသည် အဘယ်ကြောင့် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ရလေသနည်း။ အခုအချိန်သည် ကြောင်အမ်းနေရမည့် အချိန်မဟုတ်ခဲ့ပေ။ သူ့အား ရိုက်ပစ်လိုက်သင့်သည်။
...........
သူသည် သူမပား အဝတ်လဲပေးနေစဉ် ကျွင်းဝူရှဲ့သည် မည်သည့် ခုခံမှုကိုမျှ မပြုဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေမိတော့သည်။ သူမ၏ တည်ငြိမ်နေသော ဟန်ပန်သည် သူ့အား အံ့အားသင့်စေခဲ့ဟန် တူလေသည်။ အဝတ်လဲ ပေးပြီးနောက် သူသည် စနောက်သည့် အပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် သူမအား တံခါးဆီသို့ ပွေ့ချီသွားပြန်တော့သည်။
"ဘယ်ကို သွားကြမလို့လဲ"
ဝူရှဲ့သည် နောက်ဆုံးတွင် ခက်ခဲစွာ မေးလိုက်ရလေတော့သည်။ သူမသည် ကြောင်လေးအား လက်လှမ်းပြလိုက်လေရာ ၎င်းသည် လေထဲသို့ ခုန်တက်သွားပြီးနောက် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်ရောက် သွားလေတော့သည်။
"ဧည့်သည် ရောက်နေတယ်လေ"
ကျွင်းဝူယောင်မှ ဝင်းလက်တောက်ပသည့် အပြုံးဖြင့် ပြန်ဖြေလိုက်တော့သည်။
***