လင်းစံအိမ်တော်၏ ခန်းမဆောင်ကြီး အတွင်း၌ ဧည့်သည်များအား လက်ဖက်ရည်ဖြင့် ဧည့်ခံနေကြလေသည်။ ဧည့်ခံများအား လက်ခံ၍ ဦးဆောင် ဧည့်ခံနေသူမှာ အသက်သုံးဆယ် အစောပိုင်း အရွယ်ရှိ ချောမော ခန့်ညားလှသော အမျိုးသား တစ်ဦး ဖြစ်လေသည်။
သူသည် အပြာနုရောင် ဝတ်ရုံအား ဆင်မြန်း ထားသော်လည်း ဝှီးချဲပေါ်တွင် ထိုင်နေရရှာလေသည်။ ဤမျှ ခန့်ညားသည့် အမျိုးသား တစ်ဦးသည် မသန်မစွမ်း ဖြစ်နေရသည်မှာ တကယ့်ကို နှမြောစရာပင် ကောင်းလှလေသည်။
သူ၏ ညာဘက် ဘေးတွင်မူ ဝါနုရောင် ပိုးထည်ဝတ်စုံအား ဆင်မြန်းထားသော အခြား အမျိုးသားတစ်ဦး ထိုင်နေလေသည်။ သူသည် ချောမောသော်လည်း မာနထောင်လွှားသည့် အငွေ့အသက်များ ရှိနေခဲ့လေသည်။ သူ၏ ဘေးနားတွင်မူ အဖြူရောင် ဝတ်ဆင်ထားသည့် ကျော့ရှင်းလှပသည့် မိန်းကလေးတစ်ဦး ရှိနေလေသည်။
"ခဏလောက် စောင့်ပေးပါဦး ဒုတိယမင်းသား ဝူရှဲ့က ဒဏ်ရာက အရှင်း မသက်သာသေးလို့ ဒီကို လာဖို့ အချိန်နည်းနည်း ကြာပါလိမ့်မယ်"
ဝှီးချဲပေါ်ရှိ အမျိုးသားမှ ယဉ်ကျေးပျူငှာစွာ အသိပေး လိုက်တော့သည်။ သူသည် အခြားသူ မဟုတ်ဘဲ ကျွင်းရှန်၏ အငယ်ဆုံးသား ဖြစ်သူ ကျွင်းချင်း ပင်ဖြစ်လေသည်။
ဒုတိယမင်းသား မော့ရွှမ်ဖေးမှ မထူးခြားသည့် မျက်နှာထားဖြင့် ခေါင်းညိတ် လိုက်လေသည်။ သူသည် ကျွင်းဝူရှဲ့၏ စေ့စပ်ထားသူ ဖြစ်သော်လည်း ဤကာလပတ်လုံး သူမအား လာရောက် ကြည့်ရှုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။ ၎င်းအပြင် သူသည် အခြား အမျိုးသမီး တစ်ဦးကိုပါ ခေါ်ဆောင် လာခဲ့သေးလေသည်။
ကျွင်းချင်း၏ မျက်နှာမှာမူ သဘာဝကျစွာပင် ကြည့်မကောင်းတော့ချေ။ မကြာမီ ကျွင်းဝူယောင်သည် ခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။ မော့ရွှမ်ဖေး၏ မထူးခြားသည့် အမူအရာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကာ မျက်မှောင်ကြုတ် လိုက်မိလေသည်။
မော့ရွှမ်ဖေးအား ချီတိုင်းပြည် တစ်ခုလုံးတွင် ရုပ်အချောဆုံး အမျိုးသားများထဲမှ တစ်ဦးဟု ဆိုနိုင်သော်လည်း ယခုအခါ သူနှင့် စေ့စပ်ထားသူ အမျိုးသမီး ဖြစ်သည့် ကျွင်းဝူရှဲ့သည် သူနှင့် ယှဉ်၍ မရနိုင် လောက်အောင် ခန့်ညားချောမောသည့် အမျိုးသားတစ်ဦး၏ ပွေ့ချီခြင်းအား ခံနေရသည် မဟုတ်ပါလော။
ဝူရှဲ့မှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်နေဆဲ ဖြစ်သဖြင့် ယခင်ကကဲ့သို့ နီမြန်းသော ပါးပြင်လေးများ မရှိတော့ဘဲ အနည်းငယ် ဖြူဖျော့နေခဲ့လေသည်။ သို့သော် ထိုအချက်ကပင် သူမ၏ ရုပ်သွင်အား ပွင့်လန်းခါစ ကြာဖြူ တစ်ပွင့်ကဲ့သို့ ထူးခြားသည့် ခံစားချက်အား ပေးစွမ်းနေလေသည်။
သူမသည် ထိုစိမ်းသက်သည့် အမျိုးသား၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီနွဲ့နေခဲ့လေသည်။ ယခင်တွင် ရှိခဲ့သော မောက်မာ ရိုင်းစိုင်းသည့် အမူအရာများ နေရာတွင် နုနယ် ပျော့ပျောင်းကာ ဆွဲဆောင်မှုရှိသည့် ဟန်ပန်များမှ အစားထိုး ဝင်ရောက် နေခဲ့ပြီ ဖြစ်သည်။
မော့ရွှမ်ဖေးသည် ကျွင်းဝူရှဲ့အား သဘောမကျကြောင်းမှာ တစ်နိုင်ငံလုံး သိရှိထားကြသည့် အချက်ပင် ဖြစ်လေသည်။ သူတို့၏ လက်ထပ်ရန် ကတိစကားမှာ လင်းဝမ့်၏ လက်အောက်တွင်ရှိသော လွေ့လင်းတပ်မတော်၏ ရန်သူ မဖြစ် လိုသောကြောင့်သာ ဖြစ်သည်။
သို့သော် ဤအချက်ကပင် မော့ရွှမ်ဖေးအနေဖြင့် သူ၏စေ့စပ်ထားသူမှ သူ့အား အရှက်ခွဲနေသည်အား ကြည့်၍ ပျော်ရွှင်နေမည်ဟု မဆိုလိုပေ။
"ဒါက ဘယ်သူလဲ"
မော့ရွှမ်ဖေးမှ မျက်မှောင်ကြုတ်ကာ ခပ်ပြတ်ပြတ် မေးလိုက်လေသည်။
"ဒါက ဝူရှဲ့ရဲ့အစ်ကို ကျွင်းဝူယောင် ပါ"
ကျွင်းချင်းက မသိစိတ်မှနေ၍ ပြန်ဖြေလိုက်လေသည်။
"ဘာ"
မော့ရွှမ်ဖေး၏ မျက်နှာထားမှာ ဆိုးရွားစွာ ပြောင်းလဲ သွားခဲ့လေတော့သည်။ လင်းစံအိမ်တော်၏ တတိယမျိုးဆက်တွင် လူတစ်ဦးတည်းသာ ရှိသည် မဟုတ်ပါလော။ ဤကျွင်းဝူယောင် ဆိုသူသည် မည်သည့်နေရာမှ ရောက်ရှိ လာခဲ့ရလေသနည်း။
ဤအချက်မှာ လင်းဝမ့်သည် တော်ဝင်မိသားစု အပေါ် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားခဲ့ကာ ဤကဲ့သို့သော အရေးကြီးသည့် အချက်အား ဖုံးကွယ်ထားခဲ့သည်ဟု ဆိုလိုခြင်းလော။ မော့ရွှမ်ဖေး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"မဟုတ်ပါဘူး ဝူယောင်က မိဘမဲ့တစ်ယောက်ပါ ကျွန်တော်ရဲ့ အဖေက သူ့ကို အပြင်မှာ တွေ့လို့ ခေါ်ယူမွေးစားခဲ့တာပါ အခု ဝူရှဲ့ကလည်း ဒဏ်ရာ အပြင်းအထန် ရထားတဲ့အပြင် ဖခင်ရဲ့ ကျန်းမာရေးကလည်း မကောင်း ကျွန်တော်ကလည်း မကူညီနိုင်တာကြောင့် ဝူယောင်ကိုပဲ သူ့ကို စောင့်ရှောက်ပေးဖို့ ပြန်ခေါ်လိုက်ရတာပါ"
ကျွင်းချင်းမှ ရှင်းပြလိုက်သည်။
‘ဒါဆို သူတို့က သွေးသားမတော်စပ်ကြဘူးပေါ့’
မော့ရွှမ်ဖေး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အစကတည်းမှ မော့ရွှမ်ဖေးသည် ကျွင်းဝူရှဲ့အား ဂရုမစိုက်ခဲ့ချေ။ ကျွင်းဝူယောင်နှင့် ကျွင်းဝူရှဲ့တို့သည် သူတို့၏ နေရာတွင် ဖြည်းညင်းစွာ ထိုင်လိုက်ကြလေသည်။
သူမသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မောင်နှံအား တစ်ချက်ကြည့်လိုက် ပြီးနောက် စိတ်ထဲ မှနေ၍ တိတ်တဆိတ် လှောင်ပြောင်လိုက်မိတော့သည်။ ဤသူသည် ယခင် ဝူရှဲ့မှ အလွန်အမင်း စွဲလမ်းခဲ့ရသည့် အမျိုးသား ဖြစ်ပေမည်။ သို့သော် သူ၏ ဘေးနားတွင် ထိုင်နေသော အမျိုးသမီးကိုမူ သူမ မှတ်မိခြင်း မရှိချေ။
"ဝူရှဲ့ ဒဏ်ရာ ရထားတာကို ခမည်းတော် သိသွားတော့ အားဆေးအချို့ ပို့ခိုင်းလိုက်တယ် ယွင်ရှန်းကလည်း အနားမှာ ရှိနေတာနဲ့ ဝူရှဲ့ရဲ့ဒဏ်ရာကို ကြည့်ပေးဖို့ ကိုယ် ခေါ်လာခဲ့တာ ယွင်ရှန်းက ဆေးပညာမှာ ကျွမ်းကျင်တဲ့သူ ဆိုတော့ သူ ကြည့်ပေးတာက ဒဏ်ရာ အမြန် ပျောက်ကင်းဖို့ အတွက် ပိုကောင်းပါလိမ့်မယ်"
သူ၏မျက်နှာ ထက်ပေါ်တွင် ခံစားချက် ကင်းမဲ့နေခဲ့ကာ အေးစက်သည့် အမူအရာများ ပြန်လည် လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည့်တိုင် ထို အမျိုးသမီး၏ အကြောင်းအား ပြောမိသည့်အခါတိုင်းတွင် သူမအား အမြတ်တနိုး ငေးကြည့် တတ်သည့်အပြင် သူမ၏ နာမည်အား ပြောလိုက်ချိန်တွင် သူ၏ လေသံသည် နူးညံ့ညင်သာသွားတတ်သေးလေသည်။
ထိုအကြည့်များသည် သူ၏ ချစ်သူသက်ထားအား ကြည့်နေသည့်အလားပင် ဖြစ်နေချေသည်။
***