{ဒီလူယုတ်မာ}
ကြောင်နက်လေး၏ အသံသည် ကျွင်းဝူရှဲ့၏ စိတ်ထဲတွင် ပဲ့တင် ထပ်သွားခဲ့သည်။ သူမ၏ စေ့စပ်ထားသူ၏ ရှေ့တွင်ပင် အခြား အမျိုးသမီးတစ်ဦးနှင့် ဗြောင်ကျကျ ပွေလီပြနေခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ကျွင်းဝူရှဲ့မှ နောက်ဆုံးတွင် စကားစ ပြောလိုက်လေသည်။
"မလိုအပ်ပါဘူး"
ဤကမ္ဘာလောကရှိ သမားတော်များသည် သူမအား နှိပ်စက်ထားခဲ့သည်မှာ လုံလောက်လှပြီ ဖြစ်လေသည်။ ကျွင်းဝူရှဲ့၏ ငြင်းဆိုမှုကြောင့် မော့ရွှမ်ဖေးနှင့် သူ၏ အဖော်ဖြစ်သူ အမျိုးသမီး တို့၏ ပြုံးရွှင်နေသည့် မျက်နှာများမှာ ပျက်ယွင်း သွားလေတော့သည်။
မော့ရွှမ်ဖေးမှ မကျေမနပ်ဖြစ်သွားခဲ့ကာ ပြောလိုက်လေသည်။
"ယွင်ရှန်းက ချင်းယွင် ဂိုဏ်းချုပ်ရဲ့ တပည့်ရင်း တစ်ယောက်ပဲ"
‘ချင်းယွင်ဂိုဏ်း ဟုတ်လား’
ကျွင်းဝူရှဲ့မှ မျက်ခုံး အနည်းငယ် ပင့်လိုက်မိသလို ကျွင်းချင်း၏ မျက်နှာပေါ်တွင်လည်း အံ့သြရိပ်များ ယှက်သန်းသွားခဲ့လေသည်။ ချီတိုင်းပြည်၏ အပြင်ဘက်တွင် ကြီးမားလှသော အင်အားစုကြီး အချို့ ရှိနေခဲ့ကာ ၎င်းတို့အနက် တစ်ခုမှာ ချင်းယွင်ဂိုဏ်း ဖြစ်လေသည်။ ၎င်းတို့သည် တိုက်ကြီးများ တစ်လျှောက် အလွန်ပင် ကျော်ကြားလှကာ ဆေးပညာလောကတွင် မျိုးဆက်ပေါင်း များစွာတိုင်အောင် ပြိုင်ဘက်ကင်း အင်အားစုအဖြစ် ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ထံတွင် ပါရမီရှင်များ ပေါ်ထွက်ခဲ့သည့် သမိုင်းကြောင်း ရှည်လျားစွာ ရှိနေခဲ့ပြီး ပါရမီရှင် တစ်ဦးစီ၏ အမည်နာမမှာ တိုက်ကြီး တစ်ခုလုံးအား တုန်လှုပ်စေနိုင်လောက်ပေသည်။ အကျော်ကြားဆုံးမှာမူ သူတော်စင် တစ်ပါးကဲ့သို့ စွမ်းဆောင်နိုင်ရည်ရှိကာ နိုင်ငံတိုင်း၏ လေးစားမှုအား ရရှိထားသော ၎င်းတို့၏ ဂိုဏ်းချုပ်ပင် ဖြစ်လေသည်။ အကယ်၍ ချင်းယွင်ဂိုဏ်းအား စော်ကားမိပါက ချီတိုင်းပြည်သည် သေချာပေါက် ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည် ဖြစ်သည်။
ပိုင်ယွင်ရှန်းသည် ဂိုဏ်းချုပ်၏ တပည့်ရင်း ဖြစ်သည်ဆိုပါက ဂိုဏ်းအတွင်း သူမ၏ အဆင့်အတန်းမှာ အတော်လေး မြင့်မားမည်မှာ အသေအချာပင် ဖြစ်ချေသည်။
မော့ရွှမ်ဖေးမှ မိတ်ဆက်ပေး ပြီးနောက်တွင် ပိုင်ယွင်ရှန်းသည် သူမ၏ မေးစေ့အား အနည်းငယ် မော့ထားလိုက်သည်။ သူမ၏ ရုပ်သွင်မှာ လူသားကမ္ဘာနှင့် မသက်ဆိုင်သည့် အလား အလွန်ထူးကဲစွာ လှပနေသည်အား ပို၍ပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
"ကိုယ်တော်က ယွင်ရှန်းကို လာခဲ့ပေးဖို့ အတော်လေး ကြိုးစားဖိတ်ခေါ်ခဲ့ရတာ ပြီးတော့ ဝူရှဲ့မှာက သစ္စာခံဝိညာဉ်လည်း မရှိဘူးလေ အကယ်၍ သူ့ရဲ့ ဒဏ်ရာက အရှင်းမပျောက်သွားရင် သူ ဘာဖြစ်သွားမလဲ ကိုယ်တော်တို့ နှစ်ယောက်က အကြောင်း မပါနိုင်ကြပေမဲ့လည်း လူသိသူသိ တစ်ယောက် အနေနဲ့ရော သူငယ်ချင်း တစ်ယောက် အနေနဲ့ပါ ကိုယ်တော် သူကို ကူညီသင့်တယ်လို့ ထင်တယ်"
မော့ရွှမ်ဖေးသည် သူ၏ ရည်ရွယ်ချက်အမှန်အား နောက်ဆုံးတွင် ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။ ကျွင်းချင်း၏ မျက်နှာမှာ မီးသွေးခဲကဲ့သို့ မည်းမှောင်သွားလေတော့သည်။
ယခင်တွင် မော့ရွှမ်ဖေးသည် လင်းစံအိမ်တော်၏ စစ်အင်အားကြောင့်သာ ကျွင်းဝူရှဲ့အား စေ့စပ်ထားသူ အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ပို၍ခိုင်မာသည့် ကျောထောက် နောက်ခံအား ရှာတွေ့ထားပြီ ဖြစ်ရာ သူသည် မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
ကျွင်းရှန်၏ စစ်အင်အားသည် မည်မျှပင် ကြီးမားစေကာမူ ချင်းယွင်ဂိုဏ်း၏ ပြိုင်ဘက် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ မော့ရွှမ်ဖေး၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။ သူသည် ဤစေ့စပ်မှုအား ဖျက်သိမ်း လိုနေခြင်းပင် ဖြစ်လေသည်။
"ဒါဆိုရင် ဒုတိယမင်းသားက ကျွန်တော်တို့ ဝူရှဲ့နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းချင်တာလား"
ကျွင်းချင်းသည် ဝှီးချဲကို အားဖြင့် ဆုပ်ကိုင်ထားသဖြင့် သူ၏ လက်ဆစ်များမှာ ဖြူလျော့နေခဲ့သည်။
"ဒါက တကယ်ကို စိတ်မကောင်းစရာပါပဲ ကိုယ်တော်က ဝူရှဲ့အပေါ်မှာ ဘာခံစားချက်မှ မရှိပေမဲ့ သူက ကိုယ်တော့် အပေါ် စွဲလမ်းနေတာကြောင့် ကိုယ်တော်တို့ အဆင်ပြေနိုင်မလားဆိုပြီး ကြိုးစားကြည့်ခဲ့ပါသေးတယ် ဒါပေမဲ့ အချိန်တွေ အကြာကြီး ကြုံဆုံခဲ့ပြီးတဲ့ နောက်မှာတော့ ကိုယ်တော် သူ့အပေါ် ဘာခံစားချက်မှ ရှိမလာခဲ့သလို သူမှာလည်း သစ္စာခံဝိညာဉ် မရှိဘူးဆိုတာ အတည်ဖြစ်သွားပြီလေ ကိုယ်တော်တို့က အကြောင်း မပါနိုင်ကြဘူး ထင်ပါတယ်"
မော့ရွှမ်ဖေးမှ စိတ်ရှည်လက်ရှည်ပင် ရှင်းပြပေးလိုက်လေသည်။ သစ္စာခံဝိညာဉ်ပင် မရှိသည့် မောက်မာရိုင်းစိုင်း လှသော မိန်းကလေး တစ်ယောက်အား သူသည် မည်ကဲ့သို့ လက်ထပ် နိုင်လိမ့်မည်နည်း။ မည်သို့ပင် ဖြစ်စေကာမူ သူသည် နိုင်ငံတစ်ခုရဲ့ မင်းသားတစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ မည်ကဲ့သို့ အသုံးမကျသည့် အမှိုက်တစ်ယောက်အား လက်ထပ်လိုက်ကာ လူပြက်တစ်ယောက် အဖြစ်ခံနိုင်လိမ့်မည်နည်း။
သူသည် ကျွင်းဝူရှဲ့အား လုံးဝ ဂရုမစိုက်သည့်အပြင် သူမသည် သူ့အပေါ် စွဲလမ်းနေမှုအား ထုတ်ပြောခြင်းနှင့် သူမသည် အသုံးမကျသူ ဖြစ်ကြောင်း ဖော်ပြခြင်းတို့ဖြင့် သူမအား အကြီးအကျယ် အရှက်ခွဲလိုက်ခြင်းပင် ဖြစ်လေသည်။
သူသည် အပြစ်အားလုံးကို သူမ အပေါ်သို့ ပုံချလိုက်ပြီးနောက် သူ၏ ဂုဏ်သိက္ခာကိုမူ သန့်ရှင်းအောင် လုပ်ဆောင်သွားခဲ့လေသည်။ ကျွင်းချင်း၏ ဖြူလျော့နေသည့် မျက်နှာသည် တိတ်ဆိတ်စွာပင် မိမိကိုယ်ကိုယ် အသုံးမကျမှုအား အပြစ်တင်နေမိလေသည်။
သူ၏ မသန်မစွမ်းမှုကြောင့် သူတပါးများသည် သူ၏တူမလေးအား သူ၏ အိမ်တော်ထဲတွင်ပင် လာရောက်၍ စော်ကားနေကြသည့်တိုင် သူ မြတ်နိုးရသည့် အရာအား ကာကွယ်ရန် သူသည် မည်သို့မှ မတတ်စွမ်းနိုင်ခဲ့ချေ။
‘လင်းစံအိမ်တော်သည် ဤမျှအထိ ကျဆင်းသွားပြီခဲ့ပြီလား’
ကျွင်းချင်းသည် ဝူရှဲ့၏ ဝမ်းနည်း ပူဆွေးနေမည့် မျက်နှာအမူအရာအား မကြည့်ရက်နိုင်ဘဲ ရှိနေခဲ့သည်။ သူမသည် မော့ရွှမ်ဖေးအပေါ် မည်မျှ စွဲလမ်းခဲ့သည်အား သူသိနေခဲ့သည် မဟုတ်ပါလော။ သူမ၏ မာနကြီးသည့် စရိုက်နှင့် ယခုကဲ့သို့ သူမ စွဲလမ်းရသော အမျိုးသား၏ စော်ကားမှုအား ခံလိုက်ရသည်ဖြစ်ရာ သူမ မည်သို့များ ခံနိုင်ရည်ရှိပါလိမ့်မည်နည်း။
သို့သော် သူ မြင်လိုက်ရသော အရာသည် သူ့အား မှင်သက် သွားစေတော့သည်။ သူ ထင်မှတ်ထားသကဲ့သို့ ငိုယိုပေါက်ကွဲမည့် အဖြစ်အပျက်မျိုး မဟုတ်ဘဲ လုံးဝခြားနားနေခဲ့လေသည်။ ကျွင်းဝူရှဲ့သည် သာမန်ကာလျှံကာနှင့် ဂရုမစိုက်သော အငွေ့အသက်များဖြင့် မော့ရွှမ်ဖေးနှင့် ပိုင်ယွင်ရှန်းတို့ကို အေးအေးဆေးဆေးပင် ကြည့်နေခဲ့လေသည်။
***