သူ သူ စိတ်မဆိုးဘူးလား’
"ဒါပဲလား"
ကျွင်းဝူရှဲ့မှ ထိုသူတို့အား အေးစက် တည်ငြိမ်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လျှက် မေးလိုက်လေသည်။ သူမ၏ တည်ငြိမ်လွန်း လှသည့် အမူအရာများကြောင့် ကျွင်းချင်း သာမက မော့ရွှမ်ဖေးပင် ဆွံ့အသွားရလေတော့သည်။ ဤသည်မှာ သူတို့ မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုး မဟုတ်ချေ။
ယခင်တွင် ဤစေ့စပ်ပွဲအား အတည်ဖြစ်စေရန် အတွက် သူမသည် နည်းမျိုးစုံဖြင့် အသည်းအသန် ကြိုးပမ်းခဲ့ဖူးလေသည်။ သူမအဘိုး၏ အရှိန်အဝါအား အသုံးချ၍ မော့ရွှမ်ဖေးအား အကျပ်ကိုင်ကာ သဘောတူညီမှု ရယူခဲ့သည် အထိပင် ဖြစ်ချေသည်။ သို့သော် ယခုအခါ မော့ရွှမ်ဖေး ကိုယ်တိုင်မှ စေ့စပ်ပွဲ ပယ်ဖျက်ကြောင်း ကြေညာ လိုက်သည့်တိုင် သူမသည် မိမိနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ပြုမူနေခဲ့လေသည်။
"ကျွင်းဝူရှဲ့ ငါတို့ လမ်းခွဲကြရအောင် ယွင်ရှန်းက မင်းရဲ့ဒဏ်ရာတွေကို ကုသပေးလိမ့်မယ် အဲဒီနောက်မှာတော့ ငါတို့ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး"
မော့ရွှမ်ဖေးသည် မျက်မှောင်ကြုတ်လျက် ကျွင်းဝူရှဲ့အား အကဲခတ်နေမိလေသည်။ သူမသည် မည်သို့ ကြံစည်နေပြန်ပြီနည်း။
ကျွင်းဝူရှဲ့သည် ပိုင်ယွင်ရှန်းအား တစ်ချက်မျှ ကြည့်လိုက်မိလေသည်။ ကုန်ပစ္စည်းတစ်ခုအား အကဲဖြတ်သကဲ့သို့ ခြေဆုံး ခေါင်းဆုံး ကြည့်ရှု ပြီးနောက်တွင် သူမ၏ နှုတ်ခမ်းအစုံသည် နူးညံ့လှဿည့် အပြုံးတစ်ခ ုအဖြစ် ကွေးညွတ်သွားခဲ့လေတော့သည်။
"လောကကြီးက ကျယ်ပြောလှပါတယ် ရှင်တို့ အပြင်ထွက်ပြီး ဗဟုသုတ ရှာကြည့်ကြပါလား"
ကျွင်းဝူရှဲ့မှ နောက်ပြောင်ကျီစယ်လိုသော လေသံဖြင့် ပြောလိုက်လေသည်။
"မင်း ဘာကို ဆိုလိုတာလဲ"
မော့ရွှမ်ဖေးမှာမူ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။ ထိုစဉ် ကျွင်းဝူယောင်မှ သာယာစွာ ရယ်မောလိုက်ပြီးနောက် တကူးတက ပြောလိုက်လေသည်။
"ညီမလေး ဆိုလိုတာက မင်းတို့ ဒီကနေ အမြန်ဆုံး ထွက်သွားဖို့ အချိန်တန်ပြီလို့ ပြောချင်တာပါ"
သူသည် ရယ်ချင်စိတ်အား အောင့်ထားရသဖြင့် မျက်ဝန်းအစုံတွင် မျက်ရည်စများပင် ဝေ့သပ်နေလေတော့သည်။ သူသည် အလွန် 'စေတနာ ကောင်းလှသူ' ပီပီ ကျွင်းဝူရှဲ့၏ စကားအနက်အား သေချာစွာ ရှင်းပြပေး လိုက်လေတော့သည်။
မော့ရွှမ်ဖေး၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းလာခဲ့ကာ ဒေါသကြောင့် တုန်ရီနေတော့သည်။
"ကျွင်းဝူရှဲ့ မင်း ဒီစေ့စပ်ပွဲ ပယ်ဖျက်တာကို သဘောတူတူ မတူတူ လုပ်ကို လုပ်ရလိမ့်မယ် ခမည်းတော်က အမိန့်တော် ချမှတ်ဖို့ ပြင်ဆင်ထားပြီးပြီ မနက်ဖြန်ကျရင် တစ်လောကလုံး သိအောင် ကြေညာတော့မှာ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ပိုင်ယွင်ရှန်းသည် နောက်ဆုံးတွင် နူးညံ့ သိမ်မွေ့လှသည့် လေသံဖြင့် ဝင်ပြော လိုက်လေသည်။
"ညီမလေးကျွင်း အရာအားလုံးက အဆုံးသတ် ဆိုတာ ရှိစမြဲလို့ အစ်မ ဆရာက အမြဲပြောလေ့ရှိတယ် တချို့အရာတွေက အတင်းအကျပ် ဆွဲထားလို့ မရဘူးလေ အခု ညီမလေးရဲ့ အခြေအနေနဲ့ ဆိုရင် ဒီလက်ထပ်ပွဲကို ဆက်ပြီး ဖက်တွယ်ထားဖို့ မကြိုးစား သင့်တော့ဘူးနော်"
သူမ ပြောသည့် အကြံပြုစကားများ၏ နောက်ကွယ်တွင် ဝင့်ဝါ စော်ကားသော အငွေ့အသက်များ ကိန်းအောင်းနေခဲ့လေသည်။ အတိုချုပ်ဆိုရသော် မော့ရွှမ်ဖေးအား အရှက်မရှိ ကပ်တွယ် မနေရန် သတိပေးလိုက်ခြင်းပင် ဖြစ်လေသည်။
[ဒီမိန်းမက ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ သခင်မ သူက သခင်မကို စော်ကားနေတာ]
ကြောင်နက်လေးမှာ ထိုအတွဲအား ကြည့်လိုက်ကာ ဒေါသတကြီး အော်ဟစ် နေလေတော့သည်။
"ကျွန်မ ပင်ပန်းနေပြီ"
ကျွင်းဝူရှဲ့သည် အလွန်အမင်း နုံးချိနေဟန်ဖြင့် ပြောလိုက်ကာ သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသည့် ထိုအတွဲအား မျက်လုံးထောင့်ဖြင့်ပင် မကြည့်တော့ဘဲ ဝူယောင်ဘက်သို့ လှည့်လိုက် လေတော့သည်။
ကျွင်းဝူယောင်သည် သဘာဝကျကျပင် ထရပ်လိုက် ပြီးနောက် ကျွင်းဝူရှဲ့၏ သေးသွယ်လှသော ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ကာ နောက်သို့ လှည့်မကြည့်ဘဲ ခန်းမထဲမှ ထွက်ခွာ သွားလေတော့သည်။
မော့ရွှမ်ဖေး၏ မျက်နှာမှာ တစ်စထက် တစ်စ ပို၍ ကြည့်ရဆိုးလာခဲ့သည်။ ကျွင်းဝူရှဲ့သည် သူ့အား တစ်ခါမျှ လျစ်လျူရှုခြင်း မရှိခဲ့ဖူးချေ။ သို့သော် ယနေ့တွင်မူ သူမသည် သူ၏ တည်ရှိမှုကိုပင် မေ့လျော့နေသကဲ့သို့ ပြုမူသွားခဲ့လေသည်။
"မိုးလည်း ချုပ်နေပြီဆိုတော့ ဧည့်သည်တော်တို့လည်း ပြန်ကြပါတော့"
ကျွင်းချင်းမှ အေးစက်စွာ ပြောလိုက်လေသည်။ အကယ်၍ ထိုသူတို့၏ အဆင့်အတန်းသာ မရှိပါမူ သူသည် စောစီးစွာပင် ကန်ထုတ်လိုက်မိမည်မှာ အမှန်ပင် ဖြစ်လေသည်။
မော့ရွှမ်ဖေးမှ တစ်စုံတစ်ခု ပြောရန် ကြံရွယ်လိုက်သော်လည်း ပိုင်ယွင်ရှန်းမှာမူ မကျေမနပ်ဖြစ်ကာ ထွက်ခွာသွားခဲ့သဖြင့် သူသည်လည်း မည်သည်ကိုမှ မပြောနိုင်တော့ဘဲ နောက်မှ တိတ်တဆိတ် လိုက်သွားရလေတော့သည်။
တိတ်ဆိတ်သွားသည့် ခန်းမကြီးအတွင်း ကျွင်းချင်း၏ မျက်နှာမှာ ဖြူလျော်နေခဲ့လေသည်။ လင်းစံအိမ်တော်သည် မည်သည့်အချိန်တွင် ဤမျှအထိ အစော်ကား ခံခဲ့ရဖူးလေသနည်း။
အခြေအနေများအား ကြည့်ရသော် အဘိုးအိုဖြစ်သူ ကျွင်းရှန်သည် အိုမင်းလာပြီး ဖြစ်ကာ လွေ့လင်းတပ်မတော်အား ဆက်ခံမည့်သူ မရှိတော့သဖြင့် တော်ဝင်မိသားစုမှ သူတို့၏ အကြံအစည်များအား စတင် ဖော်ဆောင်လာကြခြင်း ဖြစ်ပေသည်။ ယနေ့ မော့ရွှမ်ဖေး၏ အပြုအမူအား ကြည့်ခြင်းအားဖြင့် တော်ဝင်မိသားစုသည် လင်းစံအိမ်တော်အား အရေးမစိုက်တော့ကြောင်း ထင်ရှားနေပေသည်။
.........
ဝူယောင်သည် ကျွင်းဝူရှဲ့အား ပွေ့ချီထားရင်း နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခု ရှိနေခဲ့လေသည်။
"မင်း စိတ်မဆိုးဘူးလား"
သူသည် သူမအား ငုံ့ကြည့်လိုက်ကာ မေးလိုက်လေသည်။ ဒုတိယမင်းသားသည် သူ၏ ချစ်သူအသစ်အား ခေါ်ဆောင်လာခဲ့ကာ မကောင်းသည့် ရည်ရွယ်ချက်များဖြင့် လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း နေမင်းပမာ ထင်ရှားလှပေသည်။
သို့သော် ကျွင်းဝူရှဲ့၏ မျက်နှာတွင် ဒေါသ အရိပ်အယောင် စိုးစဉ်းမျှ မရှိခဲ့ချေ။ သူမသည် ခေါင်းအား အနည်းငယ် မော့လျှက် သူ့အား ကြည့်လိုက်လေသည်။ သူမ၏ မျက်ဝန်းအစုံမှာ ညတာကဲ့သို့ တည်ငြိမ်နေသော်လည်း အတွေးပေါင်း များစွာဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
ကျွင်းဝူယောင်သည် သူမအား ကြည့်လိုက်ကာ ပြုံးလိုက်မိတော့သည်။ သူ၏ လခြမ်းကွေး ဟဏ္ဍာန် မျက်ဝန်းများထဲတွင် ထူးခြားလှသည့် အရောင်အဝါ တစ်ခု လက်ခနဲ ဖြတ်သွားခဲ့သော်လည်း သူ မည်သည့် အရာများ တွေးနေသည်ကိုမူ မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။
"ဝူရှဲ့ မင်းက တကယ့်ကို စိတ်ရှည်တဲ့ မိန်းကလေးပဲ"
***