"ကျွန်မ ဗိုက်ဆာတယ်"
ကျွင်းဝူရှဲ့၏ ပထမဦးစားပေးမှာ သူမ၏ ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်လာစေရန် ဖြစ်လေသည်။ ဤစံအိမ်တော်မှ 'တတ်ယောင်ကား ဆရာဝန်များ' လက်ထဲတွင်သာ ဆက်လက်ရှိနေပါမူ တွေးမိရုံဖြင့်ပင် သူမ ကျောချမ်းမိလေသည်။
ကျွင်းဝူယောင်သည် သူမအား အစေခံများနှင့် ထားရစ်ခဲ့ကာ တိတ်တဆိတ် ပျောက်ကွယ်သွားလေတော့သည်။ လင်းစံအိမ်တော်မှ ထွက်လာပြီးနောက် ပိုင်ယွင်ရှန်း၏ မျက်နှာမှာ မကျေမနပ် ဖြစ်နေမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ မော့ရွှမ်ဖေးမှ မည်မျှပင် ချော့မော့စေကာမူ သူမသည် လုံးဝ အဖတ်မလုပ်ခဲ့ချေ။
"ရှင်က တောင်းဆိုလို့သာ မဟုတ်ရင် ကျွန်မက အဲဒီလိုနေရာမျိုးကို ခြေဦးတောင် လှည့်မှာ မဟုတ်ဘူး သူက ဘာမို့လို့လဲ"
ပိုင်ယွင်ရှန်းမှ နှုတ်ခမ်းအား တင်းတင်းစေ့လျှက် ဒေါသတကြီး ပြောလိုက်လေသည်။ ချင်းယွမ်ဂိုဏ်းချုပ်၏ တပည့်ရင်း တစ်ဦးအနေဖြင့် သူမအား အကူအညီ တောင်းခံသူများမှာ နဂါး တစ်ကောင်ကဲ့သို့ တန်းစီနေသော်လည်း မော့ရွှမ်ဖေး၏ မျက်နှာကြောင့် စိတ်မပါဘဲ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။ ရလဒ်မှာမူ အနှင်ထုတ်ခံရခြင်းသာလျှင် ဖြစ်လေသည်။ သူမသည် ဘဝတွင် ဤမျှ ကြီးမားလှသော အရှက်ကွဲမှုအား တစ်ခါမျှ မကြုံခဲ့ဖူးချေ။
"ယွင်ရှန်းကလဲကွာ အဲဒီလို အသုံးမကျတဲ့ မိန်းမတစ်ယောက် အတွက်နဲ့ ဘာလို့ ဒေါသထွက်နေမှာလဲ"
မော့ရွှမ်ဖေးမှ ပျော့ပျောင်းစွာ ချော့မော့ရှာလေသည်။
"ဘာပဲဖြစ်ဖြစ် ရှင်က တိုင်းပြည်ရဲ့ မင်းသားတစ်ပါးလေ တခြားသူ တစ်ယောက် ရှေ့မှာ ဒီလောက် ခေါင်းငုံ့ပြနေရသလား ရှင်ကတော့လေ"
ပိုင်ယွင်ရှန်းမှာမူ နှာခေါင်းရှုံ့လျှက် လှောင်ပြောင် လိုက်လေသည်။ ထိုစကားကြောင့် မော့ရွှမ်ဖေး၏ မျက်နှာမှာ အရှက်ကြောင့် နီမြန်းသွားခဲ့ရလေသည်။
"စိတ်မဆိုးပါနဲ့တော့ မင်းအတွက် ကိုယ် သေချာပေါက် ကလဲ့စားချေပေးပါ့မယ်"
ယခုအချိန်တွင် သူမ စိတ်ကျေနပ်ရန်သာ အဓိက ဖြစ်လေသည်။ ထိုစကားအား ကြားလိုက်ရမှသာလျှင် ပိုင်ယွင်ရှန်း၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ထပ်ပြောလိုက်လေသည်။
"ရှင် ပေးတဲ့ ကတိကို မမေ့ပါနဲ့ဦး"
"သေချာပေါက်ပေါ့ ကိုယ် မင်းကို ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ"
မော့ရွှမ်ဖေးမှ သက်ပြင်းချလိုက်ကာ စိတ်အေး သွားရလေတော့သည်။ သူမအား စိတ်ရွှင်လန်း စေရန်အတွက် မော့ရွှမ်ဖေးသည် နန်းတော်သို့ တန်းမပြန်ဘဲ ကိုယ်ရံတော်များ ခြံရံကာ မြို့ပြင်သို့ လှည့်လည် ကြည့်ရှုခဲ့ကြလေသည်။
နာမည်ကျော် 'ပန်းပင်လယ်' တွင် နေဝင်ချိန်အား ကြည့်ရှု ပြီးနောက် ပိုင်ယွင်ရှန်း၏ မျက်နှာတွင် အပြုံးများ ပေါ်လာမှသာလျှင် သူတို့ မြို့ထဲသို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ အပြန်လမ်းတွင် မော့ရွှမ်ဖေးနှင့် ပိုင်ယွင်ရှန်းတို့သည် ရထားလုံးအတွင်း တစ်ဦးကို တစ်ဦး မှီတွယ်လျက် လက်ချင်း ချိတ်ထားကြသည်။
ရုတ်တရက် ရထားလုံးကြီးမှာ ဘရိတ်အုပ်လိုက်သကဲ့သို့ ရပ်တန့်သွားခဲ့လေသည်။ အရှိန်ဖြင့် မောင်းနှင်နေခြင်း ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ ရထားလုံးပေါ်မှပင် လွင့်စဉ်ကျတော့မလို ဖြစ်သွားခဲ့ရသည်။
"ဘာလို့ ရပ်လိုက်တာလဲ"
မော့ရွှမ်ဖေးမှ ဒေါသတကြီး ဟောက်လိုက်လေသည်။ သို့သော် မည်သူမျှ ပြန်မထူးခဲ့ချေ။ သူသည် အပြင်ထွက်၍ အပြစ်တင်ရန် ကြံရွယ်လိုက်စဉ် ညမှောင်ရိပ် အတွင်း၌ လူရိပ်တစ်ခု မလှုပ်မယှက် ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။ မီးတုတ်များမှ အလင်းရောင်သည် ထိုသူ၏ မျက်နှာဆီသို့ အရောက် မလှမ်းနိုင်ခဲ့ပေ။
"ဘယ်သူလဲ"
မော့ရွှမ်ဖေးမှ သတိကြီးစွာဖြင့် မေးလိုက်လေသည်။ ထိုစဉ် ပိုင်ယွင်ရှန်းသည်လည်း ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။ ကိုယ်ရံတော်အဖွဲ့သည် ထိုသူစိမ်းအား စိုးရိမ်တကြီး ကြည့်နေကြစဉ် ထိုသူသည် လက်အား ဖြည်းညှင်းစွာ မြှောက်လိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေတော့သည်။
ချက်ချင်းပင် ကိုယ်ရံတော် အားလုံး၏ ခန္ဓာကိုယ်များမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်သွားခဲ့ကာ သွေးစများ နေရာအနှံ့ လွင့်စင်သွားတော့သည်။
"အား"
ပိုင်ယွင်ရှန်းသည် သူမ၏ လှပသည့် စကတ်ပေါ်သို့ သွေးစများ လွင့်စင်လာသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်မိတော့သည်။ မီးတုတ်များ အားလုံး မြေပြင်ပေါ်သို့ ကျသွားပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံးကို မီးလျှံ တံတိုင်းကြီး အဖြစ် ပြောင်းလဲ ပစ်လိုက်တော့သည်။ ထိုမီးလျှံများ၏ အလယ်တွင် ကြောက်လန့် တုန်ရီနေသည့် လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဖက်တွယ်ထားကြကုန်လေသည်။
ထိုမီးလျှံဝိုင်းကြီးအား ကြည့်ရင်းဖြင့် လူရိပ်တစ်ခုသည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။
"ကံမကောင်းစွာနဲ့ ငါက သိပ်ပြီး စိတ်ရှည်တတ်တဲ့လူ မဟုတ်ဘူး"
လရောင်အောက်တွင် ထိုသူမှ တီးတိုးလေး ပြောလိုက်လေသည်
***