ကြောင်နက်လေးသည် ကျွင်းဝူရှဲ့၏ ပေါင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းရင်း သူမ၏ အထိအတွေ့အား ခံယူနေခဲ့သည်။
[သခင်မ ဒီလင်းစံအိမ်တော်က မလုံခြုံတော့ဘူးနော် ကျွန်တော်တို့ ဒီကနေ ထွက်သွားကြမလား]
ကြောင်နက်လေးမှ တိုးတိုးလေး မေးရှာသည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများအား ကြည့်ခြင်းဖြင့် လင်းစံအိမ်တော်သည် ကြာရှည် ခံနိုင်တော့မည် မဟုတ်ကြောင်း ပြသနေခဲ့သည်။ တော်ဝင် မိသားစု၏ အပြုအမူများသည်လည်း သိသိသာသာ လွန်ကဲလာခဲ့ချေပြီ ဖြစ်သည်။
"ငါတို့ ဘယ်မှ မသွားဘူး"
ကျွင်းဝူရှဲ့မှ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။ ဤကမ္ဘာသည် သူမ၏ ယခင်ဘဝနှင့် မတူညီချေ။ လင်းစံအိမ်တော်သည် တဖြည်းဖြည်း ပြိုလဲနေခဲ့ပြီ ဖြစ်သော်လည်း ဤနေရာ သည်သာ သူမအတွက် အလုံခြုံဆုံး ခိုလှုံရာ တစ်ခု ဖြစ်နေသေးသည်။ သူမသည် ဆေးပညာတွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း လက်ရှိ ခန္ဓာကိုယ်မှာ အလွန် အားနည်းနေသဖြင့် ဤထူးဆန်းသည့် ကမ္ဘာတွင် အန္တရာယ်များစွာ ရှိနေပေသည်။
"လင်းစံအိမ်တော်ရဲ့ အဓိက အင်အားက ကျွင်းရှန်ပဲ ငါ ဒီကို ရောက်နေသရွေ့တော့ သူ့ကို အလွယ်တကူ အသေခံမှာ မဟုတ်ဘူး"
ကျွင်းဝူရှဲ့သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ သူမ ကာကွယ်လိုသော သူအား မည်သည့်အခါမျှ ဆုံးရှုံးခံလိမ့်မည် မဟုတ်ပေ။
"ဒီခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံက အရမ်းကို အားနည်းလွန်းတယ် သစ္စာခံဝိညာဉ် တောင် မရှိဘူး အကယ်၍သာ ငါ့မှာ တစ်ခုခု ရှိခဲ့ရင် ဒီကမ္ဘာမှာ ပိုပြီး ရှင်သန်နိုင်မှာ"
'သစ္စာခံဝိညာဉ် ဆိုတာ ဘာလဲ' ကြောင်နက်လေးသည် ဤကမ္ဘာ၏ အကြောင်းအား ဘာမျှ မသိရှာပေ။
ကျွင်းဝူရှဲ့သည် သူမ၏ ညာဘက် လက်အား မြှောက်လိုက်ကာ လက်သူကြွယ်အား ပြလိုက်လေသည်။ သူမ၏ လက်ချောင်းများမှာ ကျောက်စိမ်းဖြူကဲ့သို့ သွယ်လျလျှက် နူးညံ့ချောမွေ့နေခဲ့သည်။ ပုံမှန်အားဖြင့် အသက် (၁၄) နှစ် ပြည့်သည်နှင့် ညာဘက် လက်သူကြွယ်တွင် လက်စွပ် ပုံစံ အမှတ်အသားတစ်ခု ပေါ်လာရမည် ဖြစ်သော်လည်း သူမ၏ လက်တွင်မူ မည်သည့် အရာမှ မရှိပေ။
"မြောင်"
ကြောင်နက်လေးသည် သူမ၏ လက်ချောင်းလေးအား အမွှေးပွပွ ခြေဖဝါးလေးဖြင့် ကိုင်ထားကာ လျှာဖြင့် အသာအယာ လျက်လိုက်လေသည်။ ရုတ်တရက် ကြောင်နက်လေး၏ မျက်စိ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားတော့သည်။
[သခင်မ သခင်မရဲ့ လက်ချောင်းမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေသလိုပဲ အဲဒါက သစ္စာခံဝိညာဉ် မဟုတ်တာ သေချာလား]
ကြောင်နက်လေးသည် သိမ်မွေ့လှသော ဝိညာဉ်ရေးရာ လှုပ်ခတ်မှု အချို့အား ခံစားလိုက်ရလေသည်။ ကျွင်းဝူရှဲ့သည် မျက်မှောင်ကြုတ်လျက် သူမ၏ လက်သူကြွယ်အား ပွတ်သပ်ကြည့်လိုက်မိသည်။
သူမ မည်သည်ကိုမှ မမြင်ရသော်လည်း လက်ချောင်းများ ဖြင့် ထိတွေ့လိုက်သည့်အခါ လက်ဖျားတွင် ထူးဆန်းသော ဝိညာဉ် စွမ်းအားများ ဝန်းရံနေသည်ကိုသာ ခံစားလိုက်ရလေသည်။ သူမ၏ လက်သူကြွယ်ဆီသို့ စွမ်းအားများ စုစည်းလာသည်နှင့်အမျှ သူမ၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
ထိုစဉ် တစ်ခန်းလုံးအား လင်းထိန်သွားစေသည့် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တော့သည်။ ငွေဖြူရောင် အလင်းတန်းများ ဝန်းရံထားသည့် ကြာဖြူ တစ်ပွင့်သည် လေထဲတွင် လွင့်မျောနေလေသည်။
[ပန်းတစ်ပွင့်လား]
ကြောင်နက်လေးသည် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ကျွင်းဝူရှဲ့အား ဝေခွဲမရစွာ ကြည့်နေမိသည်။ ပုံမှန်အားဖြင့် သစ္စာခံဝိညာဉ်များအား အမျိုးအစား နှစ်မျိုး ခွဲခြားထားလေသည်။
လက်နက်များအဖြစ် အသွင်ပြောင်းခြင်း သို့မဟုတ် အစွမ်းထက်သော သားရဲကြီးများအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲခြင်းတို့သာ ဖြစ်လေသည်။ သို့သော် ဝူရှဲ့၏ ဝိညာဉ်မှာမူ ကြာဖြူတစ်ပွင့် ဖြစ်နေခဲ့သည်။ အပင်အမျိုးအစား သစ္စာခံဝိညာဉ်ဟူသည်မှာ လုံးဝ မကြားဖူးသော အရာပင် ဖြစ်ချေသည်။
ကျွင်းဝူရှဲ့သည် လက်အား ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်လေရာ ထိုကြာဖြူလေးသည် သူမ၏ လက်ဖဝါးပေါ်သို့ အသာအယာ ဆင်းသက်လာခဲ့တော့သည်။
သူမသည် ထိုကြာပွင့်လေးအား အသေအချာ လေ့လာနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ထို ကြာဖြူလေးသည် ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ် သွားလေတော့သည်။
"ဝင်ခဲ့"
သူမသည် ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ကျွင်းဝူယောင်သည် တံခါးအား မှီလျက် ပျင်းရိစွာ ဝင်လာခဲ့သည်။ သူ၏ လက်ထဲတွင် ဆေးရည်တစ်ခွက် ပါလာလေသည်။
"ဆေးသောက်ရမယ့် အချိန်ရောက်ပြီ"
***