ကျွင်းဝူရှဲ့သည် သူမရှေ့တွင် ဝင်ထိုင်လိုက်သည့် သူ့အား တစ်ချက်မျှသာ ကြည့်လိုက်လေသည်။ ၎င်းနောက် သူသည် အလွန် ကျွမ်းကျင်ပိုင်နိုင်သော ဟန်ပန်ဖြင့် သူမကို ဆေးတိုက်ကျွေး လာခဲ့သည်။
ကျွင်းဝူရှဲ့အဖို့ ဤလုပ်ရပ်များအပေါ် အထူးတလည် တွေးတောနေခြင်း မရှိဘဲ ကျေးဇူးဆပ်နေခြင်းသာ ဖြစ်သည်ဟု ရိုးရှင်းစွာ မှတ်ယူထားခြင်း ဖြစ်သည်။ သူမသည် မွေးကင်းစ အရွယ်မှစ၍ ဆယ်နှစ် ကျော်တိုင်အောင် လျှို့ဝှက် စံအိမ်ကြီး တစ်ခုထဲတွင်သာ ကြီးပြင်းလာခဲ့ရသူ ဖြစ်လေသည်။
အပြစ်ကင်းစင်သည့် ကလေးငယ်ဘဝမှ ဆယ်ကျော်သက် အရွယ်ရောက်သည် အထိ ပြင်ပကမ္ဘာကြီး အကြောင်းအား လေ့လာ နားလည်ခွင့် မရခဲ့ချေ။ ထို့ကြောင့် အခြားသူများနှင့် မည်သို့မည်ပုံ ဆက်ဆံ ပေါင်းသင်းရမည် ဆိုသည့်အချက်မှာ သူမ၏ တွေးခေါ်နိုင်စွမ်း နယ်ပယ်ထဲတွင် ရှိမနေခဲ့ချေ။
ထိုအချိန် ကာလများ တစ်လျှောက်လုံး သူမ၏ ဦးနှောက်ထဲတွင် အရေအတွက် မရေတွက် နိုင်သည့် ဆေးကျမ်းများနှင့် ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများဖြင့်သာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဆိုသူမှာလည်း သူမအား တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံး နေရာ၌ အကျဉ်းချထားခဲ့ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ လောကီရေးရာ အဖြာဖြာနှင့် ပတ်သက်လာလျှင် သူမထံမှ မည်သည့် အရာကိုမျှ မျှော်လင့်၍ မရနိုင်ပေ။
ကျွင်းဝူယောင်သည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်လေသည်။ ၎င်းနောက် လက်တစ်ဖက်မှ သူမ၏ ကျောပြင်အား ခိုင်မြဲစွာ ထိန်းကိုင်ပေးထားပြီးနောက် ကျန်လက်တစ်ဖက်မှာမူ ဆေးပန်းကန်အား ကိုင်လျှက် သူမအား ဆေးကို ဖြည်းညင်းစွာ ခွံ့ကျွေးနေခဲ့သည်။ သူ ကိုင်းညွတ်လိုက်ချိန်တွင် ကျွင်းဝူရှဲ့၏ မျက်မှောင်တို့ အနည်းငယ် ကျုံ့သွားမိသည်။
"သွေးနံ့ရတာကို ကျွန်မ မကြိုက်ဘူး"
ကျွင်းဝူရှဲ့သည် တင်းမာလှသည့် လေသံဖြင့် ပြောလိုက်လေသည်။ ကျွင်းဝူယောင်၏ အပြုံးတို့ အနည်းငယ် တောင့်တင်း သွားသော်လည်း ကျွင်းဝူရှဲ့မှာမူ ဆေးရည်အား ဆက်လက် သောက်သုံးနေခဲ့သည်။
ကျွင်းဝူယောင်သည် ဆေးပန်းကန်အလွတ်အား ယူဆောင်ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။ အခန်းပြင်သို့ ရောက်သည်နှင့် တပြိုင်နက် သူ၏ အပြုံးတို့ ပျောက်ကွယ် သွားခဲ့ပြီးနောက် သူ၏လက်အား မြှောက်ကာ အင်္ကျီလက်စအား နမ်းကြည့်လိုက်ရာ အလွန် ဖျော့တော့လှသော သွေးနံ့အား ရလိုက်လေသည်။ အစောပိုင်း၌ သူ၏ ကိုယ်ပေါ်တွင် သွေးစွန်းထင်းမှုများ မြူမှုန်ပင် မကျန်ရစ်စေရန် သူ အထူး ဂရုစိုက်ခဲ့သေးပေသည်။
"နောက်တစ်ခါဆိုရင်တော့ ရေအရင်ချိုးမှ ဖြစ်တော့မယ်ထင်တယ်"
ကျွင်းဝူယောင်၏ ခန့်ညားလှသည့် မျက်နှာထက်ဝယ် ပေါ့ပျက်ပျက် အပြုံးတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာပြန်လေသည်။ မည်သည့် ခံစားချက်ကိုမျှ အရိပ်အယောင် ဖော်ပြခြင်းမရှိသည့် သူ၏ နက်မှောင်သော မျက်လုံးအစုံမှာမူ အလွန်တရာ နက်ရှိုင်းလွန်းလှပေသည်။
......
ဒုတိယနေ့ နံနက်ခင်းသို့ ရောက်သောအခါ တော်ဝင် မြို့တော် တစ်ခုလုံး၌ သတင်းတစ်ခုသည် တောမီးပမာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့လေသည်။
ပြီးခဲ့သည့်ညတွင် ဒုတိယမင်းသားနှင့် သူ၏အခြွေအရံများသည် ‘ပန်းပေါင်းဝေဆာ ပင်လယ်ပြာ’ အမည်ရသည့် နေရာမှ အပြန်လမ်းတွင် လျှို့ဝှက် လူစုတစ်စု၏ တိုက်ခိုက်ခြင်းအား ခံခဲ့ရကာ သူ၏ ကိုယ်ရံတော်များ အားလုံး သုတ်သင်ခံ လိုက်ရခြင်း ဆိုသည့် သတင်း ဖြစ်ပေသည်။
ဒုတိယမင်းသားသည် ရန်သူများနှင့် သွေးထွက်သံယို တိုက်ပွဲ ဆင်နွှဲခဲ့ရကာ သူနှင့် အလှပန်းလေး တစ်ပွင့်၏ အသက်ကိုသာ ကာကွယ်နိုင်ခဲ့လေသည်။ ဤကိစ္စရပ်ကြောင့် ဧကရာဇ်မင်းကြီးသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ကာ မင်းသားအား လုပ်ကြံရန် ရဲတင်း သူများအား အသေအချာ စုံစမ်းဖော်ထုတ်ရန် အတွက် အမိန့်ပေးခဲ့ကာ တရားခံများအား ဖမ်းဆီးနိုင်သူများ အတွက် ဆုငွေ အမြောက်အမြား ချီးမြှင့်မည် ဟုလည်း သတင်း ထုတ်ပြန် ကြော်ငြာ ထားခဲ့ပေသည်။
တော်ဝင်မြို့တော်၏ နံရံ တံတိုင်းများ အတွင်း၌ ကြီးမားလှသော လှုပ်ခတ်မှုကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ လူအများ၏ ပါးစပ်ဖျားတွင် အမျိုးမျိုးသော ကောလာဟလ ဆွေးနွေးမှုများ ပြန့်နှံ့နေကာ လူတိုင်းမှလည်း ဤအကြောင်းကိုသာ ပြောဆိုနေကြခြင်း ဖြစ်သည်။
ဒုတိယမင်းသားနှင့် လင်းစံအိမ်တော်မှ ကျွင်းဝူရှဲ့တို့ စေ့စပ်ထားကြောင်းအား လူတိုင်း သိထားကြလေသည်။ သို့သော်လည်း ဒုတိယမင်းသား တိုက်ခိုက်ခံရသည့် ထိုညတွင် သူ ကယ်တင်ခဲ့သည့် အလှပန်းလေးမှာ သူ၏ စေ့စပ်ထားသူ ကျွင်းဝူရှဲ့ မဟုတ်ခဲ့ချေ။ ဆိုလိုသည်မှာ ယင်းနေ့ အစောပိုင်းတွင် သူသည် အခြား မိန်းမတစ်ဦး နှင့်အတူ ‘ပန်းပေါင်းဝေဆာ ပင်လယ်ပြာ’ သို့ သွားရောက် လည်ပတ်ခဲ့ခြင်းပင် ဖြစ်သည်။
ကျွင်းဝူရှဲ့သည် အာဏာရှင် ဆန်လွန်း သူတစ်ဦး ဖြစ်သည်။ လင်းစံအိမ်တော်၏ သခင်မလေးသည် အလွန်တရာ ရိုင်းစိုင်း မောက်မာကာ မြို့တော်အတွင်း အမြဲလိုလို ပြဿနာ ရှာတတ်သူ ဖြစ်ကြောင်းကို တိုင်းသူပြည်သားများ အားလုံး သိထားကြသည်။
ထို့ကြောင့် ဒုတိယမင်းသားအား တိုက်ခိုက်ခဲ့သည့် တရားခံမှာ အခြားသူ မဟုတ်ဘဲ ကျွင်းဝူရှဲ့သာ ဖြစ်လိမ့်မည်ဟု လူအများမှ မတွေးဘဲ မနေနိုင်ကြတော့ချေ။ မည်သို့ပင်ဆိုစေကာမူ မိမိနှင့် စေ့စပ်ထားသူမှ အခြား မိန်းမတစ်ဦး နှင့်အတူ ထွက်သွားခြင်းအား သာမန် မိန်းကလေးတစ်ဦးပင် သည်းခံနိုင်လိမ့်မည် မဟုတ်လေရာ အာဏာရှင်ဆန်လှသော သဘော သဘာဝရှိသည့် ကျွင်းဝူရှဲ့ ဆိုလျှင်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
နံနက်ခင်း အချိန်လေး တစ်ခု အတွင်း၌ပင် တော်ဝင် မြို့တော်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားခဲ့သည်။ ဒုတိယမင်းသားသည် အလွန်အမင်း ဆိုးသွမ်းကာ အာဏာရှင်ဆန်လှသော ကျွင်းဝူရှဲ့အား သည်းမခံနိုင်တော့သဖြင့် အလှပန်းလေး တစ်ပွင့် နှင့်အတူ တိတ်တဆိတ် ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူမမှာမူ ၎င်းကိစ္စအား သိရှိသွား ပြီးနောက် ဒုတိယမင်းသားနှင့် သူ၏ချစ်သူ အသစ်အား သတ်ဖြတ်ရန် အတွက် ‘လွေ့လင်း’ တပ်မတော်အား လျှို့ဝှက် စေလွှတ်ခဲ့သည် ဟူ၍ ဖြစ်ပေသည်။
ကောလာဟလများသည် တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ပြန့်နှံ့သွားခဲ့ကာ ပြောဆိုနေသူများသည်လည်း သူတို့ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသည့် အလား ဇာတ်လမ်းပေါင်းစုံအား ဖြည့်စွက် ပြောဆိုနေကြကုန်တော့သည်။
***