နောက်တစ်နေ့တွင် ဒုတိယမင်းသားနှင့် ကျွင်းဝူရှဲ့တို့၏ စေ့စပ်ထားမှုအား ဖျက်သိမ်းကြောင်း တော်ဝင် အမိန့်ပြန်တမ်း စာချွန်တော် ရောက်ရှိလာခဲ့သည်။ ယမန်နေ့တွင် ဒုတိယမင်းသား တိုက်ခိုက် ခံရမှုသည် ကျွင်းဝူရှဲ့နှင့် သက်ဆိုင်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိခဲ့သော်လည်း ယခုလို အချိန်ကိုက်ပင် စေ့စပ်မှုအား ဖျက်သိမ်းလိုက်ခြင်းမှာမူ အချက်တစ်ချက်ကိုသာ သက်သေပြနေခဲ့သည်။ ယင်းမှာ ထို ကိစ္စရပ် နှစ်ခုသည် လုံးဝ ဆက်စပ်နေသည် ဟူသော အချက်ပင်တည်း။
တော်ဝင် မြို့တော် အတွင်း၌ ကျွင်းဝူရှဲ့၏ ဂုဏ်သတင်းမှာ အောက်ဆုံး အဆင့်ထိ ထိုးကျသွားခဲ့လေပြီ ဖြစ်သည်။ ကောလာဟလများ ပြန့်နှံ့ သွားပြီးနောက် လူတိုင်း၏ နှုတ်ဖျားတွင် သူမအား အယုတ်မာဆုံး မိန်းမတစ်ဦး အဖြစ် သမုတ်နေကြတော့သည်။ ဒုတိယမင်းသား၏ ခန့်ညားသော ရုပ်ရည်အပေါ် သဘောကျ နေကြသည့် အမျိုးသမီးများစွာမှာလည်း သူမ၏ လုပ်ရပ်များအား အဆုံးအစမရှိ ကဲ့ရဲ့ ရှုတ်ချနေကြကုန်တော့သည်။
ဤကမောက်ကမ အခြေအနေများ အားလုံးသည် လင်းစံအိမ်တော်၏ နံရံ တံတိုင်းများအား ရစ်ပတ် လွှမ်းခြုံနေခဲ့လေသည်။ သို့ရာတွင် စံအိမ်တော် အတွင်း၌မူ အရာအားလုံးသည် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ သူမသည် မိမိ၏ အခန်းထဲ၌သာ အောင်းနေခဲ့ကာ သူမ၏ ကြာဖြူ သစ္စာခံ ဝိညာဉ် အကြောင်းအား လေ့လာရင်း အလုပ်များနေခဲ့သည်။
လင်းစံအိမ်တော်၏ စာကြည့်ဆောင်အတွင်း၌ ကျွင်းရှန်သည် အလွန်အမင်း ဒေါသထွက်နေခဲ့ကာ တော်ဝင်အမိန့်ပြန်တမ်း စာချွန်တော်အား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်သည့် ဆန္ဒအား မျိုသိပ်ထားရလေသည်။
"ကောင်းတယ် သိပ်ကို ကောင်းတယ် အခု ငါ အသက်ကြီးနေပြီး အသုံးမကျတော့ဘူးဆိုတော့ လူတိုင်းက ငါ့မြေးမလေးကို အနိုင်ကျင့်လို့ရပြီလို့ ထင်နေကြတာပေါ့လေ"
သူသည် အမိန့် ပြန်တမ်း စာချွန်တော်အား လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း အံကြိတ်ကာ ပြောလိုက်လေသည်။ ယမန်နေ့တွင် ဖြစ်ပျက်ခဲ့သမျှကို ကျွင်းချင်းမှ သူ့အား ပြောပြခဲ့ပြီး ဖြစ်လေသည်။ တော်ဝင်အမိန့် ပြန်တမ်း စာချွန်တော် အနှေးနှင့်အမြန် ရောက်လာမည်ကို သူ မျှော်လင့်ထားခဲ့သော်လည်း ဤမျှ အရေးကြီလှသည့် အချိန်အခါမျိုးတွင် ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ယခုကဲ့သို့သော အချိန်မျိုးတွင် အမိန့် ပြန်တမ်း စာချွန်တော်ကို လက်ခံရရှိခြင်းမှာ ကျွင်းဝူရှဲ့သည် ထို တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ပါဝင်နေသည် ဟူသော ထင်ကြေးပေးမှုများအား ပိုမို၍ ပြင်းထန်လာစေရန် အားပေးအားမြှောက် ပြုလုပ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ကျွင်းရှန်အနေဖြင့် သူ၏ မြေးမလေးတွင် မောက်မာသော စရိုက် ရှိသည်ကို သိထားသော်လည်း မည်သူ့ကိုမျှ သတ်ဖြတ်ရဲသည့် သတ္တိမျိုး မရှိကြောင်းကိုလည်း ကောင်းကောင်း သိထားပေသည်။ ထို့ပြင် သူမသည် ဒဏ်ရာများ သက်သာစေရန် အိမ်ထဲတွင်သာ အချိန်ပြည့် နားနေခဲ့ရကာ အိမ်ပြင်သို့ တစ်ခါမျှပင် မထွက်ခဲ့ရချေ။ သို့ပါလျက် မော့ရွှမ်ဖေးအား တိုက်ခိုက်ရန် သူမသည် မည်သို့ လုပ်၍ လူလွှတ်နိုင်လိမ့်မည်နည်း။
ပရမ်းပတာ ပြောဆိုကာ တဆင့်စကား တဆင့်နားဖြင့် ချဲ့ကား ပြောဆိုထားသည် ကောလာဟလများထဲတွင် လွေ့လင်း တပ်မတော်ပင် ပါဝင်နေခဲ့ကာ သူမ၏ လက်စားချေမှု အသေးစားလေး အတွက် သူတို့အား အသုံးချခဲ့သည်ဟု ဆိုနေကြလေသည်။
ဤအရာသည် မည်သို့များ ဖြစ်နိုင်လိမ့်မည်နည်း။ သူမအပေါ် သူ မည်မျှပင် အလိုလိုက် ထားစေကာမူ ထို့ပြင် လွေ့လင်း တပ်မတော်သည် သူ၏ ကိုယ်ပိုင်တပ်များ ဖြစ်နေစေကာမူ သူသည် ဖြောင့်မတ်မှန်ကန်ကာ တင်းကျပ်သော စရိုက်လက္ခဏာရှိသူ တစ်ဦး ဖြစ်သည်။ ဤမျှ ကြီးမားသော အာဏာကို သူမအား ပေးအပ်ရန် မဆိုထားနှင့် တပ်သားများနှင့် ဆက်သွယ်ခွင့်ကိုပင် သူ တစ်ကြိမ်တစ်ခါမျှ ခွင့်မပြုခဲ့ဖူးချေ။
မော့ရွှမ်ဖေးသည် တိုက်ခိုက်ခံရမှု၏ တုန်လှုပ် ချောက်ချားမှုမှ မသက်သာ သေးမီမှာပင် အမိန့်ပြန်တမ်း စာချွန်တော် ထွက်ပေါ် လာခဲ့ပေသည်။ ဤလုပ်ရပ်မှာမူ လင်းစံအိမ်တော်သည် ယင်းကိစ္စတွင် ပါဝင်၍ ပတ်သက်နေသည်ဟု အခြားသူများအား ထင်မှတ်သွားစေရန် ဖန်တီးလိုက်ခြင်း ဖြစ်ကာ လင်းစံအိမ်တော် အပေါ် ကြီးမားလှသော အမည်းစက်ကြီး ထင်ကျန် သွားစေရစ်ခဲ့လေသည်။
"အဖေ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအကုန်လုံးကို ရှောင်ရှဲ့ကို ပြောပြကြမလား"
ကျွင်းချင်း၏ မျက်နှာထက်တွင် မှိုင်တွေ ညှိုးငယ်မှုများ အထင်းသား ပေါ်လွင်နေခဲ့သည်။ မိမိကိုယ်မိမိ မသန်စွမ်းတစ်ဦး ဖြစ်နေခဲ့ကာ မိသားစုအား ကာကွယ်ရန် စွမ်းအားမရှိသည့် အချက် အပေါ် သူ အလွန် မုန်းတီးနေမိလေသည်။ ကျွင်းရှန်မှ ခေါင်းခါပြ လိုက်တော့သည်။
"သူ့ကို ဘာမှ ပေးမသိစေနဲ့ သူ့ရဲ့ ဒေါသနဲ့ဆိုရင် ဘယ်လို ပြဿနာမျိုးတွေ ထပ်ရှာဦးမလဲ မသိဖူး ပြီးတော့ သူ ခန္ဓာကိုယ်ကလည်း အပြည့်အဝ နလန်မထူသေးဘူး ဧကရာဇ်မင်းကြီးက ဒုတိယမင်းသား တိုက်ခိုက်ခံရတဲ့ ကိစ္စကို စုံစမ်းဖို့ ငါ့ကို တာဝန်ပေးထားတယ် ငါ အမှန်တရားကို ဖော်ထုတ်ပြီး ငါ့မြေးမလေးရဲ့ နာမည်ကို အပြစ်တွေ အားလုံးကနေ ကင်းစင်အောင် လုပ်ပြမယ်"
နှစ်ပေါင်းများစွာ တိုင်းပြည် အတွက် သစ္စာရှိစွာ အမှုထမ်းခဲ့ ပြီးနောက် သူ ပြန်လည် ရရှိခဲ့သည့် အကျိုးအမြတ်မှာ ဤအရာပင် ဖြစ်လေသည်။ ထိုကာလများအတွင်း သူ၏ သားနှစ်ယောက်အား စတေးခဲ့ရပြီး တစ်ယောက်မှာ စစ်ပွဲတွင် ကျဆုံးခဲ့ကာ ကျန်တစ်ယောက်မှာမူ မသန်စွမ်း ဖြစ်သွားခဲ့ရလေသည်။
ယခုတွင်မူ သူ၏ အဖိုးတန် မြေးမလေး တစ်ယောက်တည်းသာ ကျန်ရစ်တော့သော်လည်း တော်ဝင် အမိန့်စာကြောင့် သူမ၏ ဂုဏ်သိက္ခာမှာ ရေစုန်မျောသွားခဲ့ရပြန်ပြီ ဖြစ်သည်။ တော်ဝင်မိသားစု၏ ဤသို့သော ဆက်ဆံခြင်းအား ခံခဲ့ရပြီး နောက်ပိုင်း သူမအား လက်ထပ်ရန် မည်သူကများ ရဲဝံ့တော့မည်နည်း။
"အရှင်မင်းကြီး အရှင်က တကယ်ကို ရက်စက်လွန်းပါတယ်"
ကျွင်းရှန်သည် နွမ်းနယ်စွာ မျက်လုံးများအား မှိတ်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ လင်းစံအိမ်တော် အတွက် အနာဂတ် မျှော်လင့်ချက် သိပ်မရှိတော့သည်မှာ ထင်ရှားနေသော်လည်း ထိုသူတို့သည် ဤအာဏာ လွန်ဆွဲပွဲ ထဲသို့ သူ၏ တစ်ဦးတည်းသော မြေးမလေးကိုပင် ဆွဲသွင်း လိုနေကြလေသည်။
ကျွင်းချင်းသည် ခေါင်းအား ငုံ့ကာ တိတ်ဆိတ်နေပြီးနောက် အောက်နှုတ်ခမ်းအား ကိုက်ထားရင်းဖြင့် သူ၏ အသုံးမဝင်တော့သော ခြေထောက် တစ်စုံအပေါ်သို့ တင်ထားသည့် လက်များအား မသိမသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလေသည်။
***