အကယ်၍ သူသာ စစ်မြေပြင်သို့ ပြန်သွားနိုင်ခဲ့လျှင် ချင်းယွင်ဂိုဏ်းအား ရင်ဆိုင်နေရပါစေဦး ဧကရာဇ်မင်းကြီးသည် လင်းစံအိမ်တော် အပေါ် ဤမျှလောက် အထိ ရက်စက်လိမ့်မည် မဟုတ်ပေ။
ဤနှစ်များ တစ်လျှောက် ကျွင်းရှန်သည် လွေ့လင်း တပ်မတော်၏ အင်အားကို ဆက်တိုက် လျှော့ချခဲ့စဉ်တွင် သူ၏ များပြား လွန်းလှသော စစ်ရေး စွမ်းဆောင်မှုများ အကြောင်းအား ကောင်းစွာ သိရှိထားခဲ့ပေသည်။ ဤလုပ်ရပ်သည် လက်ရှိအခြေအနေဆီသို့ လမ်းခင်း ပေးလိုက်လိမ့်မည်ဟု မည်သူက သိနိုင်ခဲ့မည်နည်း။
"ငါ့ရဲ့ နောက်ဆုံး ထွက်သက် အထိ ကျွင်းဝူရှဲ့ကို ကာကွယ်သွားမယ် ဘယ်သူမှ ငါ့မြေးမလေးကို ထိခိုက်အောင်လုပ်ဖို့ စဉ်းတောင် မစဉ်းစားစေရဘူး"
သူ၏ မျက်လုံးများထဲတွင် စူးရှပြင်းထန်လှသည့် အရိပ်အယောင် တစ်ခု တောက်ပ သွားရင်း ကြေညာလိုက်တော့သည်။
‘ငါ့သားကို ဆုံးရှုံးခဲ့ရပြီးပြီ သူ့သမီးကို ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့ဘူး သူမက လင်းမင်းသား ဖြစ်တဲ့ ငါ့ရဲ့ တစ်ဦးတည်းသော အဖိုးတန် မြေးမလေးပဲ’
ညဥ့်နက်ချိန်သို့ ရောက်သောအခါ ထိုသားအဖ နှစ်ဦးသည် စာကြည့်ဆောင် အတွင်း၌ မိသားစု လက်ရှိ ရင်ဆိုင်နေရသည့် အန္တရာယ် ကြီးမားလှသည့် အခြေအနေများ အကြောင်းကို တီးတိုး ဆွေးနွေးနေကြလေသည်။ ယင်းအချိန်တွင် တံခါးပေါက် အနီး၌ လူရိပ် နှစ်ခု ရပ်နေခဲ့လေသည်။ ကျွင်းဝူရှဲ့သည် တံခါးအား စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
‘အဘိုး’
သူမ၏ ယခင်ကမ္ဘာတွင် ထို ‘အဘိုး’ ဆိုသူမှ သူမအား မျှော်လင့်ချက် ကင်းမဲ့သော အမှောင်ထုထဲတွင် ဆယ်နှစ်ကျော် တိုင်အောင် နေထိုင်စေခဲ့လေသည်။ ဆင်းရဲဒုက္ခ ဆိုသည်မှာ အဘယ်နည်း။ စိတ်ပျက်အားငယ်မှု ဆိုသည်မှာ အဘယ်နည်း ဆိုသည်အား သူမ အကြွင်းမဲ့ နားလည် သဘောပေါက်ခဲ့ရသည်။
သို့ရာတွင် ဤခန္ဓာကိုယ်၏ ‘အဘိုး’ မှာမူ အမှောင်ထုအား ထိုးဖောက် ဝင်ရောက်လာခဲ့သော နေရောင်ခြည် တစ်ခုနှင့် တူပေသည်။ သူမ သူ့အား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်တွင် သူသည် ကြီးမားလှသော မေတ္တာတရားနှင့် ဂရုစိုက်မှုများကို ပုံအောပေးခဲ့လေရာ သူမအနေဖြင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိနိုင်ခဲ့ချေ။
ဤသည်မှာ သူမ ယခင်အချိန်များတွင် တစ်ခါမျှ မကြုံဖူးခဲ့သော အရာမျိုး ဖြစ်လေသည်။ သူသည် စိတ်ဝင်စားစရာ တစ်ခုခုအား တွေ့ရှိသည်နှင့် တပြိုင်နက် သူမ၏ အခန်းထဲသို့ ပထမဆုံး ပို့ပေးလေ့ ရှိသည်။ သူမ၏ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်သည့် အရိပ်အယောင်လေး တွေ့လိုက်သည်နှင့် သူမအား ချော့မော့ရန် အတွက် နည်းလမ်းပေါင်းစုံကို ကြိုးစား ရှာဖွေတတ်သေးသည်။
သူမ၏ မှတ်ဉာဏ်ထဲရှိ ‘အဘိုး’ ဆိုသည့် ပုံရိပ်မှာ လုံးဝ ကွဲပြားခြားနား နေသဖြင့် သူ့အား မည်သို့ တုံ့ပြန်ရမည်ကိုပင် နားမလည်သောကြောင့် မသိစိတ်၏ စေ့ဆော်မှုအရ သူ့အား ဆက်သွယ်ရန် စတင်၍ ရှောင်ရှားခဲ့မိသေးသည်။ သို့သော် သူမအတွက် ဤမျှ အတိုင်းအတာ အထိ လုပ်ဆောင်ပေးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
ထို့ပြင် လင်းစံအိမ်တော်သည် တော်ဝင်မိသားစု၏ အကြံအစည်များအား သံသယရှိခဲ့သော်လည်း သူသည် သစ္စာဆိုထားခဲ့သည့် အပြင် သူ ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်းများစွာသော တာဝန်များအား ဥပေက္ခာပြုခံရမည် မဟုတ်ဟု ယုံကြည်ထားသဖြင့် မျက်ကွယ် ပြုထားခဲ့မိခြင်း ဖြစ်သည်။
သို့သော် ယခုအကြိမ်တွင် လှံထိပ်ဖျားသည် သူ၏ မြေးမလေး ထံသို့ ဦးတည် ချိန်ရွယ် လာသောအခါ ထိုမျက်ကန်း သစ္စာတရားတို့သည် လွင့်စင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မြေးမလေး အတွက် သူသည် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိနေခဲ့သည်။
အားပျော့နေသည့် သူမ၏ နှလုံးသားလေးသည် တဒိတ်ဒိတ် ခုန်နေဆဲ ဖြစ်ကာ သူမ၏ စကတ် အနားစအား တင်းကျပ်စွာ ဆုပ်နယ် လိုက်မိလေသည်။
"အဘိုးတွေ အားလုံးက ဒီလိုပဲ ဖြစ်ရမှာလား"
သူမသည် မျက်မှောင်ကြုတ်ရင်း မေးလိုက်မိသည်။ သူမဘေးတွင် ရပ်နေသည့် ကျွင်းဝူယောင်သည် သူမ၏ ဖြူရော်နေသော မျက်နှာလေးအား ငေး ကြည့်နေခဲ့ကာ သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုကြောင့် အဘယ်ကြောင့် ရုတ်တရက် သွေးရောင် လွှမ်းသွားသည်အား သူ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
"မင်း အထဲကို ဝင်ချင်သေးလား"
သူသည် သူမအား စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"မဝင်တော့ဘူး"
ပုံမှန်အားဖြင့် တည်ငြိမ် နေတတ်သော သူမ၏ မျက်နှာထက်ဝယ် နွေးထွေးမှု အရိပ်အယောင်လေး တစ်စွန်းတစ်စ လင်းလက် သွားခဲ့ကာ ခေါင်းခါပြလိုက်တော့သည်။ အစပိုင်းတွင် သူမကိုယ်သူမ ဆေးကုသမှု ခံယူမည့်ကိစ္စအား အဘိုးဖြစ်သူနှင့် ဆွေးနွေးရန် ရည်ရွယ်ထားခဲ့သော်လည်း တံခါးပေါက်နားတွင် ဤစကားများအား ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
အရာရာအား သေချာ စဉ်းစားနိုင်ရန် အတွက် ငြိမ်းချမ်း တိတ်ဆိတ်မှု အနည်းငယ် လိုအပ်နေခဲ့သဖြင့် သူမသည် စာကြည့်ဆောင်မှ ထွက်ခွာရန် လှည့်ထွက် လာလိုက်တော့သည်။ သူမ လှည့်ထွက်သွားချိန်တွင် သူ၏ ရယ်သွမ်း သွေးနေသော မျက်လုံးနက်ကြီးများထဲ၌ နက်ရှိုင်းလှသော ခရမ်းရောင် အရိပ်အယောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤ လူသား ဘုရင်များသည် ရယ်စရာ ကောင်းလှသော အပြုအမူများကိုသာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရလေသည်။ သူသည် သူတို့ အားလုံးအား သတ်ပစ် လိုက်ချင်တော့သည်။
သူ၏ တစ်ဝက်တစ်ပျက် ရယ်သွမ်းသွေးနေသော မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာမှ အန္တရာယ်များလှသော မီးတောက် တစ်ခု လောင်ကျွမ်းလာခဲ့တော့သည်။ သို့သော် ကိစ္စရပ်များအား ဤနည်း အတိုင်းသာ ဖြေရှင်းလိုက်ပါမူ သူမကိုပါ ဒုက္ခ ရောက်စေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်လိုသော အငွေ့အသက်တို့သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့တော့သည်။
‘စောင့်ကြည့်ကြသေးတာပေါ့...’
***