လင်းမူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဆန်းကြယ်သော လက်စွပ်ထဲရှိ တောက်ပနေသော ယဇ်ပလ္လင်ရှေ့တွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
သူ နောက်ဆုံး မှတ်မိသည်မှာ စိတ်ဝိညာဥ်ချီ အရည် စမ်းချောင်းကြီး သူ့ဒန်ထျန်းထဲသို့ ဝင်ရောက်လာပြီး သူ့စုစုပေါင်း သိုလှောင်မှုမှာ စိတ်ဝိညာဥ်ချီ အရည်စက် တစ်ထောင့်ရှစ်ရာခန့်အထိ ရောက်ရှိသွားခြင်းပင် ဖြစ်ပေသည်။ သူ စိတ်ဝိညာဥ်ချီ အရည်စက် အများအပြား သန့်စင်ခဲ့မှန်း သိသော်လည်း ထိုမျှ များပြားသော ပမာဏအထိ ရောက်ရှိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ချေ။
ထိုသည်မှာ သူ့အတွက် လုံးဝ နားမလည်နိုင်သော အရာဖြစ်ပြီး သူ မည်သို့ လုပ်ဆောင်ခဲ့သနည်း ဆိုသည်ကိုပင် မသိချေ။ ယခင်က စိတ်ဝိညာဥ်ချီ အရည် စမ်းချောင်းကို ကြည့်ရှုခဲ့စဉ်က ပုံမှန် အရည်စက် အရွယ်အစား၏ အဆရှစ်ဆယ်ခန့်သာ ကြီးမားပြီး အများကြီး ပိုသေးငယ်သည်ဟု ထင်ရပေသည်။
သို့သော် ထိုစမ်းချောင်း သူ့ဒန်ထျန်းထဲသို့ ဝင်ရောက်သွားသောအခါ စုစုပေါင်း အရည်စက် သုံးရာအဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရ၏။ ထိုအရာကြောင့် သူ ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ် အဆင့်ကြားရှိ အတားအဆီးကို ချက်ချင်း ကျော်ဖြတ်သွားနိုင်ခဲ့ခြင်းပင်။
ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်မှ အထွတ်အထိပ် အဆင့်သို့ တက်လှမ်းလိုက်သည်နှင့် ဆန်းကြယ်သော လက်စွပ်က တစ်ခုခု လုပ်ဆောင်လာလိမ့်မည်ဟု လင်းမူ မျှော်လင့်ထားခဲ့ပြီး ယခု ဆန်းကြယ်သော လက်စွပ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်၍ သူ့မျှော်လင့်ချက်များ အပြည့်အဝ မှန်ကန်ကြောင်း အတည်ပြုနိုင်သွားပြီ ဖြစ်ပေသည်။
ဟူး
လင်းမူ အသက်ပြင်းပြင်း ရှူလိုက်ပြီး တင်းမာနေသော ခန္ဓာကိုယ်ကို ဖြေလျော့လိုက်၏။ သူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို နောက်ဆုံးတွင် အာရုံခံနိုင်ပြီ ဖြစ်သော်လည်း ယခုအချိန်သည် ၎င်းတို့ကို စူးစမ်းလေ့လာရန် အချိန်ကောင်း မဟုတ်ကြောင်း သူ သိထားပေသည်။ လောလောဆယ် ဆန်းကြယ်သော လက်စွပ်က သူ့ကို ထိုနေရာသို့ ဘာကြောင့် ခေါ်ဆောင်လာသနည်း ဆိုသည်ကို သူ ကြည့်ရှုရန် လိုအပ်ပေသည်။
သူ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်သော်လည်း အနီးအနားတွင် စီနီယာ ရွှီခုန်းကို မတွေ့ရချေ။ သို့သော် သူ့ကိုနှင့် ယဇ်ပလ္လင်ကို အပြည့်အဝ ဝိုင်းရံထားသော မှေးမှိန်စွာ တောက်ပနေသည့် အတားအဆီး တစ်ခုကို အဝေးတွင် မြင်တွေ့နိုင်ပေသည်။
"ဒါက စီနီယာ ရွှီခုန်း အရင်က ပြောခဲ့တဲ့ အတားအဆီးပဲ... အဲဒါက ယဇ်ပလ္လင်ကို လက်စွပ်ရဲ့ တခြား အစိတ်အပိုင်းတွေနဲ့ သီးခြား ခွဲထုတ်ထားပြီး အထူး လုပ်ဆောင်ချက် တစ်ခု ရှိပုံရတယ်..." လင်းမူ အလယ်ဗဟိုရှိ ယဇ်ပလ္လင်ဆီသို့ လျှောက်သွားရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
တစ်မိနစ် အကြာတွင် သူ ထိုနေရာသို့ ရောက်ရှိသွားပြီး စွမ်းအင်လှိုင်းများဖြင့် တုန်ခါနေသည်ကို တွေ့လိုက်ရသည်။ ယခင်ကနှင့် ဆင်တူကြောင်း တွေ့ရှိရပြီး ယခု သူ ဘာရရှိမည်ကို သိရှိသွားလေပြီ။
လင်းမူ သူ့ကို ခေါ်ဆောင်နေသော ယဇ်ပလ္လင်ပေါ်သို့ လက်တင်လိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ အင်းစာလုံး အများအပြား ယဇ်ပလ္လင်ထဲမှ ထွက်ပေါ်လာပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ လင်းမူ၏ ခေါင်းထဲသို့ ဝင်ရောက်သွားတော့သည်။ မကြာမီ သတင်းအချက်အလက်များ လင်းမူ၏ မှတ်ဉာဏ်ထဲတွင် ရေးထိုးလာတော့၏။ ယခု လင်းမူ ရရှိနေသောအရာမှာ နောက်ထပ် စွမ်းရည်အသစ် တစ်ခုမှလွဲ၍ အခြား မဟုတ်ပေ။
လင်းမူ ချီကျင့်ကြံသူ တစ်ဦး စတင် ဖြစ်လာစဉ်က ပထမဆုံး စွမ်းရည် 'အရိပ်ပြောင်း' နှင့် ဒုတိယမြောက် စွမ်းရည် 'လျှပ်ခုန်ကူး' ကို ရရှိခဲ့သည်။ ထို့နောက် ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းစဉ်က တတိယမြောက် စွမ်းရည် 'ဖောက်ထွင်း' ကို ရရှိခဲ့၏။
ထိုစွမ်းရည်များ အသုံးပြုရန် လိုအပ်သော စိတ်ဝိညာဥ်ချီ သုံးစွဲမှုအရ စွမ်းရည်အသစ် တစ်ခုစီကို သတ်မှတ်ချက် တစ်ခု ပြည့်မီမှသာ သူ့ကို ပေးအပ်ခြင်း ဖြစ်ကြောင်း လင်းမူ ခန့်မှန်းနိုင်ပေသည်။ ပထမ စွမ်းရည် နှစ်ခုအတွက် သူ လိုအပ်သည်မှာ စိတ်ဝိညာဥ်ချီ အမျှင်တန်းများသာ ဖြစ်သဖြင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာသည်နှင့် အစကတည်းက တိုက်ရိုက် ပေးအပ်ခြင်း ခံခဲ့ရပေသည်။
ထို့နောက် လင်းမူ စိတ်ဝိညာဥ်ချီ အရည်စက် ဆိုသည့် သတ်မှတ်ချက် ပြည့်မီသွားသောအခါ တတိယမြောက် စွမ်းရည် 'ဖောက်ထွင်း' ကို ရရှိခဲ့၏။ ထိုသတ်မှတ်ချက် ပြည့်မီသွားသည်နှင့် တတိယမြောက် စွမ်းရည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင် ယခု စတုတ္ထမြောက် စွမ်းရည်ကို ရရှိခြင်းမှာ အဓိပ္ပာယ် မရှိလှချေ။ အကယ်၍ စိတ်ဝိညာဥ်ချီ အရည်စက်က လိုအပ်ချက် ဆိုပါက သူ လွန်ခဲ့သော အချိန်အတော်ကြာ ကတည်းက ရရှိခဲ့သင့်ပေသည်။ လိုအပ်သော အခြား သတ်မှတ်ချက် တစ်ခု ရှိနေခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။
လင်းမူ အချိန်အကြာကြီး စဉ်းစားစရာ မလိုဘဲ ဘာမှန်း သဘောပေါက်သွား၏။ ၎င်းသည် မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သော အရာဖြစ်ပြီး သူ လုပ်ဆောင်ခဲ့သည့် အရာသာ မဟုတ်လျှင် ထိုစွမ်းရည်ကို ရရှိရန် အလွယ်တကူ လွဲချော်သွားနိုင်ပေသည်။ စတုတ္ထမြောက် စွမ်းရည်အတွက် လိုအပ်သော ဖုံးကွယ်နေသည့် သတ်မှတ်ချက်မှာ အတားအဆီးရှိ အက်ကွဲကြောင်းမှ သူ စုပ်ယူခဲ့သော ဟင်းလင်းပြင် ဓာတ်သဘာဝ ချီစွမ်းအင်မှလွဲ၍ အခြား မဟုတ်ပေ။
လင်းမူ ဟင်းလင်းပြင် ဓာတ်သဘာဝ ချီစွမ်းအင် တိမ်တိုက်လေး လက်စွပ်ထဲတွင် မရှိတော့ကြောင်း အာရုံခံမိသဖြင့် ၎င်းကို အသုံးပြု၍ စတုတ္ထမြောက် စွမ်းရည်ကို ပေးအပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။
ဖြစ်စဉ် ပြီးဆုံးသွားပြီးနောက် သူ မျက်လုံးဖွင့်လိုက်ရာ မျက်လုံးတို့ထဲတွင် ငွေရောင် အလင်းတန်းဖြင့် ခဏတာ တောက်ပသွား၏။
"ဪ... ဒီလိုကိုး..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ထို့နောက် သူ ယဇ်ပလ္လင်၏ အတားအဆီးရှိရာသို့ လျှောက်သွားပြီး ၎င်း၏ ကန့်သတ်ချက်များမှ ထွက်ခွာလာလိုက်၏။ သူ့အနောက်ရှိ တောက်ပနေသော ယဇ်ပလ္လင်လည်း ယခင် တောက်ပမှုအထိ မှေးမှိန်သွားပြီး ငြိမ်သက်သွားတော့သည်။
အတားအဆီးမှ ထွက်လာသည်နှင့် လင်းမူ မီးခိုးရောင် အလင်းလုံး တစ်လုံး သူ့ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာသည်ကို မကြာမီ သတိပြုမိလိုက်၏။ ထိုအလင်းလုံးက သူ့ရှေ့တွင် ရပ်တန့်သွားပြီး စီနီယာ ရွှီခုန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။ လင်းမူ လုပ်ငန်းစဉ် ပြီးဆုံးပြီး အတားအဆီးမှ ထွက်လာမည့် အချိန်ကို သူ စောင့်ဆိုင်းနေခြင်း ဖြစ်မှန်း သိသာပေသည်။
"မင်း အောင်မြင်သွားပုံရတယ်..." ရွှီခုန်း ကျေနပ်အားရသော လေသံဖြင့် ပြောလိုက်၏။
"ဟုတ်ကဲ့ စီနီယာ... ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုသွားသေးတယ်..." လင်းမူ ပြန်ဖြေလိုက်သည်။
"ကောင်းတယ်... အရမ်း ကောင်းတယ်... ကျင့်ကြံခြင်း ဆိုတာ မိုးကောင်းကင်ကို ဆန့်ကျင်တာပဲ... ကိုယ့်မျှော်လင့်ချက်ကိုတောင် မကျော်လွန်နိုင်ရင် မိုးကောင်းကင်ရဲ့ ဆန္ဒကို ဘယ်လိုလုပ် ကျော်လွန်နိုင်မှာလဲ..." ရွှီခုန်း ပညာရှိဆန်သော လေသံဖြင့် ပြောလိုက်၏။
လင်းမူ ယခု ထိုအချက်ကို အပြည့်အဝ သဘောပေါက်သွားပြီ ဖြစ်၍ ယုံကြည်မှု ရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေသ၍ ကိုယ့်ကန့်သတ်ချက်များကို ကျော်လွန်ရန်မှာ ဘာမှ မဟုတ်ကြောင်းကိုလည်း သူ သိထားပေသည်။ သူ ထိုထက်ပင် ကျော်လွန်သွားချင်ပြီး အခြား ကန့်သတ်ချက် တစ်ခုသို့ ရောက်သည်အထိ ဆက်လက် သွားချင်နေ၏။ ထိုအခါ ထိုကန့်သတ်ချက်ကို ကျော်လွှားရန် နည်းလမ်း ရှာဖွေပြီး ဆက်လက် သွားမည် ဖြစ်ပေသည်။
"ဒါဆို ဒီတစ်ခါ ဘာရလိုက်လဲ..." ရွှီခုန်း မေးလိုက်၏။
"တောက်ပနေတဲ့ ယဇ်ပလ္လင်ကနေ စတုတ္ထမြောက် စွမ်းရည်ကို ရလိုက်တယ်... 'မှေးမှိန်ပျောက်ကွယ်ခြင်း' လို့ ခေါ်တယ်..." လင်းမူ ထုတ်ဖော် ပြောကြားလိုက်၏။
"အင်း... 'မှေးမှိန်ပျောက်ကွယ်ခြင်း' တော်တော် ထူးခြားတဲ့ နာမည်ပဲ... အဲဒါ ဘာလုပ်ပေးလဲ ဆိုတာ မင်း သိလား... ဒါမှမဟုတ် စမ်းသပ်ကြည့်ဖို့ လိုသေးလား..." ရွှီခုန်း မေးလိုက်၏။
"အဲဒါ ဘာလုပ်ပေးနိုင်လဲ ဆိုတာကို အကြမ်းဖျင်းတော့ သိထားပြီးပြီ... ဒါပေမဲ့ သေချာ အတည်ပြုဖို့တော့ စမ်းသပ်ကြည့်ဖို့ လိုသေးတယ်... ဒါပေမဲ့ ဒီစွမ်းရည်က တခြား စွမ်းရည် သုံးခုနဲ့ အတော်လေး ကွဲပြားတယ် ဆိုတာကိုတော့ ကျွန်တော် ပြောနိုင်တယ်..." လင်းမူ ဖြေလိုက်၏။
"ဟုတ်လား... ဘာလို့ အဲဒီလို ပြောရတာလဲ..." ရွှီခုန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒီစွမ်းရည်မှာ တခြား စွမ်းရည် သုံးခု ပေါင်းထားတာထက်တောင် သတင်းအချက်အလက် ပိုများတယ်... အဲဒါကို နားလည်အောင် နည်းနည်း အချိန်ယူရဦးမယ် ထင်တယ်... ကျွန်တော်... ဟို... ခေါင်းကိုက်နေလို့..."
အခန်း ၂၉၁ ပြီး
***