ဝူထန် လာရောက်မည့် ကိစ္စနောက်ကွယ်တွင် ထိုကဲ့သို့သော အကြောင်းအရာမျိုး ရှိနေလိမ့်မည်ဟု လင်းမူ မထင်မှတ်ထားခဲ့ချေ။ ထိုသည်မှာ လူအများ သိထားသည်ထက် အများကြီး ပိုမို ကြီးမားသော ကိစ္စတစ်ခု ဖြစ်လာပေသည်။ သာမန်ပြည်သူများ သိထားသည်မှာ ဗိုလ်မှူး ဝူထန်က ဖခင်ဖြစ်သူကို လာရောက်တွေ့ဆုံခြင်းသာ ဖြစ်ပေသည်။
"တကယ်လား... ဒါပေမဲ့ နည်းနည်း ရုတ်တရက် မဆန်လွန်းဘူးလား... ဒီလို ကိစ္စမျိုးတွေက အတော်လေး ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေ မဟုတ်ဘူးလား... အနည်းဆုံးတော့ ဝူထန်နဲ့ မြို့တော်ဝန်လို အဆင့်မြင့် အရာရှိတွေ အတွက်ပေါ့..." လင်းမူ ထပ်မေးလိုက်၏။
ဟူး
ဟွေဝင် ခေါင်းကို ပွတ်သပ်ရင်း နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
"ငါတို့လည်း ဒီအကြောင်း လုံးဝ မသိခဲ့ဘူး... သခင်ကြီးက အဲဒါကို ဆုံးဖြတ်ခဲ့တဲ့ ညစာစားပွဲကို တက်ရောက်ခဲ့လို့သာ သိခဲ့ရတာ... အဲဒါကလည်း တော်တော်လေး ရုတ်တရက် ဆန်လွန်းပြီး အဲဒီမှာ ရှိနေတဲ့ လူတွေ အားလုံး အံ့သြသွားခဲ့ကြတယ်..." ဟွေဝင် မောပန်းသော လေသံဖြင့် ဖြေလိုက်၏။
"ဒါဆိုရင်... ဒါက ကျုပ်တို့အတွက် ဘာအဓိပ္ပာယ်လဲ... ကျုပ်အတွက်တော့ အရေးကြီးပုံ မပေါ်ပါဘူး..." လင်းမူ ပြောလိုက်သည်။
ယခုအချိန်အထိ ကြီးမားသော ပြဿနာ တစ်ခုခု ဖြစ်ပွားနေသည်ဟု လင်းမူ သံသယ ဝင်နေခဲ့သော်လည်း ယခုကဲ့သို့ ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်နေသည်ကို ကြားလိုက်ရသောအခါ သိပ်ဂရုမစိုက်တော့ချေ။
"ဒါပေါ့... မင်း လုပ်စရာ ဘာမှ မရှိပါဘူး... ဒါပေမဲ့ ငါတို့ အတွက်တော့ ပြောင်းလဲရမယ့် အရာတွေ၊ ပြင်ဆင်ရမယ့် အစီအစဉ်တွေ အများကြီး ရှိလာပြီ..." ဟွေဝင် ပြန်ဖြေလိုက်၏။
သူ ပါဝင်ပတ်သက်ရန် မလိုကြောင်းနှင့် ယင်းက ဟွေ တပ်မဟာ၏ အတွင်းရေး ကိစ္စသာ ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် လင်းမူ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။
"ဒါဆို ကျုပ် ပြန်လိုက်ပါဦးမယ်... ကျုပ် မေးချင်တာ အဲဒါလောက်ပါပဲ..." လင်းမူ ပြောဆိုပြီး မတ်တတ်ရပ်ရန် ပြင်လိုက်စဉ် ဟွေဝင် စကားပြောလိုက်၏။
"နေဦး..." သူမ ပြောလိုက်သည်။
လင်းမူ ရပ်တန့်သွားပြီး ကုလားထိုင်ပေါ် ပြန်ထိုင်ကာ သူမ ဘာပြောချင်မှန်း စောင့်ဆိုင်းနေလိုက်၏။
"လောလောဆယ် မင်းနဲ့ မဆိုင်ပေမယ့် အနာဂတ်မှာတော့ ဆိုင်လာလောက်တယ်..." ဟွေဝင် ပြောလိုက်၏။
"ဟုတ်လား... ဘယ်လိုမျိုးလဲ..." လင်းမူ မေးလိုက်သည်။
လောလောဆယ် လင်းမူ ထိုကိစ္စတွင် မပါဝင်လိုသော်လည်း ဟွေ တပ်မဟာက တောင်းဆိုလာပါက လုပ်ပေးမည် မဟုတ်ဟု မဆိုလိုချေ။ သူတို့အပေါ် ကျေးဇူးတင်နေဆဲ ဖြစ်ပြီး ကူညီပေးရန် ဝန်မလေးပေ။
"တကယ်တော့ သခင်ကြီးက လွန်ခဲ့တဲ့ တစ်လက လုပ်ခဲ့တဲ့ ညစာစားပွဲကို မင်းကို ဖိတ်ချင်နေခဲ့တာ... ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲသွားလို့ မလိုတော့တာ... ဒါပေမဲ့ သခင်ကြီးက အနာဂတ်မှာ မင်းကို သေချာပေါက် ဖိတ်ကြားလိမ့်မယ်လို့ ငါ ယုံကြည်တယ်... သူက မင်းကို လူချင်းလည်း တွေ့ချင်နေတယ်..." ဟွေဝင် ရှင်းပြလိုက်၏။
လင်းမူလည်း ယခု စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ သူလည်း 'သခင်ကြီး' ကို တွေ့ချင်နေသည်မှာ အတန်ကြာပြီ ဖြစ်ပြီး စီနီယာ ရွှီခုန်း ကိုယ်တိုင်ကပင် တစ်ဖက်လူကို ချီးကျူးခဲ့ဖူးပေသည်။ တစ်ဖက်လူက ကျင်းဝေ အပါအဝင် ရွှီခုန်း ချီးကျူးဖူးသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပေသည်။
"ရပါတယ်... ကြိုတင် အကြောင်းကြားပေးရင် ပြဿနာ မရှိပါဘူး..." လင်းမူ ပြန်ဖြေလိုက်၏။
"ကောင်းပြီ... လာမယ့် ရက်တွေမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ငါတို့ ပိုသိလာရမှာမို့လို့ အဲဒီအပေါ် မူတည်ပြီး မင်းကို အကြောင်းကြားပေးပါ့မယ်..." ဟွေဝင် ပြန်ပြောလိုက်သည်။
လင်းမူ ခေါင်းညိတ်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
"ဟို... သခင်ကြီးက ကျုပ်ဆီက ဘာလိုချင်တာလဲ အတိအကျ... တရားဝင် တွေ့ဆုံတာကလွဲပြီးပေါ့..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သခင်ကြီးက... မင်းကို တိုက်ခိုက်စေချင်တာ... ဒါမှမဟုတ် ပိုတိတိကျကျ ပြောရရင် မင်းရဲ့ ခွန်အားကို ပြသစေချင်တာ..." ဟွေဝင် တွန့်ဆုတ်စွာဖြင့် ဖြေလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းမူ မျက်မှောင်ကြုတ်သွားသည်။ သူ တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း အကြောင်းပြချက် မရှိဘဲ တိုက်ပွဲထဲသို့ ဇွတ်တိုးဝင်မည့် အရူးတစ်ယောက် မဟုတ်ချေ။ သင့်လျော်သော အကြောင်းပြချက် မရှိပါက ထိုကဲ့သို့သော အရာမျိုးကို ဘယ်သောအခါမှ လက်ခံမည် မဟုတ်ပေ။
"ကျုပ်က ဘာလို့ တိုက်ခိုက်ရမှာလဲ..." လင်းမူ လေးနက်သော လေသံဖြင့် မေးလိုက်၏။
"မင်္ဂလာပွဲ မတိုင်ခင် အခမ်းအနား တချို့ ကျင်းပလေ့ ရှိတယ်... အဲဒီထဲက တစ်ခုက တက်ရောက်လာတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ခွန်အားကို ပြသရတာပဲ... သခင်ကြီးက တက်ရောက်မယ့် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လို့ သူ့ကို ကိုယ်စားပြုမယ့်သူ တစ်ယောက် လိုအပ်တယ်...”
“သူ့မှာ ငါတို့ ဟွေ တပ်မဟာ ရှိပေမယ့် ငါတို့က သူ့အတွက် တိုက်ခိုက်ပေးလို့ မရဘူး... ငါတို့ အဖွဲ့ဝင် အများစုက အဲဒီအဆင့်ရှိတဲ့ ပြိုင်ပွဲအတွက် အရည်အချင်း မပြည့်မီသလို အရည်အချင်း ပြည့်မီတဲ့ သူတွေကလည်း ထုတ်ဖော်ပြသလို့ မရဘူးလေ... သခင်ကြီးက ကြေးစားတစ်ယောက်ကိုလည်း ငှားလို့ မရဘူး... အဲဒီလို လုပ်ရင် သူ့ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်...”
“ဒါကြောင့် သူ့မှာ ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တယ်... အဲဒါက မင်းပဲ..." ဟွေဝင် အသေးစိတ် ဖြေကြားလိုက်၏။
ဟွေဝင် စကားပြောပြီးနောက် လင်းမူ ဘာမှ မပြောဘဲ စဉ်းစားနေလိုက်သည်။ ဟွေဝင်လည်း သူ့ကို မနှောင့်ယှက်ဘဲ ထိုဆုံးဖြတ်ချက်က သူ့လက်ထဲတွင်သာ ရှိကြောင်းနှင့် သူ တကယ် ငြင်းဆိုလိုပါက သူမ ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း သိထားပေသည်။
သခင်ကြီးနှင့် သူမတို့သည် လင်းမူ၏ ဆရာနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်နေကြပြီး သူ့ကို သတိထား ဆက်ဆံနေကြ၏။ သခင်ကြီး ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ဘာမှ အရာမထင်ခဲ့ချေ။ ထိုအချက်က လင်းမူ၏ နောက်ကွယ်ရှိ ဆရာနှင့် ပတ်သက်၍ သူတို့ကို ပိုမို ကြောက်ရွံ့လာစေခဲ့သည်။
လင်းမူ၏ ဆရာကို မဆန်းကျင်လိုသဖြင့် သူ မလုပ်ချင်သော အရာကို အတင်းအကျပ် ခိုင်းစေ၍ မရနိုင်ချေ။
ငါးမိနစ် ကုန်ဆုံးသွားသော်လည်း လင်းမူ ပြန်မဖြေသေးသဖြင့် ဟွေဝင် စိုးရိမ်လာတော့သည်။
"ကောင်းပြီ... ကျုပ် လက်ခံတယ်..." လင်းမူ ပြတ်သားသော လေသံဖြင့် ဖြေလိုက်၏။
ဟွေဝင် တိတ်ဆိတ်စွာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။ သူမ၏ သခင်ကြီးက လင်းမူကို ထိုအကြောင်း ပြောပြရန် မခိုင်းသေးသော်လည်း သူမက ကြိုတင် မေးမြန်းရန် စွန့်စားခဲ့ခြင်း ဖြစ်ပေသည်။ ငြင်းဆိုခံရမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခု လင်းမူ သဘောတူလိုက်သဖြင့် သူမ ဝမ်းသာသွား၏။
"ဒါပေမဲ့ ကျုပ်မှာ စည်းကမ်းချက် တချို့တော့ ရှိတယ်..." လင်းမူ နောက်ဆုံးတွင် ဖြည့်စွက် ပြောလိုက်သည်။
ဂလု
သူ့စကားများကို ကြားပြီးနောက် ဟွေဝင် စိတ်မရှိဘဲ တည်ငြိမ်သွား၏။ သခင်ကြီးကလည်း လင်းမူကို အလကား လုပ်ခိုင်းမည်ဟု သူမ မထင်မှတ်ထားပေ။ ဆုလာဘ် သို့မဟုတ် အခကြေးငွေ တစ်ခုခု ပေးခြင်းက အဆင်ပြေမည် ဖြစ်သော်လည်း သူ ဘာလိုချင်သနည်း ဆိုသည်က မေးခွန်း ဖြစ်နေ၏။
"ကျေးဇူးပြုပြီး ပြောပါ..." ဟွေဝင် ပြောလိုက်သည်။
"ကျုပ် သားရဲအသား လိုတယ်... အများကြီး လိုတယ်... လူတစ်ယောက် တစ်နှစ်စာ စားဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ရမယ်... ပြီးတော့ လတ်လတ်ဆတ်ဆတ် လိုချင်တယ်..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ဟွေဝင် ထိုစကားကြောင့် လုံးဝ အံ့အားသင့်သွားတော့သည်။
"ဘယ်လို..."
အခန်း ၂၉၆ ပြီး
***