ဟွေဝင် လင်းမူ၏ မေးခွန်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဖြစ်နိုင်ချေများကို ချက်ချင်း စဉ်းစားလိုက်ပြီး သူမ၏ စိတ်ကို အလျင်အမြန် စုစည်းလိုက်၏။ သူက သားရဲအသား တောင်းဆိုလျှင်တောင် သူ လိုချင်သော အမျိုးအစားပေါ် မူတည်ပေသည်။
ဥပမာအားဖြင့် လင်းမူက သာမန် သားရဲအသားကိုသာ တောင်းဆိုမည်ဆိုပါက တစ်နှစ်စာ မဆိုထားနှင့် ဆယ်နှစ်စာ တောင်းဆိုလျှင်တောင် ပြဿနာ မရှိချေ။ သို့သော် ဝိညာဉ် သန္ဓေသား အဆင့် သားရဲအသား ကဲ့သို့သော အရာမျိုး ဆိုပါက သားရဲတစ်ကောင် ရရှိရန်ပင် ခက်ခဲသော ပြဿနာ ဖြစ်လာပေလိမ့်မည်။
"ဟို... ဘယ်လို သားရဲအသားမျိုး လိုချင်တာလဲ..." ဟွေဝင် မေးလိုက်၏။
"အကောင်းဆုံးကတော့ ဝိညာဥ်သားရဲ အသား လိုချင်တာပါ... ဒါပေမဲ့ သာမန် သားရဲတွေဆိုရင်လည်း အဆင်ပြေပါတယ်... ဒါပေမဲ့ ပမာဏတော့ ပိုများဖို့ လိုလိမ့်မယ်... ဝိညာဥ်သားရဲ တစ်ကောင်စာ အသားနဲ့ ညီမျှဖို့ သာမန် သားရဲ လေးကောင် လိုအပ်ပါလိမ့်မယ်..." လင်းမူ ဖြေလိုက်၏။
ဟူး
ထိုစကားကို ကြားပြီးနောက် ဟွေဝင် စိတ်သက်သာရာ ရသွားသည်။ တစ်နှစ်စာ မဟုတ်လျှင်တောင် ဝိညာဥ်သားရဲ အသား အမြောက်အမြား ရရှိနိုင်လောက်ပေသည်။ လိုအပ်နေသော ပမာဏကို သာမန် သားရဲအသားဖြင့် အစားထိုး၍ ရနိုင်သည် မဟုတ်ပါလော။
"အဲဒါ လက်ခံနိုင်ပါတယ်... သခင်ကြီးကို အသိပေးလိုက်ပါ့မယ်..." ဟွေဝင် ပြန်ဖြေလိုက်၏။
"ဒါပေမဲ့... မင်းက ဘာလို့ အသားတွေ ဒီလောက် အများကြီး လိုအပ်တာလဲ..." ဟွေဝင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျုပ် တစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံမလို့ပါ... ဒီနေရာနဲ့ ဝေးတဲ့ နေရာတစ်ခုမှာပေါ့... ဒါကြောင့် ကြိုတင် ပြင်ဆင်ထားချင်လို့ပါ..." လင်းမူ ဖြေလိုက်၏။
ထိုကိစ္စကို စီနီယာ ရွှီခုန်းနှင့် စိတ်ထဲတွင် ကြိုတင် တိုင်ပင်ထားပြီး ဖြစ်ရာ မေးလာလျှင် ဘာဖြေရမည်ကို သူ သိထားပေသည်။
"တစ်နှစ် တံခါးပိတ် ကျင့်ကြံမယ် ဟုတ်လား... ဘယ်တော့လဲ..." ဟွေဝင် အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်၏။
လင်းမူ၏ တံခါးပိတ် ကျင့်ကြံမည့် အချိန်ဇယားအတွက် သူမ စိုးရိမ်နေခြင်း ဖြစ်သည်။ အကယ်၍ ပွဲကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်နေပါက သူတို့အတွက် အဆင်ပြေမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။
"အာ... အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူး... ပွဲပြီးမှပဲ ကျုပ် လုပ်မှာပါ... အဲဒီမတိုင်ခင် ကြိုတင် ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်လေ..." လင်းမူ ဖြေလိုက်၏။
"ဒါဆို အားလုံး အဆင်ပြေပါတယ်... အသားတွေကို အတော်လေး မြန်မြန် ရနိုင်လောက်ပါတယ်... ဒီအပတ်ကုန်လောက်ဆို သခင်ကြီးဆီက အကြောင်းပြန်စာ ရမှာပါ... ပြီးရင် မင်းကို အသိပေးပါ့မယ်... အာ... ပြီးတော့ ပွဲက သူတို့ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဘယ်လောက် အဆင်ပြေလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဒီလထဲ အချိန်မရွေး ဖြစ်နိုင်ပါတယ်..." ဟွေဝင် ပြန်ပြောလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ သူ တံခါးလက်ကိုင်ကို ကိုင်ထားရင်း တံခါးဝတွင် ရပ်တန့်သွားပြီး စကားပြောလိုက်၏။
"ဒါနဲ့... ဗိုလ်မှူး ဝူထန်က ဘယ်သူနဲ့ လက်ထပ်မှာလဲ..." လင်းမူ မေးလိုက်သည်။
"အာ... သတို့သမီးလောင်းက စန္ဒကူး မီးပြင်းဖိုဂိုဏ်းက အကြီးအကဲ တစ်ယောက်ရဲ့ သမီးပါ..." ဟွေဝင် ဖြေလိုက်၏။
"ဪ... နားလည်ပါပြီ... ဒါဆို သွားလိုက်ပါဦးမယ်..." လင်းမူ ပြန်ပြောပြီး ရုံးခန်းထဲမှ ထွက်ခွာသွားတော့သည်။
သူ မြို့လယ်ခေါင်မှ အလျင်အမြန် ထွက်ခွာပြီး ခြံဝင်းဆီသို့ ပြန်လာခဲ့၏။ အပြန်လမ်းတွင်ပင် လူအများအပြားကို မတွေ့ရဘဲ လမ်းမများမှာ အတော်လေး ရှင်းလင်းနေဆဲ ဖြစ်သည်။ လူများ တောင်ပိုင်းမြို့သို့ ထွက်သွားကြပြီဟု သူ ထင်မှတ်မိပေသည်။
သစ်တောထဲတွင် ကြေးစားများ ပိုမို များပြားလာသဖြင့် မုဆိုးများ အမဲလိုက်ရန် အနည်းငယ် ပိုမို ခက်ခဲနေမည်ဟု လင်းမူ ခန့်မှန်းလိုက်၏။ လအနည်းငယ်သာ ဖြစ်စေကာမူ ဘေးကင်းပြီး ပုံမှန် ဝင်ငွေ ရရှိနိုင်သဖြင့် ထိုအခွင့်အရေးက လူအများစုအတွက် မိုးကောင်းကင်က ပေးသနားသော အခွင့်အရေး တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အလုပ်ချိန် ကုန်ဆုံးသွားပြီးနောက် လူများ သူတို့၏ ပုံမှန် အလုပ်များသို့ ပြဿနာ သိပ်မရှိဘဲ ပြန်လည် ဝင်ရောက်နိုင်လောက်ပေသည်။ ထိုအချိန်ရောက်လျှင် ကြေးစားများလည်း ထွက်ခွာသွားလောက်ပြီ ဖြစ်ရာ မုဆိုးများအတွက် သားကောင် အများအပြား ရှိနေမည် ဖြစ်၏။
စပါးစိုက်ပျိုးရန် အချိန်လည်း နီးကပ်လာပြီ ဖြစ်ပြီး လူများ အရှေ့ပိုင်းမြို့ရှိ လယ်ကွင်းများကို မကြာမီ ပြင်ဆင်ကြတော့မည် ဖြစ်သည်။ ထိုနေရာရှိ တောင်သူလယ်သမားများ တောင်ပိုင်းမြို့သို့ သွားရောက်ရန် ရွေးချယ်ခဲ့ကြသလားဟု လင်းမူ တွေးတောနေမိ၏။ အကယ်၍ တကယ်ပဲ သွားခဲ့ကြပါက ယခုနှစ် ရိတ်သိမ်းမှု လျော့နည်းသွားနိုင်ပြီး စပါးဈေးနှုန်းများ မြင့်တက်လာနိုင်ပေသည်။
ထိုသို့ဖြင့် လင်းမူ သာမန် ကိစ္စအချို့ကို တွေးတောရင်း သူ့အိမ်သို့ ရောက်ရှိသွား၏။ အထဲသို့ ဝင်လိုက်သည်နှင့် တစ်ခုခု တူးနေသော အနံ့ကို ရလိုက်ပြီး ပြတင်းပေါက် တစ်ခုမှ မီးခိုးများ ထွက်နေသည်ကိုပင် မြင်တွေ့လိုက်ရသည်။
“ဟူး… မွှေးပွလေး တစ်ခုခုကို ထပ်ပြီး တူးအောင် လုပ်ပြန်ပြီ ထင်တယ်..." လင်းမူ မီးဖိုချောင်သို့ သွားရင်း ရေရွတ်လိုက်၏။
မွှေးပွလေး ချက်ပြုတ်နေသော အသားများ လုံးဝ တူးနေသဖြင့် သူ့ခန့်မှန်းချက် မှန်ကန်သွားသည်။ ဘေးတွင် ချထားသော အခြား အသားများပေါ်တွင်လည်း မီးလောင်နေ၏။ မွှေးပွလေး ထိန်းချုပ်မှု လွတ်သွားပြီး မီးက အခြား အရာများဆီသို့ ကူးစက်သွားကြောင်း ထင်ရှားလှပေသည်။
သို့တိုင်အောင် လင်းမူ ထိုကိစ္စကို သိပ်မစိုးရိမ်ချေ။ ခြံဝင်းထဲရှိ အခြား အဆောက်အအုံများနှင့် မတူဘဲ မီးဖိုချောင်ကို ကျောက်တုံးများနှင့် အုတ်ခဲများဖြင့်သာ အပြည့်အဝ တည်ဆောက်ထားသည်။ မီးဖိုချောင်က အိမ်နှင့်လည်း သီးခြား ဖြစ်နေပြီး အဆောက်အအုံများကြားတွင် မီးမကူးစက်နိုင်လောက်အောင် လုံလောက်သော နေရာလွတ် ရှိလေသည်။
မြို့ထဲရှိ ခြံဝင်း အများအပြားကို ထိုကဲ့သို့သော ဒီဇိုင်းမျိုးဖြင့် တည်ဆောက်ထားကြပြီး ၎င်းက အိမ်များ မီးလောင်ကျွမ်းခြင်းမှ ကာကွယ်ရန် ကူညီပေးပေသည်။
မွှေးပွလေး အလန့်တကြား ဖြစ်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို လင်းမူ တွေ့လိုက်ရ၏။ သားရဲလေးက မီးမွှေးရန် သိလောက်အောင် ဉာဏ်ကောင်းသော်လည်း မီးငြိမ်းသတ်ရန် မသင်ယူရသေးချေ။ လင်းမူ မွှေးပွလေး အသုံးပြုနိုင်ရန် ရေပုံးများကို အနီးအနားတွင် ထားပေးထားသော်လည်း သားရဲလေးက ရေကို မနှစ်သက်ပုံရပြီး ရေဆာသည့် အချိန်မှလွဲ၍ အနားသို့ သွားရန် ငြင်းဆန်လေ့ ရှိသည်။
လင်းမူ ရေပုံးကို ကောက်ယူပြီး မီးပေါ်သို့ ပက်လိုက်ရာ ချက်ချင်း ငြိမ်းသွားတော့သည်။
ရှဲရှဲ
မီးခဲများ ငြိမ်းသွားပြီး ပူပြင်းသော ကျောက်တုံးများ ရေနှင့် ထိတွေ့သဖြင့် တရှဲရှဲ မြည်သံ ထွက်ပေါ်လာ၏။
"မင်း ရေမကြိုက်တာကို ဖျောက်ဖျက်ပစ်မှ ဖြစ်တော့မယ် မွှေးပွလေး..." လင်းမူ ဆူပူလိုက်သည်။
မြောင်
သားရဲလေးက ရှက်ရွံ့စွာဖြင့် အပြစ်ကင်းဟန် ဆောင်လိုက်၏။ သူ လင်းမူ၏ ခြေထောက်များကို ပွတ်သီးပွတ်သပ် လုပ်ပြီး သာယာစွာ ညည်းတွားရင်း ချစ်ခင်မှုကို ပြသလိုက်သည်။
လင်းမူ ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးပြီး ရှုပ်ပွနေသည်များကို စတင် ရှင်းလင်းလိုက်၏။ ထိုသို့ လုပ်ဆောင်နေစဉ် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"အင်း... ငါ တံခါးပိတ် ကျင့်ကြံနေရင် သူ့ကို ဘယ်လို လုပ်ရမလဲ..."
အခန်း ၂၉၇ ပြီး
***