လင်းမူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး မွှေးပွလေးက သူ့ကျောကို မှီကာ ကွေးကွေးလေး အိပ်နေ၏။
သူ စတုတ္ထမြောက် စွမ်းရည် 'မှေးမှိန်ပျောက်ကွယ်ခြင်း' ကို အသုံးပြုစဉ် ကုန်ဆုံးသွားသော စိတ်ဝိညာဥ်ချီ အရည်များကို ပြန်လည် ဖြည့်တင်းနေပြီး နောက်ဆက်လုပ်ရမည့် အရာများကိုလည်း စဉ်းစားနေသည်။ စွမ်းရည် နှစ်ကြိမ် အသုံးပြုမှုတွင် စိတ်ဝိညာဥ်ချီ အရည်စက် ၂၀ ကုန်ဆုံးသွားခဲ့သဖြင့် ပုံမှန် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နိုင်ရန် အမြန်ဆုံး ပြန်လည် ရယူလိုခြင်း ဖြစ်ပေသည်။
လင်းမူ အခြေခံ ချီဆေးလုံးများကို ပါးစပ်ထဲ တစ်လုံးပြီးတစ်လုံး ပစ်ထည့်ကာ စိတ်ဝိညာဥ်ချီ အမျှင်တန်းများကို အရည်စက်များအဖြစ် သန့်စင်လိုက်၏။ ထို့နောက် မနေ့က စိတ်ဝိညာဥ်ချီ အရည် အများအပြားကို တစ်ပြိုင်နက်တည်း သန့်စင်ခဲ့ပုံကို သတိရသွားပြီး ထိုသို့ ထပ်လုပ်သင့်မသင့် တွေးတောနေမိသည်။
ထိုနည်းလမ်းက စိတ်ဝိညာဥ်ချီ အရည် သန့်စင်ရာတွင် ပိုမို ထိရောက်သော နည်းလမ်း ဖြစ်ပုံရသော်လည်း စိတ်ပိုင်းဆိုင်ရာ အလွန် ပင်ပန်းနွမ်းနယ်စေပြီး အာရုံစူးစိုက်မှု အများအပြား လိုအပ်ပေသည်။ ထိုသို့ လုပ်ဆောင်ခြင်းက ဒန်ထျန်းထဲသို့ မသိမ်းဆည်းဘဲ စိတ်ဝိညာဥ်ချီ အရည်ကို အချိန်ကြာကြာ သန့်စင်လေလေ သူ့အရှိန် ပိုမို မြင့်တက်လာလေလေ ဖြစ်ကြောင်းကိုလည်း သတိပြုမိလာ၏။
ထိုသို့သော အခြေအနေမျိုးသာ မဟုတ်လျှင် သူ ၃၆ နာရီ အတွင်း စိတ်ဝိညာဥ်ချီ အရည်စက် ၃၀၀ ကို တစ်ပြိုင်နက်တည်း သေချာပေါက် သန့်စင်နိုင်မည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ပုံမှန် ကျင့်ကြံချိန်တွင်ဆိုလျှင် အများဆုံး စိတ်ဝိညာဥ်ချီ အရည်စက် ၅၀ ခန့်သာ သန့်စင်နိုင်မည် ဖြစ်၏။
အခြေခံ ချီဆေးလုံးများ အသုံးပြုခြင်းနှင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှု တိုးတက်လာခြင်းတို့က သူ့ကို များစွာ အထောက်အကူ ပြုခဲ့သည်။ သို့သော် ထိုသို့ ဆက်တိုက် စိတ်ဝိညာဥ်ချီ အရည် သန့်စင်သည့် နည်းလမ်းတွင်လည်း အားနည်းချက်များ ရှိနေပေသည်။ ၎င်းက အချိန်အများကြီး ယူရပြီး ကြားထဲတွင် အနှောင့်အယှက် ခံ၍ မရချေ။
အကယ်၍ အနှောင့်အယှက် ခံရပါက ချက်ချင်း ရပ်တန့်ပြီး သန့်စင်ထားသော စိတ်ဝိညာဥ်ချီ အရည်များကို ဒန်ထျန်းထဲသို့ သိမ်းဆည်းရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ လင်းမူ နေ့စဉ် လုပ်စရာ ကိစ္စအချို့ ရှိနေသဖြင့် ယခင်ကကဲ့သို့ တံခါးပိတ် ကျင့်ကြံ၍ မရနိုင်သောကြောင့် ထိုအရာကို ထပ်မံ ပြုလုပ်၍ မရနိုင်ချေ။
နာရီအနည်းငယ် ကုန်ဆုံးသွားပြီး လင်းမူ အသုံးပြုခဲ့သော စိတ်ဝိညာဥ်ချီ အရည်စက် ၂၀ ကို အပြည့်အဝ ပြန်လည် ဖြည့်တင်းနိုင်လိုက်၏။ လင်းမူ မျက်လုံးဖွင့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဟူး… အခု ပျောက်ဆုံး အင်မော်တယ်ရဲ့ အမည်မဲ့ ကျင့်စဉ်ကို အာရုံစိုက်ပြီး လိုအပ်တဲ့ အဆင့်ကို ရောက်အောင် လုပ်ရမယ်... မဟာ အိပ်မောကျ ဝက်ဝံ ပြန်လည် နာလန်ထူလာဖို့ လေးလလောက် အချိန်ရသေးတယ်... အင်း... နေ့တိုင်း သန့်စင်တဲ့ စိတ်ဝိညာဥ်ချီ အရည် အများစုကို ပျောက်ဆုံး အင်မော်တယ်ရဲ့ အမည်မဲ့ ကျင့်စဉ် လေ့ကျင့်ရာမှာ သုံးလိုက်မယ်...”
“ငါ့ကျင့်ကြံခြင်း အခြေခံက လုံလောက်အောင် သန်မာနေပြီဆိုတော့ သွေးမျိုးဆက်ကို အရင် ရယူဖို့ လိုတယ်... အဲဒါ ပြီးသွားရင် အခု ငါ့ဆီမှာ ရှိတဲ့ ဆေးလုံးတွေ အားလုံးနဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ ပြဿနာ မရှိလောက်ဘူး... ဒါတွေက တစ်နှစ်ကျော်လောက် သုံးဖို့ အလွယ်တကူ လုံလောက်ပါတယ်..." လင်းမူ အသံထွက် တွေးတောလိုက်၏။
ထို့နောက် လင်းမူ မတ်တတ်ရပ်လိုက်ရာ ကျောဘက်မှ အထောက်အပံ့ မရှိတော့သဖြင့် မွှေးပွလေး ဘေးသို့ လိမ့်ကျသွား၏။ သို့သော် သားရဲလေးက မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ နှစ်ခြိုက်စွာ ဆက်လက် အိပ်မောကျနေပေသည်။
'သားရဲတချို့ သွားအမဲလိုက်ဖို့ လိုတယ်... ဟွေဝင်က သားရဲအသားတွေ ယူပေးမယ် ဆိုရင်တောင် သခင်ကြီးဆီက အကြောင်းပြန်စာ ရဖို့ တစ်ပတ်လောက် ကြာဦးမှာ... တကယ်တမ်း ရဖို့ဆိုရင် အဲဒီထက်တောင် ပိုကြာနိုင်တယ်... ဒီတစ်ပတ် အချိန်ကို အလဟဿ အဖြစ်ခံလို့ မရဘူး... သားရဲတွေကို အမဲလိုက်ပြီး ကျင့်စဉ်အတွက် သုံးလိုက်မယ်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်၏။
တစ်နာရီ အကြာတွင် လင်းမူ မြောက်ပိုင်းသစ်တောထဲ ရောက်နေပြီး သူ တွေ့ခဲ့သော ဝိညာဥ်သားရဲ အချို့ကို ခြေရာခံနေ၏။ သစ်တောထဲတွင် ရှိနေစဉ် လင်းမူ ဝိညာဥ်သားရဲ အချို့နှင့် တွေ့ဆုံခဲ့သော်လည်း ကြေးစားအချို့က ပစ်မှတ်ထားနေပြီ ဖြစ်၍ လက်လျှော့လိုက်ရသည်။
သို့သော် ကြေးစားများက သူ ဘယ်သူမှန်း သိသွားသောအခါ လင်းမူကို မျှဝေပေးရန် ဆန္ဒရှိခဲ့ကြ၏။ လင်းမူက သားရဲတစ်ကောင်က သူ့အတွက် တစ်နပ်စာတောင် မလုံလောက်ကြောင်း သိထားသဖြင့် သူတို့၏ ကမ်းလှမ်းမှုကို ရယ်မောကာ ငြင်းပယ်လိုက်သည်။ သစ်တော၏ အတွင်းပိုင်း နက်နက်သို့ ဆက်လက် ဝင်ရောက်ရန်သာ ဆုံးဖြတ်လိုက်၏။
နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားပြီး စတုတ္ထမြောက် ဝိညာဥ်သားရဲကို ရှာတွေ့သွားပေသည်။ ထိုအကောင်ကိုလည်း သတ်ဖြတ်လိုက်ပြီးနောက် အဝေးမှ အသံတစ်ခုကို ကြားလိုက်ရ၏။ ကြေးစားများ သားရဲအချို့နှင့် တိုက်ခိုက်နေခြင်း သို့မဟုတ် သားရဲအချင်းချင်း တိုက်ခိုက်နေခြင်း ဖြစ်မည်ဟု လင်းမူ ခန့်မှန်းလိုက်သည်။
လင်းမူ ထိုနေရာသို့ သွားကြည့်ရာ မျောက်ဝံသားရဲ အချို့က ဖွတ်သားရဲ တစ်ကောင်ကို တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။ မျောက်ဝံများက လင်းမူထက် သေးငယ်သော်လည်း ချီစုဆောင်းခြင်း အလယ်အဆင့်တွင် ရှိကြသည်။ လေးကောင်ခန့် ရှိပြီး သူတို့ တိုက်ခိုက်နေသော ဖွတ်သားရဲမှာ တစ်ကောင်တည်း ဖြစ်ကာ ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်တွင် ရှိလေသည်။
လင်းမူ စိတ်ဝိညာဥ်ချီဖြင့် ဧရိယာကို စစ်ဆေးကြည့်ပြီး ပုန်းကွယ်ရန်ပင် မကြိုးစားတော့ချေ။ သူ့အတွက် ထိုသားရဲများသည် အလွန် လွယ်ကူပြီး သတ်ဖြတ်ရန် အားစိုက်ထုတ်စရာ သိပ်မလိုပေ။ သူ ချဉ်းကပ်သွားသောအခါ သားရဲ ငါးကောင်စလုံးက သူ့ကို သတိပြုမိသွားပြီး ဒေါသထွက်သွားကြ၏။
မျောက်ဝံသားရဲများက သူ့ကို အစွယ်များ ဖြဲပြပြီး ဖွတ်သားရဲကမူ ရှဲခနဲ အသံပြုလိုက်သည်။ လင်းမူ သူတို့၏ အခြေအနေများကို ကြည့်လိုက်ရာ အတော်လေး ကောင်းမွန်နေသေးကြောင်း တွေ့လိုက်ရ၏။
'ငါ ဝင်နှောင့်ယှက်လိုက်တဲ့ အချိန်က သူတို့ တိုက်ပွဲ စခါစပဲ ရှိသေးတဲ့ပုံပဲ...' လင်းမူ တွေးလိုက်သည်။
လင်းမူ စိတ်ဝိညာဥ်အာရုံကို အသုံးပြုလိုက်ရာ ဓားတို ဓားအိမ်ထဲမှ ပျံထွက်လာပြီး လင်းမူ ကိုယ်တိုင်ကမူ လက်စွပ်ထဲမှ လှံတစ်ချောင်းကို ထုတ်ယူလိုက်၏။ ထို့နောက် ဓားတိုကို မျောက်ဝံသားရဲ လေးကောင်ဆီသို့ ပျံသန်းသွားရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ ဖွတ်သားရဲဆီသို့ သွားလိုက်သည်။
ပျံသန်းလာသော ဓားတိုကြောင့် မျောက်ဝံများ အံ့သြသွားပြီး ရှောင်တိမ်းရင်း ဟိုဟိုဒီဒီ ခုန်ပေါက်နေကြ၏။ လင်းမူ ဂရုမစိုက်ချေ။ သူ့အဓိက ရည်ရွယ်ချက်မှာ ဖွတ်သားရဲကို သတ်ဖြတ်နေစဉ် မျောက်ဝံသားရဲများကို အာရုံလွှဲပြီး အလုပ်ရှုပ်နေစေရန်သာ ဖြစ်ပေသည်။
လင်းမူ ဖွတ်သားရဲ၏ အပေါ်သို့ တိုက်ရိုက် လျှပ်ခုန်ကူး စွမ်းရည်ဖြင့် ရောက်ရှိသွားပြီး လှံဖြင့် ၎င်း၏ ဦးခေါင်းခွံကို ထိုးစိုက်လိုက်၏။ ဦးနှောက် အလယ်တည့်တည့်မှ အထိုးခံလိုက်ရသဖြင့် ဖွတ်သားရဲလည်း အသံသဲ့သဲ့ ပြုရုံသာ တတ်နိုင်လိုက်ပြီးနောက် သေဆုံးသွားတော့သည်။
"ကဲ... အခု မင်းတို့ အလှည့်ပဲ..."
အခန်း ၂၉၈ ပြီး
***