မွှေးပွလေး သားရဲ အမြုတေကို စားပြီးနောက် ကျေနပ်သွားပုံရပြီး ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တိုးညင်းသည့် စိတ်ဝိညာဥ်ချီ လှိုင်းများကို လင်းမူ ခံစားမိလိုက်၏။ ထိုလှိုင်းများမှာ ပိုမို မြန်ဆန်လာပြီး ယခု ပိုမို အားကောင်းလာနေပေသည်။
"သူ အဆင့်တက်တော့မှာလား..." လင်းမူ တွေးတောလိုက်၏။
"အဲဒါ မဆန်းပါဘူး... မင်းက လွန်ခဲ့တဲ့ လတွေကတည်းက သူ့ကို ဝိညာဥ်သားရဲ အသားတွေ ကျွေးနေတာလေ... သူစားခဲ့တဲ့ ပမာဏနဲ့ဆိုရင် ကိုယ်တိုင် အချိန်ယူပြီး အမဲလိုက်ရတဲ့ တခြား သားရဲတွေနဲ့ ယှဉ်ရင် သူ့တိုးတက်မှုက အတော်လေး မြန်ဆန်မှာပဲ... ပြီးတော့ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးတွေကြောင့် သူ့ပါရမီနဲ့ ဉာဏ်ရည်လည်း တိုးတက်လာခဲ့တယ်လေ...”
“ဒီသားရဲ အမြုတေက သူ့ကို ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်ကို တွန်းပို့ပေးလောက်တယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး မွှေးပွလေး၏ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် အိပ်ချင်လာပုံရပြီး နွေးထွေးသော ကုတင်ပေါ်တွင် အိပ်ရန် အထဲသို့ ပြန်ဝင်သွား၏။ လင်းမူ သားရဲ အသေကောင်များကို ဆက်လက် ပြင်ဆင်နေပြီး အားလုံးကို အသားခွင်းရန် တစ်နာရီခန့် အချိန်ယူလိုက်ရသည်။ စုစုပေါင်း ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ဝိညာဥ်သားရဲ သုံးကောင်၊ အလယ်အဆင့် လေးကောင်နှင့် အစောပိုင်း အဆင့် ငါးကောင် ရရှိခဲ့ပေသည်။
လင်းမူ မွှေးပွလေး အလိုရှိသည့် အချိန်တိုင်း စားနိုင်ရန် သားရဲ အမြုတေများကို သီးသန့် ဖယ်ထားလိုက်၏။
'ဪ... သွေးတွေ အကုန်လုံးကို မေ့လုနီးပါးပဲ...' လင်းမူ သတိရသွားသည်။
ထို့နောက် သူ ခြံဝင်းထဲသို့ သွားပြီး လက်စွပ်ထဲမှ သွေးများ အားလုံးကို အပြင်သို့ ထွက်လာစေရန် စိတ်ဆန္ဒ ပြုလိုက်၏။ ချက်ခြင်းပင် ဆည်ကျိုးသွားသကဲ့သို့ သွေးမြစ်တစ်စင်း စီးဆင်းလာတော့သည်။
"အာ... ပမာဏကို ငါ မှားတွက်မိသွားတယ် ထင်တယ်..." လင်းမူ အံ့သြတကြီး ရေရွတ်လိုက်၏။
မကြာမီ ခြံဝင်း မြေပြင် တစ်ခုလုံး သားရဲ သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သို့သော် မြေကြီးထဲသို့ အပြည့်အဝ စိမ့်ဝင်သွားရန် အချိန်အကြာကြီး မယူလိုက်ရဘဲ ထိုနေရာတွင် သွေးများ ဖိတ်စင်ခဲ့ကြောင်း ပြသသည့် သွေးကွက်အချို့သာ ကျန်ရစ်ခဲ့၏။ တိုက်ခတ်နေသော လေကြောင့် လွင့်ပါးသွားသဖြင့် သွေးနံ့လည်း သိပ်မရတော့ချေ။
လောလောဆယ် သွေးမရှိသော တစ်ခုတည်းသော နေရာမှာ လင်းမူ မိဘများ၏ အုတ်ဂူ နှစ်ခုသာ ဖြစ်ပေသည်။ လင်းမူ ခေါင်းခါလိုက်ပြီး ဆက်လက်ကျင့်ကြံရန် အိပ်ခန်းသို့ ပြန်ဝင်သွားလိုက်၏။
လင်းမူ ယခင်က လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လည် လုပ်ဆောင်လိုက်သည်။ သူ ကျင့်ကြံပြီး စိတ်ဝိညာဥ်ချီ အရည်များကို သန့်စင်ကာ ၈၀ ရာခိုင်နှုန်းခန့်ကို ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ် တိုးတက်စေရန် အစာအိမ်ထဲသို့ ထည့်သွင်းလိုက်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကို သိမ်းဆည်းထားလိုက်၏။
ထို့နောက် သူ တတ်နိုင်သမျှ သားရဲအသားများကို စားသောက်ပြီး ကျင့်စဉ်ကို ပိုမို တိုးတက်အောင် လုပ်ဆောင်လိုက်သည်။ ထိုအရာကြောင့် လင်းမူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုကိုလည်း တိုးတကလာပြီး ရှန်ထျန်း ခန္ဓာကိုယ် ရရှိရန် ပိုမို နီးကပ်လာပေသည်။
မွှေးပွလေး သားရဲ အမြုတေကို စားပြီး နောက်တစ်နေ့တွင် ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းသွား၏။ သူ အနည်းငယ် ပိုမို သန်မာလာသည်မှလွဲ၍ သူ့ထံတွင် ကြီးမားသော အပြောင်းအလဲကို လင်းမူ မတွေ့ရချေ။ သူ့အရှိန် ပြောင်းလဲသွားသည်ကိုလည်း မတွေ့ရပေ။ ပိုမြန်လာနိုင်သော်လည်း သူက အမြင့်ဆုံး အရှိန်ကို အသုံးမပြုသဖြင့် မသိသာခြင်း ဖြစ်ပေသည်။
လင်းမူ သစ်တောထဲသို့ သွားပြီး မွှေးပွလေး စားရန် သားရဲအချို့ကို အမဲလိုက်လေ့ ရှိပြီး အပတ်ကုန်တွင် ဝိညာဥ်သားရဲ စုစုပေါင်း ၆၅ ကောင်ခန့် အမဲလိုက်နိုင်ခဲ့၏။ သို့သော် ထိုသားရဲများ အားလုံးထဲတွင် သွေးမျိုးဆက် နိုးထထားသော သားရဲ တစ်ကောင်မျှ မပါရှိချေ။
စီနီယာ ရွှီခုန်း ပြောပြခဲ့သော အခြားနည်းလမ်းကို အသုံးပြုနိုင်ရန် တူညီသော သားရဲ အမျိုးအစား အများအပြားကိုလည်း လင်းမူ ရှာမတွေ့ခဲ့ပေ။
ယနေ့သည် ဟွေဝင်နှင့် စကားပြောခဲ့ပြီးနောက် ရှစ်ရက်မြောက်နေ့ ဖြစ်ပြီး သခင်ကြီးထံမှ အကြောင်းပြန်စာ ရရှိမည့်နေ့လည်း ဖြစ်ပေသည်။ မဟာ အိပ်မောကျ ဝက်ဝံ၏ သွေးမျိုးဆက်ကို ပေါင်းစပ်ရမည့် အချိန်ရောက်လာသောအခါ အရန်ရိက္ခာအဖြစ် သိမ်းဆည်းထားနိုင်မည် ဖြစ်၍ သားရဲအသားများကို စောစောစီးစီး ရရှိနိုင်ပါက သူ့အတွက် ကောင်းမွန်ပေလိမ့်မည်။
ဟူး
လင်းမူ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်၏။ သူ့အိမ် ခြံစည်းရိုး တံခါးအပြင်ဘက်တွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို သူ အာရုံခံမိပြီး မည်သူဖြစ်ကြောင်း အတိအကျ သိနေပေသည်။
"ဟွေဝင် အကြောင်းပြန်စာ ရပြီ ထင်တယ်..." လင်းမူ မတ်တတ်မရပ်မီ ပြောလိုက်၏။
သူ အိပ်ခန်းထဲမှ ထွက်လာပြီး တံခါးဖွင့်ရန် လျှောက်သွားလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသူမှာ သူ့အိမ်အနီးတွင် တာဝန်ကျပြီး သူ လိုအပ်ပါက ဟွေ တပ်မဟာထံမှ သတင်းစကားများ ယူဆောင်လာပေးမည့် ဟွေပင်းမှလွဲ၍ အခြား မဟုတ်ပေ။
"စီနီယာ လင်းမူ... ခေါင်းဆောင်က ခေါ်ခိုင်းလိုက်ပါတယ်... စီနီယာ့အတွက် စာတစ်စောင် ရောက်လာတယ်လို့ ပြောပါတယ်..." ဟွေပင်း အသိပေးလိုက်၏။
"အာ... ကောင်းတယ်... အချိန်ကိုက်ပဲ..." လင်းမူ ပြန်ပြောပြီး အပြင်ထွက်ရင်း တံခါးကို ပိတ်လိုက်သည်။
ဟွေပင်း ခေါင်းညိတ်ပြီး သူ့တာဝန်ကျရာ နေရာသို့ ပြန်သွားကာ လင်းမူကမူ မြို့လယ်ခေါင်ဆီသို့ သွားလိုက်၏။ ဟွေဝင် ရုံးခန်းထဲတွင် စောင့်နေပြီး သူမရှေ့ရှိ စားပွဲပေါ်တွင် ဖွင့်ထားသော စာတစ်စောင် ရှိလေသည်။ လင်းမူ ဝင်လာသည်ကို သူမ သတိပြုမိပြီး ထိုင်ရန် လက်ဟန်ပြလိုက်၏။
"ကဲ... သခင်ကြီးက ဘာပြောလဲ..." လင်းမူ မေးလိုက်သည်။
"မင်း တောင်းဆိုထားတဲ့အတိုင်း တစ်နှစ်စာ သားရဲအသားတွေကို မြို့ဆီ ပို့ဆောင်နေပါပြီ... နှစ်ရက် သုံးရက် အတွင်း ဒီကို ရောက်လာလောက်ပြီး ဝိညာဥ်သားရဲ အသားတွေချည်းပဲ ပါပါလိမ့်မယ်..." ဟွေဝင် ဖြေလိုက်၏။
"ပြီးတော့ ငါမင်းကို ပြောခဲ့တဲ့ တခြား ကိစ္စနဲ့ ပတ်သက်ပြီးတော့..." သူမ ခေတ္တရပ်ပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။
"ပြိုင်ပွဲ တစ်ခုခုမှာ သခင်ကြီးကို ကိုယ်စားပြုရမယ့် ကိစ္စကို ပြောတာလား..." လင်းမူ မေးလိုက်သည်။
"ဟုတ်တယ်... အဲဒါပဲ... အင်း... နောက်အပတ်ထဲမှာ ကျင်းပဖို့ အခွင့်အလမ်း တော်တော် များတယ်... ဒါကြောင့် အခု မင်း ကြိုတင် ပြင်ဆင်ထားပြီး အချိန်ဇယားကို ရှင်းထားလို့ ရပြီပေါ့... ဆယ်ရက်လောက် ကြာလိမ့်မယ်... ပြီးတော့ အဲဒီအချိန် တစ်လျှောက်လုံး ဝူလင်မြို့မှာ မင်း လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရပါလိမ့်မယ်...”
“မင်း ဘာမှ ပေးစရာ မလိုပါဘူး... ကုန်ကျစရိတ် အားလုံးကို မြို့တော်ဝန်က တာဝန်ယူပါလိမ့်မယ်... ပြီးတော့... မင်း မင်္ဂလာဆောင်ကိုလည်း တက်ရောက်ရမှာမို့လို့ ဒါကို မင်္ဂလာဆောင်အတွက် တရားဝင် ဖိတ်စာအဖြစ် မှတ်ယူလိုက်ပါ..." ဟွေဝင် ဖြေကြားလိုက်၏။
အခန်း ၃၀၀ ပြီး
***