အချိန်အတော်ကြာမှ လူတိုင်း သတိပြန်ဝင်လာကြပြီး ရင်ထဲက တုန်လှုပ်မှုကို အောင့်အီးထားရင်း တီးတိုးဆွေးနွေးလာကြသည်။
"ဒါ... ဒါက တကယ်ပဲ သိုင်းစစ်ဆေးမှုဖြေဆိုမယ့် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ယောက်လား.."
"ဒီလောက်အထိ ထူထပ်တဲ့ စစ်မှန်သောချီမျိုးဆိုရင် စတုတ္ထအဆင့် သိုင်းပညာရှင်လို့ ပြောရင်တောင် ယုံမိမှာပဲ.."
"ငါတို့ ကျန်းနန်ပြည်နယ်မှာ နောက်ထပ် ပြိုက်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်လာပြန်ပြီ.."
"ချင်းဟယ် ဂူမိသားစုကတော့ တကယ့်ကို ပါရမီရှင်တစ်ယောက် မွေးထုတ်လိုက်တာပဲ.."
လူအများ၏ အသံများမှာ တုန်ရီနေပြီး ဂူချန်အား ချီးကျူးနေကြ၏။ သူတို့ ထိုအသက်အရွယ်တုန်းက အလွန်ဆုံးရှိလှ ဒုတိယအဆင့် သိုင်းပညာရှင်များသာ ဖြစ်ကြပြီး လက်သီးချင်း အသားချင်းထိအောင် အနီးကပ် နပန်းလုံးနေရဆဲ ဖြစ်သည်။ တတိယအဆင့်သို့ ရောက်လျှင်ပင် တိုက်ပွဲအလယ်တွင် ချီကုန်သွားမည်စိုးသဖြင့် စစ်မှန်သောချီကို အတိုင်းအတာနှင့်သာ သုံးစွဲရဲကြ၏။
ဂူချန်ကဲ့သို့ လေထဲပျံတက်ကာ ဗုံးကျဲသည့်အလား တိုက်စစ်ဆင်နိုင်ခြင်းမျိုး မရှိခဲ့ပေ။
ချက်ချင်းပင် လျူလုံတက္ကသိုလ်မှ ဆရာတစ်ဦး ထရပ်လိုက်သည်။
"ဒီကောင်လေးက ငါတို့ လျူလုံတက္ကသိုလ်နဲ့ ကံပါလာတာပဲ၊ သူ့ကို ငါတို့ဆီ ခေါ်သွားရင် ကောင်းမယ်ထင်တယ်.."
ဤမျှ ပါရမီထူးသည့် ကျောင်သားကိုသာ စည်းရုံးနိုင်ပါက ရာထူးတက်ရန် သေချာသလောက် ရှိသကဲ့သို့ ဆုကြေးငွေလည်း အမြောက်အမြား ရရှိမည် ဖြစ်သည်။ ထို့ပြင် နောင်တစ်ချိန်တွင် ထိုလူငယ် အစွမ်းထက်လာပါက ဆရာဟောင်းတစ်ဦးအနေဖြင့် ရရှိမည့် အကျိုးကျေးဇူးမှာ မှန်းဆရပင် ရနိုင်မည်မဟုတ်ချေ။
"စိတ်ကူးယာဥ်မနေနဲ့..."
သူ့စကားမဆုံးမီမှာပင် မုတ်ဆိတ်ဗလပွနှင့် လူဝကြီးတစ်ဦး ရှေ့ထွက်လာကာ မဲ့ပြုံးပြုံးလိုက်သည်။
" ဒီလောက် ထူးချွန်တဲ့ ပါရမီရှင်ကို မင်းတို့ လျူနောင်တက္ကသိုလ် ပို့လိုက်တာက ပါရမီကို ဖြုန်းတီးရာ ရောက်လိမ့်မယ်.."
"ဟေးယွန်းတက္ကသိုလ်က ကျန်းနန်ပြည်နယ်ရဲ့ နံပါတ်တစ် တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံထားရတာ၊ သူလာချင်းလာ ငါတို့ဆီပဲ လာရမယ်.."
လျူလုံတက္ကသိုလ်မှ ဆရာမှာ မျက်နှာပျက်သွားကာ ဒေါသတကြီးအော်လိုက်၏။
"ဘာ လျူနောင် လဲ..လျူလုံကွ..လျူလုံတက္ကသိုလ် .. မင်းစော်ကားလှချည်လား.."
"လျူနောင် ဖြစ်ဖြစ် လျူနုံ ဖြစ်ဖြစ် အမှိုက်ကျောင်းကတော့ အမှိုက်ကျောင်းပဲ..နာမည်က ဘာထူးမှာလဲ.."
စကားပြောရင်းမှ ထိုဆရာနှစ်ဦးသည် လူအများရှေ့တွင် တစ်ဦးကိုတစ်ဦး ဆဲဆိုကာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာကြတော့သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် အင်္ကျီလက်များကို လိပ်တင်ကာ တစ်ဦးနှင့် တစ်ဦး မျက်နှာခြင်းကအပ်၍ အနီးကပ် အော်ဟစ်နေကြ၏။ အကယ်၍ စောင့်ကြည့်ရေးကောင်စီဝင်များသာ ဤနေရာတွင် မရှိပါက သူတို့နှစ်ဦးမှာ တကယ်ပင် လက်ရုံးချင်းယှဥ်ကြတော့မည့် အနေအထား ဖြစ်သည်။
သူတို့နှစ်ဦး အပြင်းအထန် ငြင်းခုံနေစဉ်တွင် ဆရာတစ်ဦးက စခရင်ကြီးကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ကြည့်ဦး..ဂူချန်က လူ ရာနဲ့ချီကို အကုန် လွင့်ထွက်သွားအောင် လုပ်လိုက်ပြီ.."
"သူက ပျော်နေပုံရတယ်..အခု နှစ်ယောက်ခန်းနဲ့ လေးယောက်ခန်း အဆောက်အအုံဘက်ကို ဦးတည်နေပြီ ထင်တယ်.."
ထိုစကားကို ကြားသည်နှင့် ဆရာနှစ်ဦး ငြင်းခုံနေသည်ကို ကြည့်နေသော စောင့်ကြည့်ရေးကောင်စီဝင်မှာ ချက်ချင်းပင် ထိုင်ရမလို ထရမလို ဖြစ်သွားတော့သည်။ သူတို့သည် ကျန်းနန်ပြည်နယ်၏ အထူးချွန်ဆုံး ကျောင်းသားများ အချင်းချင်း ယှဥ်ပြိုင်ကြသည်ကိုသာ ကြည့်လိုခြင်း ဖြစ်သည်။
ရှမ်းဟိုင် အမှတ် (၂) နှင့် လင်းထျန်း အမှတ် (၁) တို့ တိုက်ခိုက်တော့မည့် အနေအထားအထိ ငြင်းခုံနေကြသည်ကိုပင် သူတို့က ပြုံးကြည့်နေခဲ့ကြသည်။ လူငယ်ဆိုသည်မှာ ဤသို့ တက်ကြွရမည်ဟု တွေးခဲ့ကြသည်။
ဂူချန် ပေါ်လာသည်အထိပင် ။
တစ်ယောက်တည်းဖြင့် အဆောက်အအုံတစ်ခုလုံးကို အနိုင်ယူနေသည်လော ။ လက်ပြန်တစ်ချက်ဖြင့် လူနှစ်ယောက်ကို လွင့်ထွက်သွားစေပြီးနောက် ဗုံးကြဲလေယာဉ်အလား တိုက်ခိုက်တော့သည်။ ဤအတိုင်းသာ ဆက်သွားပါက မနက်ဖြန်တွင် အားလုံး ခြေကျိုးလက်ကျိုး ဖြစ်နေကြမည်ဖြစ်ရာ ပုံစံတူစစ်ဆေးမှုကို မည်သို့ ဆက်လက် လုပ်ဆောင်နိုင်မည်နည်း။
ထို့အပြင် အနှီကောင်လေးက အားမထိန်းနိုင်ဘဲ လူသတ်မိပါက သူတို့ အလုပ်ပြုတ်သွားနိုင်သည် ။
' ငါ တားမှ ဖြစ်တော့မယ်.. '
စောင့်ကြည့်ရေးကောင်စီဝင်မှာ ချက်ချင်းပင် ဖုန်းဆက်ကာ အမိန့်ပေးလိုက်သည်။
"မြန်မြန်... အဲဒီဝတ်စုံနက်နဲ့ လူငယ်ကို သွားတားကြ..တိုက်ပွဲကို ရပ်ခိုင်းလိုက်.."
"ပြီးရင် ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို လွှတ်လိုက်..ဒဏ်ရာရတဲ့ လူတွေကို ခေါ်ထုတ်သွားပြီး မနက်ဖြန် စစ်ဆေးမှုမှာ ဝင်ခွင့်ပိတ်လိုက်တော့.."
ကံကောင်းထောက်မစွာဖြင့် ဝူတန်မြို့မှာ လေ့ကျင့်ရေးကွင်း ဖြစ်သဖြင့် ဆေးရုံကြီးတစ်ခု ရှိနေခြင်းပင်။ မဟုတ်ပါက တစ်ချိန်တည်းတွင် ဒဏ်ရာရရှိသော လူရာပေါင်းများစွာကို ကုသပေးနိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
"ဟုတ်ကဲ့.."
လူနေရပ်ကွက်တွင် အသင့်ပြင်ထားသော သိုင်းပညာရှင်အဖွဲ့မှာ တစ်ယောက်ခန်း အဆောက်အအုံဆီသို့ အပြေးအလွှား ဦးတည်သွားကြတော့သည်။
အခြားတစ်ဖက်၊ တစ်ယောက်ခန်း အဆောက်အအုံ အပြင်ဘက်၌..
မြေပြင်မှာ အက်ကွဲပျက်စီးနေပြီး ဖုန်မှုန့်များ လေထဲတွင် ဝဲပျံနေကာ ကမ္ဘာပျက်ကိန်း ဆိုက်နေသည့်အလား ဖြစ်နေသည်။ မြူခိုးများကြားမှ ကျောင်းသားများ၏ ညည်းတွားသံနှင့် အော်ဟစ်သံများကို တစ်ချက်တစ်ချက် ကြားနေရသည်။
"အား..မလုပ်ပါနဲ့... တောင်းပန်ပါတယ်.."
"အစ်ကိုကြီး... ကျွန်တော့်ကို မရိုက်ပါနဲ့တော့..ကျွန်တော် ဒူးထောက်ပါ့မယ်.."
"***... ငါ မင်းကို ..."
ဗုန်း...
လေးလံသော အသံကြီးနှင့်အတူ အနက်ရောင်လူရိပ်တစ်ခုမှာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ သူ ဆင်းသက်လိုက်သည့် အခိုက်တွင် မီတာအနည်းငယ်အတွင်းရှိ အုတ်နှင့် ဘိလပ်မြေ ကြမ်းခင်းမှာ ပင့်ကူအိမ်အက်ကြောင်းများပင် ပေါ်လာ၏။ ကျောက်ခဲနှင့် မြေကြီးများ လေထဲ လွင့်ပျံသွားပြီး ဖုန်မှုန့်လုံးကြီးများ ချက်ချင်း ထွက်ပေါ်လာသည်။
ဝှူး....
လေပြင်းတစ်ချက် ဝေ့ယမ်းသွားပြီးနောက် ဖုန်မှုန့်များမှာ ဘေးနှစ်ဖက်သို့ အလိုအလျောက် ဖယ်ပေးလိုက်ကြရာ အတွင်းမှ လူရိပ် ပေါ်လာသည်။ ပျက်စီးနေသော အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများ၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် အရပ်ရှည်ရှည် ချောမောသော လူငယ်တစ်ဦး ထွက်ပေါ်လာသည်။ လေထဲတွင် ဖုန်မှုန့်များ ပြည့်နှက်နေသော်လည်း သူ၏ ကိုယ်ပေါ်တွင် မြေမှုန့်တစ်စပင် မတင်ပေ။
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော် ၂၇၃ ဦး၏ အိပ်စက်ရန် ခက်ခဲခြင်း၊ စစ်ဆေးမှုမတိုင်မီ စိုးရိမ်ပူပန်ခြင်းနှင့် အိပ်မပျော်ခြင်း ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။ စေတနာတန်ဖိုး +၅၈၉၅]
[စနစ် - အိမ်ရှင်သည် ဤဒေသရှိ ဖုန်မှုန့်နှင့် သဲပြဿနာကို စီမံခန့်ခွဲပေးခဲ့သည်။ စေတနာတန်ဖိုး +၅၀]
[စနစ် - အိမ်ရှင်သည် အတန်းဖော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းကမ်းကို ထိန်းသိမ်းပေးခဲ့ရာ မည်သူမျှ ပြဿနာရှာရန် အစပြုခြင်း မရှိတော့ပေ။ စေတနာတန်ဖိုး +၁၀၀]
'အတော်လေး ရလိုက်တာပဲ..'
ဂူချန်သည် ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာရင်း ကျေနပ်နေလေ၏ ။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ စုစုပေါင်း စေတနာတန်ဖိုး ခြောက်ထောင်ကျော် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ စနစ်ရရှိပြီးကတည်းက သူ အများဆုံးရရှိဖူးသည့် တန်ဖိုးပင် ။
ဤကမ္ဘာပေါ်ရှိ လူသားများ ကြောက်ရွံ့လေးစားကြသော SSS အဆင့် သိုင်းပါရမီမှာ မည်မျှအထိ ကြောက်စရာကောင်းသနည်း ဆိုသည်ကို သူ မြင်တွေ့နိုင်တော့မည် ဖြစ်သည်။ ကျန်းနန်ပြည်နယ်တစ်ခုလုံးတွင်သာမက တောင်ပိုင်းမဟာမိတ်အဖွဲ့ တစ်ခုလုံးတွင်ပင် SSS အဆင့် ပါရမီရှင် မပေါ်ထွန်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့လေပြီ။
သူသာ SSS အဆင့် သိုင်းပါရမီကို ပိုင်ဆိုင်လိုက်ပါက မည်သို့သော ဂယက်များ ရိုက်ခတ်သွားမည်နည်းဟု သူ တွေးနေမိသည်။ ထိုအတွေးနှင့်အတူ ဂူချန်၏ မျက်လုံးများတွင် ခရမ်းရောင်အလင်းများ လက်ခနဲ ပေါ်လာကာ ခရမ်းရောင် နတ်ဆိုးမျက်လုံး ကို အစွမ်းကုန် အသုံးချ၍ မြေပြင်ပေါ်တွင် သတိမလစ်သေးသော ကျောင်းသားများ၏ တည်နေရာကို ချက်ချင်း ရှာဖွေလိုက်သည်။
ထို့နောက် သူ ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေကြီးနှင့် ကျောက်ခဲများကြားတွင် တစ်ဝက်တစ်ပျက် နစ်နေသော ကျောင်းသားတစ်ဦး၏ ရှေ့သို့ တယ်လီပို့လုပ်လိုက်သကဲ့သို့ ရောက်ရှိသွားသည်။
" မလာနဲ့..မလာနဲ့..ဝူးး.."
ထိုသူမှာ အပျက်အစီးများကြားမှ ရုန်းထွက်ရန် ကြိုးစားနေဆဲပင်။ သို့သော်လည်း ကျောက်ပြားကြီးကို ဖယ်လိုက်သည်နှင့် သူ့ရှေ့တွင် နတ်ဆိုးတစ်ကောင်အလား ပေါ်လာသော လူရိပ်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား အော်ဟစ်ငိုယိုတော့သည်။
သူ့အတွက်မူ ပြုံးယောင်သန်းနေသော ထိုချောမောသည့် မျက်နှာမှာ ငရဲပြည်မှ လာသော ယမမင်းထက်ပင် ပို၍ ကြောက်စရာ ကောင်းနေလေသည်။
သို့ရာတွင် ဂူချန်က သူ့ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် သူ၏ ခေါင်းကို ချက်ချင်းပင် အားဖြင့် နင်းချလိုက်သည်။
အော်ဟစ်သံများ ပျောက်ကွယ်သွားပြီး ထိုသူ၏ ခေါင်းမှာ မြေပြင်ထဲသို့ နစ်ဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဂူချန်၏ မျက်စိရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။
[စနစ် - အိမ်ရှင်သည် အခြားကျောင်းမှ အတန်းဖော်များကို အမြန်အိပ်ပျော်စေရန် ကူညီပေးခဲ့ကာ စစ်ဆေးမှုမတိုင်မီ စိုးရိမ်ပူပန်မှုနှင့် အိပ်မပျော်ခြင်းများကို ဖြေရှင်းပေးခဲ့သည်။ စေတနာတန်ဖိုး +၃၀]
ဂူချန်က မနားဘဲ နောက်ထပ် အော်ဟစ်သံတစ်ခုဆီသို့ ရောက်သွားပြန်သည်။ အသက်ရှူ အနည်းငယ်အကြာတွင် ဂူချန်သည် တစ်ယောက်ခန်း အဆောက်အအုံ၏ အောက်ခြေသို့ ပြန်ရောက်လာသည်။
သူသည် ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို မည်သည့်ခံစားချက်မှ မရှိဘဲ ကြည့်နေလေသည်။ ပြိုကျနေသော နံရံများနှင့် အပျက်အစီးများမှာ ကမ္ဘာပျက်ကပ်တစ်ခု ဆိုက်ရောက်ခဲ့သည့်အလား နေရာအနှံ့ ပျံ့ကျဲနေသည်။
မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲလျောင်းနေသော လူရာပေါင်းများစွာမှာ အရပ်မျက်နှာအနှံ့ ရှိနေကြပြီး အချို့မှာ မြေကြီးအောက်တွင် နစ်နေကာ အချို့မှာ အပျက်အစီးများအောက်တွင် ရောက်နေကြသည်။ သူတို့ အားလုံး၏ တူညီသောအချက်မှာ အလွန်အေးချမ်းစွာ အိပ်ပျော်နေကြခြင်းပင်။
ထိုကဲ့သို့ သွေးပျက်စရာ ကောင်းလှသော မြင်ကွင်းကို ကြည့်ရင်း ဂူချန်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်သွားကာ အေးစက်လှသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ အဆောက်အအုံထဲသို့ တည့်တည့် လျှောက်လှမ်းသွားတော့သည်။
လီကျီရန် တစ်ယောက်သာလျှင် အသံချဲ့စက်ကို ကိုင်ကာ အပြင်ဘက်တွင် မောက်မာစွာ အော်ဟစ်နေတော့သည်။
"စောင့်ကြည့်ရေးကောင်စီကလူတွေ ဘယ်မှာလဲ၊ လာပြီး အမှိုက်သိမ်းကြစမ်း.."
***