အသံချဲ့စက်မှတစ်ဆင့် ဟိန်းထွက်လာသော ထိုမောက်မာလှသည့် အသံက တစ်ယောက်ခန်း အဆောက်အအုံသို့ ပြေးလာကြသော စောင့်ကြည့်ရေးကောင်စီဝင်များ၏ နားထဲသို့ စူးစူးရှရှ တိုးဝင်သွားသည်။ အဖွဲ့ဝင်များမှာ ထိုစကားကို ကြားသည်နှင့် မျက်နှာပျက်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင် ကြည့်လိုက်မိကြ၏။
'အမှိုက်... အမှိုက်သိမ်းခိုင်းတာလား..'
သူတို့သည် အခြေအနေအရပ်ရပ်ကို ရှင်းလင်းရန် ရောက်လာခြင်း ဖြစ်သော်လည်း ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ပြင် ပြဿနာရှာသူမှာ ချင်းဟယ် ဂူမိသားစု၏ တစ်ဦးတည်းသောသား ဖြစ်နေသည့်အပြင် လူသေဆုံးမှုလည်း မရှိသဖြင့် သူ့ကို ဖမ်းဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ထိုအမိန့်ပေးသံမှာ သူတို့ကို လက်အောက်ငယ်သားများကဲ့သို့ သဘောထားနေသဖြင့် နားထဲတွင် အတော်လေး ခါးသီးနေသည်။
"ဒီကောင် တော်တော်လေး မောက်မာတာပဲ..တစ်ချက်လောက်တော့ ရိုက်ပစ်မှ.."
"၁၈ နှစ်နဲ့ တတိယအဆင့် စစ်မှန်သောသိုင်းအဆင့်ကို ရောက်သွားတဲ့ ပါရမီရှင်ဆိုတော့လည်း မောက်မာနေတာပေါ့နှိမ့်ချမှုဆိုတာ သိပုံမရတော့ဘူး.."
"နေပါဦး... သစ်ပင်က မြင့်လေ လေတိုက်ခံရလေပဲ.. ဒီကောင် ဘယ်လောက်အထိ ကြမ်းနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့.."
အဖွဲ့ဝင်များမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း ခြေလှမ်းကိုတော့ မရပ်တန့်ကြပေ။ သူတို့ အဝေးမှ လှမ်းကြည့်နေခြင်း ဖြစ်သဖြင့် အသံချဲ့စက်နှင့် အော်နေသူမှာ ဂူချန်ပင် ဖြစ်လိမ့်မည်ဟု သတ်မှတ်လိုက်ကြသည်။ အမှန်စင်စစ် ဤသည်မှာ ဂူချန် ခိုင်းစေချက်အရ လီကျီရန် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
"ကဲ တော်ကြတော့.."
အဖွဲ့ခေါင်းဆောင်လီက သူ့အဖွဲ့သားများကို ဖျောင်းဖျလိုက်သည်။
"မင်းတို့က အသက် ၄၀၊ ၅၀ တွေ ရှိနေပြီ၊ ကလေးတစ်ယောက်နဲ့ ဖက်ပြိုင်မနေကြပါနဲ့။ လူငယ်ဆိုတာ ဒီလိုပဲ၊ တက္ကသိုလ်ရောက်သွားရင်တော့ နှိမ့်ချတတ်လာမှာပါ။ အခု လောလောဆယ် လူနာတွေကို အမြန်ကယ်ဖို့ပဲ အာရုံစိုက်ကြစမ်း၊ သွေးလွန်ပြီး တစ်ယောက်ယောက် သေသွားရင် ငါတို့ပါ အလုပ်ပြုတ်ကုန်မယ်.."
အဖွဲ့ဝင်များမှာ မကျေနပ်မှုကို မျိုသိပ်ကာ အပျက်အစီးများကြားမှ ဒဏ်ရာရကျောင်းသားများကို စတင် ကယ်ထုတ်ကြတော့သည်။
ထိုအချိန်မှာပင် လင်းထျန်းမြို့မှ ကျောင်းကားတန်းကြီးသည် လူနေရပ်ကွက်သို့ ဆိုက်ရောက်လာသည်။ သူတို့သည် အဝေးဆုံးမှ လာရသူများ ဖြစ်သဖြင့် ကျန်းနန်ပြည်နယ်ရှိ ကျောင်းများအားလုံးတွင် နောက်ဆုံးမှ ရောက်လာခြင်း ဖြစ်သည်။
ကားတံခါး ပွင့်သွားသည်နှင့် ခမ်းနားထည်ဝါသော သိုင်းဝတ်စုံများကို ဝတ်ဆင်ထားသည့် လူငယ်တစ်စု ဆင်းလာကြ၏။ ထိုအုပ်စု၏ ရှေ့ဆုံးတွင်မူ မိန်းကလေးတစ်ဦးကဲ့သို့ နုနယ်ချောမောသော မျက်နှာပိုင်ရှင် လူငယ်လေးတစ်ဦး ရှိနေသည်။ သူကတော့ အခြားသူမဟုတ်၊ အိုးရန်ပုကျန့် ပင် ဖြစ်သည်။
"နည်းနည်း နောက်ကျသွားတယ်..."
အိုးရန်ပုကျန့်သည် အိတ်ကပ်ထဲမှ မှန်အသေးလေးကို ထုတ်ကာ သူ၏ မိတ်ကပ်ကို ပြန်ပြင်လိုက်ပြီးနောက် တစ်ယောက်ခန်း အဆောက်အအုံဘက်သို့ ဦးတည်လိုက်သည်။ အခန်းများ ကုန်နေလောက်ပြီဖြစ်သော်လည်း သူကတော့ ဂရုမစိုက်။ အင်အားကြီးသူသာလျှင် အကောင်းဆုံးအရာများကို ပိုင်ဆိုင်ရမည် မဟုတ်ပါလော။ အခန်မရှိလျှင်လည်း လုယူလိုက်ရုံသာ ရှိသည်။ အားနည်းသူများမှာ အနိုင်ကျင့် ခံရရန်သာ ထိုက်တန်ပေသည် ။
သို့သော်လည်း သူ ရှေ့သို့ ဆက်သွားရန် ကြိုးစားလိုက်ချိန်တွင် သူတို့အုပ်စုမှာ ရပ်တန့်သွားရသည်။ ရှေ့ရှိ လမ်းမှာ အပိုင်းပိုင်းအစစ ကွဲအက်နေပြီး ဗုံးဒဏ်သင့်ထားသည့်အလား ကျင်းကြီးများဖြင့် ပြည့်နှက်နေသောကြောင့် ပင်။
"အစ်ကို အိုးရန်... ဟိုးရှေ့မှာ ကြည့်ဦး၊ စောင့်ကြည့်ရေးကောင်စီက လူတွေ အများကြီးပဲ.."
မိန်းကလေးတစ်ဦးက ကျောက်တုံးကြီးပေါ် တက်ကြည့်ရင်း ပြောလိုက်သည်။
အိုးရန်ပုကျန့် လှမ်းကြည့်လိုက်သည့်အခါ မြေကြီးအောက်မှ လူများကို ဆွဲထုတ်ကာ လူနာတင်စင်များဖြင့် သယ်ယူနေသည်ကို မြင်လိုက်ရပေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ၊ ငလျင်လှုပ်တာလား။ မြေကြီးတွေက လေယာဥ်နဲ့ ဗုံးအကျဲခံထားရသလိုပဲ"
"ဟေ့လူတွေ... ဟိုမှာ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ.."
ကျောင်းသားများမှာ အံ့အားသင့်နေကြသည်။ စစ်ဆေးမှုပင် မစရသေးမီ ဤမျှအထိ ဒဏ်ရာရသူ များပြားနေခြင်းမှာ မယုံနိုင်စရာပင်။
"တစ်ယောက်ခန်း အဆောက်အအုံမှာ တစ်ခုခု ဖြစ်နေတာလား မသိဘူး၊ မီးတောင် ထွန်းမထားဘူး.."
တစ်ဦးက သတိထားမိပြီး ပြောလိုက်၏ ။ နှစ်ယောက်ခန်းနှင့် လေးယောက်ခန်း အဆောက်အအုံများတွင် မီးများ လင်းထိန်နေသော်လည်း တစ်ယောက်ခန်း အဆောက်အအုံမှာမူ မှောင်မည်းနေကာ အလွန် ထူးဆန်းနေသည်။
"မြေပြိုလို့ ကျောင်းသားတွေ မြေအောက်ထဲ နစ်သွားတာ ဖြစ်မှာပါ.."
အိုးရန်ပုကျန့်က နှာခေါင်းရှုံ့လိုက်ပြီး...
"ဒီလောက် မြေပြိုတာလေးကိုတောင် မရှောင်နိုင်ဘဲ နစ်သွားကြတယ်ဆိုတော့ အမှိုက်တွေပဲ ဖြစ်မှာပေါ့.."
ထို့နောက် သူသည် ထိုသူများ၏ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ နှစ်ယောက်ခန်း အဆောက်အအုံအတွင်းသို့ ဝင်သွားတော့သည်။ ထိုနေရာရှိ ဧည့်ခန်းထဲသို့ ရောက်သည့်အခါ ကျောင်းသားအချို့၏ စကားသံကို ကြားလိုက်ရသည်။
"အဲဒီလူက တကယ်ကို ကြောက်စရာကောင်းတာ၊ ဒီနှစ် ကျန်းနန်ပြည်နယ်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ ရှိမယ်မထင်ဘူး.."
"ငါသာ အမြန်မပြေးရင် အခုလောက်ဆို မြေအောက်ထဲ ရောက်နေလောက်ပြီ.."
"အဲဒီလူက ချင်းဟယ် ဂူမိသားစုက ဂူချန် ဆိုတာ ဟုတ်လား.."
"ဟုတ်တယ်လေ၊ သူ့ကို ပျော်ပါးရုံပဲ သိတဲ့ အသုံးမကျတဲ့သူလို့ ထင်ထားတာ၊ တကယ့် ပါရမီရှင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ.."
အိုးရန်ပုကျန့်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက ထိုကျောင်းသားများထံသို့ လှည့်ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"မင်းတို့ ပြောနေတာ... ဂူချန် အကြောင်းလား.."
"သူက အဲဒီလောက်အထိ သန်မာလို့လား.."
စကားပြောနေသော ကျောင်းသားမှာ လှည့်ကြည့်လိုက်သည့်အခါ ချောမောလှပသော မျက်နှာကို မြင်လိုက်ရသဖြင့် ခဏမျှ ကြောင်သွားပြီးနောက် ပြန်လည် ရှင်းပြလိုက်သည်။
"မင်း မသိသေးဘူးထင်တယ်၊ ဂူချန်က တကယ့် နတ်ဆိုးပဲ..ရှမ်းဟိုင် အမှတ် (၂) က အဖွဲ့ခေါင်းဆောင်တောင် သူ့လက်ထဲမှာ တစ်ချက်ပဲ ခံနိုင်တယ်.."
"ရှမ်းဟိုင် အမှတ် (၂) က အဖွဲ့ခေါင်းဆောင်လား.. အဲဒီ ဒုတိယအဆင့် ၇က အမှိုက်ကို ပြောတာလား.."
အိုရန်ပုကျန့်က နားမလည်နိုင်စွာ မေးလိုက်သည်။
"သူက အရမ်းအားနည်းတာပဲလေ..တစ်ချက်တည်းနဲ့ ရှုံးသွားတာ ဘာဆန်းလို့လဲ.."
ဂူချန်သည် ဒုတိယအဆင့် ထိပ်ဆုံးတွင် ရှိနေသည်ဟု သူ ကြားဖူး ထားသဖြင့် ဒုတိယအဆင့် ၇လောက်ကို အနိုင်ယူခြင်းမှာ ဘာမှ ထူးဆန်းသည့်အရာ မဟုတ်ပေ။ ဤနေရာရှိ လူများမှာ ဤမျှအထိ အားနည်းနေကြသဖြင့် ကျန်းနန်ပြည်နယ်တွင် ပါရမီရှင် ရှားပါးနေပြီလားဟုပင် သူ တွေးမိကာ သက်ပြင်းချလိုက်သည်။
"အဲ... ဒါဆို မင်းက ဘယ်အဆင့်မို့လို့လဲ.."
ထိုကျောင်းသားက မျက်နှာမသာမယာဖြင့် ပြန်မေးလိုက်သည်။
"ဟဟ.."
အိုးရန်ပုကျန့်က ခေါင်းခါရင်း လှည့်ထွက်သွားပြီးနောက် မောက်မာလှသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့လေသည်။
"မနက်ဖြန်ကျရင် အဲဒီဂူချန်ကို ငါကိုယ်တိုင် အမှောက်သိပ်ပြမယ်.. အဲဒီအခါကျရင် ငါ့အဆင့်က ဘယ်လောက်လဲဆိုတာ မင်း သိသွားလိမ့်မယ်.."
လင်းထျန်း အမှတ် (၁) မှ ကျောင်းသားများ ထွက်ခွာသွားချိန်တွင် ထိုကျောင်းသားနှစ်ဦးမှာတော့ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။
***