တစ်ယောက်ခန်း အဆောက်အအုံ၊ အခန်း (၁၁၁)။
ဂူချန်သည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း စိတ်ထဲမှ စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်။
[လက်ရှိအဆင့် - စစ်မှန်သောသိုင်းအဆင့် (တတိယအဆင့်) ထိပ်ဆုံး]
[လက်ရှိ သိုင်းပါရမီ - ခရမ်းရောင် နတ်ဆိုးမျက်လုံး (S အဆင့်)၊ သတ်ဖြတ်ခြင်းလက်ဖဝါး (SS အဆင့်)]
[လက်ရှိ သိုင်းပညာများ - နေမင်းစကြာယန်ကျင့်စဉ် (အဆင့်၅ ပြီးပြည့်စုံခြင်း)၊ ကြိုးကြာပျံခြေလှမ်း (ပြီးပြည့်စုံခြင်း)၊ ကြေကွဲဝိညာဉ်လက်ဝါး (ပြီးပြည့်စုံခြင်း)၊ ကောင်းကင်ဓားရှစ်ကွက် (ပြီးပြည့်စုံခြင်း)...]
[ကံမ္မအဆင့် - အဆင့်နိမ့်..အလယ်အလတ်အဆင့်]
[စေတနာတန်ဖိုး - ၆၇၅၈]
ဤသည်က သူစုဆောင်းဖူးသမျှ အများဆုံးရှိဖူးသည့် ပမာဏပင်။
တစ်ညတည်းဖြင့် ရရှိလိုက်သော စေတနာတန်ဖိုးမှာ အရင်က စုဆောင်းခဲ့သမျှထက်ပင် သာလွန်နေလေ၏။ ဂူချန်၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး စိတ်ထဲတွင်လည်း ခံစားချက်များစွာ ပေါ်လာသည်။
' ပထမဆုံးအနေနဲ့ ငါ့ကို ကျွေးမွေးပြုစုခဲ့တဲ့ မိဘတွေ၊ ပညာသင်ပေးခဲ့တဲ့ ဆရာတွေနဲ့ ဒီအခွင့်အရေးကို ပေးတဲ့ ကျောင်းကို ကျေးဇူးတင်ချင်ပါတယ်..'
' ပြီးတော့ ငါ့သူငယ်ချင်းတွေ၊ ငါ့နောက်လိုက်တွေနဲ့ အထူးသဖြင့် ငါ့ဆီကို ခေါင်းထိုးပေးပြီး အခုလို စေတနာတန်ဖိုးတွေ ရအောင် ကူညီပေးခဲ့တဲ့ တခြားကျောင်းက ကျောင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်..'
' တကယ်ကို ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတက်ပါတယ်..မင်းတို့သာ မရှိရင် ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီအဆင့်ကို ရောက်လာမှာ မဟုတ်ဘူး..'
"ဟူးးးးး.."
ဂူချန်သည် သက်ပြင်းတစ်ချက်ကို အားပါပါချလိုက်ပြီး သိုင်းပါရမီကော်လံကို စိုက်ကြည့်လိုက်သည်။ သူ အကြာကြီး စောင့်မျှော်ခဲ့ရသော ပါရမီမြှင့်တင်မှုက ယခုတော့ ရောက်လာလေပြီ ။
' SSS အဆင့် ပါရမီတဲ့ ..ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မြင်ရတော့မှာပေါ့.. '
"စနစ်... အမှတ်ပေါင်းထည့်မယ်"
ဂူချန်၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းတန်းများသည် ကြယ်တာရာများအလား တောက်ပလာပြီး စိတ်ထဲမှ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ စေတနာတန်ဖိုးများမှာ အရှိန်အဟုန်ဖြင့် လျော့နည်းသွားပြီး သိုင်းပါရမီကော်လံမှာလည်း စူးရှသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
[ဒင်..]
[စေတနာတန်ဖိုးများကို အရှိန်အဟုန်ဖြင့် သုံးစွဲနေသည်။ S အဆင့် သိုင်းပါရမီ ခရမ်းရောင် နတ်ဆိုးမျက်လုံး ကို အဆင့်မြှင့်တင်နေသည်..]
[ဂမ္မာရောင်ခြည်နှင့် ဆင်တူသော ထူးဆန်းသည့် စွမ်းအင်များအောက်တွင် သင်၏ မျက်အိမ်ထဲ၌ အသွင်သစ်များ ထွက်ပေါ်လာပြီး စက်ဆုပ်ဖွယ် နတ်ဘုရားတစ်ပါးကဲ့သို့ ထူးဆန်းသော ပုံစံများ ဖြစ်ပေါ်လာသည်။ မျက်စိအတွင်းလွှာ၌ မပွင့်သေးသော ခရမ်းရောင်ပန်းတစ်ပွင့် ပွင့်လန်းလာသည်။]
[ထူးဆန်းသည်မှာ မွေးကတည်းက ပိုင်ဆိုင်ခဲ့သော ဤနတ်ဆိုးမျက်လုံးမှာ အရင်က အလွန်လိမ္မာခဲ့သော်လည်း အခုတော့ ပုန်ကန်လိုသော စိတ်များ ဝင်လာပြီး ကိုယ်ပိုင်အတွေးအခေါ်များ ရှိလာပုံရသည်။]
[နယူတန်၏ ဒုတိယနိယာမနှင့် အထူးနှိုင်းရသီအိုရီအရ ၎င်းသည် မူလကန့်သတ်ချက်များကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာအဆင့်တွင် စူပါဆင့်ကဲဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။]
[သတိပေးချက် - စေတနာတန်ဖိုး ၁,၀၀၀ သုံးစွဲပြီးပြီ]
[ခရမ်းရောင် နတ်ဆိုးမျက်လုံးသည် ၎င်း၏ အနှစ်သာရကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ သို့သော် ၎င်းက ကျေနပ်ခြင်းမရှိဘဲ ငါ့ကံကြမ္မာသည် ငါ့လက်ထဲတွင်သာ ရှိသည် ဟု ယုံကြည်ကာ ဆက်လက် ဆင့်ကဲပြောင်းလဲနေသည်။]
[နောင်နှစ်ပေါင်းများစွာအကြာတွင် Entropy တိုးပွားခြင်းနိယာမအရ ၎င်းသည် မိမိ၏ အနှစ်သာရအတွင်းရှိ ပရမ်းပတာဖြစ်မှုကို စစ်ဆေးတွေ့ရှိပြီး မသန့်စင်မှုများကို ထပ်မံ ဖယ်ရှားလိုက်သည်။]
[နောက်ဆုံးတွင် ဒြပ်ဆွဲငင်အားနိယာမအရ အသုံးမဝင်သော အရာအားလုံးကို အသုံးဝင်သော အရာများအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ နတ်ဆိုးမျက်လုံး၏ အရောင်မှာ ပို၍ နက်မှောင်လာပြီး သေခြင်းတရား အငွေ့အသက်များ ထွက်ပေါ်လာသည်။]
[သတိပေးချက် - စေတနာတန်ဖိုး ၁,၆၈၀ ထပ်မံ သုံးစွဲပြီးပြီ]
[ရုပ်ဒြပ်များ ပြန်လည်ပေါင်းစည်းသွားပြီး နတ်ဆိုးအငွေ့အသက်မှာ သေခြင်းတရား အငွေ့အသက်အဖြစ် ပြောင်းလဲသွားသည်။]
[ဂုဏ်ယူပါသည် အိမ်ရှင်။ သင်၏ S အဆင့် ခရမ်းရောင် နတ်ဆိုးမျက်လုံး သည် SS အဆင့် သေခြင်းတရားကို မြင်နိုင်သော နတ်မျက်စိအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ။]
"ဆက်ပြီး အဆင့်မြှင့်မယ်.."
ဂူချန်၏ အတွေးတစ်ချက်နှင့်အတူ စေတနာတန်ဖိုးများမှာ ထပ်မံ၍ ထိုးဆင်းသွားပြန်သည်။
[သေခြင်းတရားကို မြင်နိုင်သော နတ်မျက်စိကို ဆန်းကြယ်သော အင်အားတစ်ခုက ထိတွေ့သွားသည်။ သေခြင်းတရား အငွေ့အသက်မှာ လေးလံထည်ဝါသော အရှိန်အဝါအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုအဖြစ်သို့ စတင်ပြောင်းလဲလာသည်။]
[သင်၏ မျက်လုံးများမှာ ပို၍ ဆွဲဆောင်မှုရှိပြီး နတ်ဆိုးဆန်လာသည်။ မျက်လုံးအိမ်ထဲတွင် ဒုတိယမြောက် မျက်အိမ်တစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။]
[သတိပေးချက် - စေတနာတန်ဖိုး ၃,၂၅၀ သုံးစွဲပြီးပြီ]
[ဒုတိယမျက်အိမ် တဖြည်းဖြည်း ပေါ်လာသည်နှင့်အမျှ သင်၏ မျက်လုံးထဲတွင် နွေးထွေးမှုကို ခံစားရသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးမှာ သင်၏ အမြင်အာရုံထဲတွင် ပုံရိပ်ထင်ဟပ်လာသည်။]
[အလွန်ကြာမြင့်စွာ ကြာပြီးနောက် ဒုတိယမျက်အိမ်မှာ အပြည့်အဝ ပေါ်ထွက်လာပြီး ပထမမျက်အိမ်နှင့်အတူ ယှဉ်တွဲတည်ရှိနေသည်။ ခရမ်းရောင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာသည်။]
[သတိပေးချက် - စေတနာတန်ဖိုး ၄,၆၀၀ ထပ်မံ သုံးစွဲပြီးပြီ]
[ဂုဏ်ယူပါသည် အိမ်ရှင်။ သင်၏ SS အဆင့် သေခြင်းတရားကို မြင်နိုင်သော နတ်မျက်စိ မှာ ထပ်မံ၍ ဆင့်ကဲပြောက်းလဲသွားပြီး SSS အဆင့် သိုင်းပါရမီ မျက်အိမ်နှစ်ထပ်အဖြစ်သို့ အောင်မြင်စွာ စူပါဆင့်ကဲပြောင်းလဲသွားပါပြီ။]
[မျက်အိမ်နှစ်ထပ် - ရန်သူ၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်ပြီး လှည့်စားမှုများကို ဖျက်ဆီးနိုင်သည်။ အစွမ်းထက်သော သင်ယူနိုင်စွမ်းကို ပေးစွမ်းပြီး မိမိ၏ အခြေအနေကို ပြန်လည်ကောင်းမွန်စေရန် အသက်စွမ်းအားများကို ထုတ်လွှတ်နိုင်သည်။ ထို့ပြင် နတ်ဘုရားဝတ်စုံကို ဖန်တီးနိုင်ပြိး နတ်ဘုရားအလင်းတန်းများကို ပစ်လွှတ်နိုင်သည်။]
[ပါရမီသစ်၏ ထူးခြားစွမ်းအင် - စိတ်ဝိညာဉ်အကာအကွယ်]
[စိတ်ဝိညာဉ်အကာအကွယ် - စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းပေးပြီး လှည့်စားမှု အားလုံးကို တွန်းလှန်နိုင်သည်။]
[သုံးသပ်ချက် - အမြင့်မြတ်ဆုံးအရိုးနှင့် ယှဉ်နိုင်သော ပြိုက်ဘက်ကင်း သိုင်းပါရမီဖြစ်သည်။ ]
[ကျန်ရှိ စေတနာတန်ဖိုး - ၁၉၉၇]
[စူပါဆင့်ကဲဖြစ်စဉ် ပြီးဆုံးပါပြီ။ အိမ်ရှင်အနေဖြင့် ရလဒ်ကို စစ်ဆေးနိုင်ပါသည်။]
ဂျိန်း.....
သိုင်းပါရမီ အဆင့်မြှင့်တင်မှု ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် လူနေရပ်ကွက်ရှိ အဆောက်အအုံ သုံးလုံးနှင့် မိုင်တစ်ရာအတွင်းရှိ မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ဂူချန်ကို ဗဟိုပြု၍ ပြင်းထန်သော တုန်ခါလှိုင်းကြီးမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများအလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မိုင်ပေါင်းများစွာအတွင်းရှိ မြေပြင်ကို တုန်ခါသွားစေသည်။ မြေပြင်မှာ အဆက်မပြတ် တုန်ခါနေပြီး သစ်ပင်များ ယိမ်းထိုးကာ ကျောက်တုံးကြီးများ လိမ့်ဆင်းကုန်သည်။ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာသည့်အလားပင်။
အိပ်ပျော်နေသူဖြစ်စေ၊ နိုးနေသူဖြစ်စေ ကျောင်းသားအားလုံးမှာ ထိုပြင်းထန်သော အားလှိုင်းကြောင့် လန့်နိုးကုန်ကြသည်။ ဆေးရုံတွင် ဆေးသွင်းထားသော ဒဏ်ရာရကျောင်းသားများပင် လန့်နိုးသွားကြသည်။
"ဘာဖြစ်တာလဲ၊ ငလျင်လှုပ်တာလား.."
" ဒုက္ခပဲ၊ ကမ္ဘာပျက်တော့မှာလား.."
"ဘယ်စီနီယာက ဒီမှာ အဆင့်တက်နေတာလဲ.."
"... ငါ ပြီးတော့မှာကို၊ လန့်သွားတာပဲ.."
လှုပ်ရှားနိုင်သူတိုင်းမှာ အပြင်သို့ ပြေးထွက်လာကြပြီး စွမ်းအင်များ ထွက်ပေါ်လာရာ ဗဟိုချက်ကို စိုက်ကြည့်လိုက်ကြသည်။
ဗုန်း...
ရုတ်တရက်ပင်၊ ရင်တုန်စရာကောင်းလှသော အရှိန်အဝါများ ပါဝင်နေသည့် ဧရာမ အနက်ရောင် အလင်းတန်းကြီးမှာ တစ်ယောက်ခန်း အဆောက်အအုံဆီမှ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ တစ်ခဏချင်းမှာပင် တည်ငြိမ်နေသော ကောင်းကင်ကြီးမှာ ဧရာမ လက်ဖဝါးကြီးတစ်ခုနှင့် မွှေနှောက်ခံလိုက်ရသည့်အလား ပရမ်းပတာ ဖြစ်သွားသည်။
မှင်ကဲ့သို့ မည်းနက်သော တိမ်တိုက်များမှာ ဆန်းကြယ်သော အင်အားတစ်ခု၏ ခေါ်ယူမှုကြောင့် အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ စုစည်းလာကြသည်။ ခဏချင်းမှာပင် တိမ်တိုက်များမှာ အဆပေါင်း သန်းချီ၍ ကြီးထွားလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော အနက်ရောင် ကန့်လန့်ကာကြီး ဖြစ်သွားတော့သည်။ ကောင်းကင်ကြီးမှာ ကြည်လင်တောက်ပမှုများ ပျောက်ကွယ်သွားပြီး အေးစက်စက်နှင့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။
ဝူတန်မြို့ရှိ လူသားများနှင့် သားရဲတိရစ္ဆာန်အားလုံး၏ မျက်စိရှေ့၌ပင် ကောင်းကင်ယံရှိ အနက်ရောင် တိမ်တိုက်များမှာ ဝဲဂယက်တစ်ခုအလား လည်ပတ်သွားပြီးနောက် ဧရာမ မျက်အိမ်နှစ်ထပ် ကြီးတစ်ခု ပေါ်ထွက်လာကာ သတ္တဝါအားလုံးကို နတ်ဘုရားတစ်ပါးကဲ့သို့ ငုံ့ကြည့်နေတော့သည်။
တစ်ခဏချင်းမှာပင် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မည်းသွားပြီး အရာအားလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွား၏ ။
တစ်ချိန်တည်းမှာပင်၊ တောင်ပိုင်းမဟာမိတ်အဖွဲ့ ဌာနချုပ်၌..
ဖန်သားနန်းတော်နှင့် တူသော နေရာတစ်ခုအတွင်းတွင် သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းနေသော အဘိုးအိုတစ်ဦးမှာ ကြမ်းပြင်ပေါ်တွင် ဟောက်သံပေးကာ အိပ်ပျော်နေသည်။ ထိုနန်းတော်၏ အလယ်တွင်မူ အပြစ်အနာအဆာကင်းသော ဖန်လုံးကြီးတစ်လုံး လေထဲတွင် ဝဲနေသည်။
တူ..တူ..တူ..တူ..
ရုတ်တရက်ပင် ထိုဖန်လုံးကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး အတွင်း၌ မြူခိုးများ ထွက်ပေါ်လာသည်။ နန်းတော်တစ်ခုလုံးရှိ အပြာရောင်နှင့် အဖြူရောင် ဖန်သားများမှာလည်း အရောင်များ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ဘာဖြစ်တာလဲဟ.."
အဘိုးအိုမှာ လန့်နိုးသွားပြီး နန်းတော်အတွင်းရှိ ပြောင်းလဲမှုများကို မြင်သောအခါ မျက်နှာပျက်သွားသည်။ သူသည် ချက်ချင်းပင် ဖန်လုံးကြီးရှေ့သို့ ရောက်သွားပြီး ခေတ္တမျှ စစ်ဆေးပြီးနောက် နန်းတော်အပြင်သို့ ရူးမတတ် ပြေးထွက်သွားတော့သည်။
သူသည် ပြေးရင်းလွှားရင်းနှင့်ပင် အော်ဟစ်လိုက်၏။
"SSS အဆင့် သိုင်းပါရမီ.."
"ငါတို့ တောင်ပိုင်းမဟာမိတ်အဖွဲ့မှာ ဒီနှစ် နောက်ထပ် SSS အဆင့် ပါရမီရှင်တစ်ယောက် ပေါ်လာပြန်ပြီ.."
***