"ဟူး..."
အခန်းထဲတွင် ဂူချန်သည် အညစ်အကြေးအငွေ့အသက်များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီးနောက် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အနုစိတ်လွန်းလှသော ထိုနတ်ဆိုးမျက်လုံးများထဲမှ မြင့်မြတ်စူးရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။ တစ်ချက်မျှ ဝေ့ကြည့်လိုက်ရုံနှင့် ပတ်ဝန်းကျင်ရှိ သိမ်မွေ့သော ပြောင်းလဲမှုများနှင့် စွမ်းအင်စီးဆင်းမှုအားလုံးကို သူ မြင်တွေ့နေရပြီး စိတ်ထဲတွင်လည်း ကြည်လင်လန်းဆန်းသော ခံစားချက်တစ်ခု ရရှိလိုက်သည်။
ဤမျက်အိမ်နှစ်ထပ် ၏ အစွမ်းကို မည်သူ့အပေါ်တွင်မှ စမ်းသပ်ခြင်း မပြုရသေးသော်လည်း သူ၏ အရည်အချင်းများ ဘက်စုံတိုးတက်လာသည်ကို သိသိသာသာ ခံစားနေရသည်။ ခရမ်းရောင်နတ်ဆိုးမျက်လုံး၏ မူလစွမ်းရည်များကို အမွေဆက်ခံသည့်အပြင် ထိုစွမ်းရည်များ၏ အာနိသင်မှာလည်း အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။
လှည့်စားမှုများကို ဖောက်ထွင်းမြင်ခြင်း၊ မိမိကိုယ်ကိုယ် ပြန်လည်ကုသခြင်း၊ မျက်လုံးမှ နတ်ဘုရားအလင်းတန်းများ ပစ်လွှတ်ခြင်း၊ နတ်ဘုရားဝတ်စုံ ဖန်တီးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခြင်း စသည့် စွမ်းရည်သစ်တိုင်းမှာ အလွန်ပင် လက်တွေ့ကျပြီး အသုံးဝင်လှသည်။
' အမြင့်ဆုံးအဆင့်ပဲ... တကယ့်ကို အမြင့်ဆုံးအဆင့်အထိ ရောက်သွားတာပဲ..'
ဂူချန်သည် မျက်လုံးများကို အသာအယာ ပြန်မှိတ်လိုက်ရာ စူးရှသော အလင်းတန်းများ ပြန်လည် ပျောက်ကွယ်သွားသော်လည်း မျက်အိမ်နှစ်ထပ်ကြောင့် ရရှိလာသော အရှိန်အဝါကြီးမှာမူ အချိန်အတော်ကြာအောင် တည်ရှိနေဆဲပင်။
"နှမြောစရာပဲ... အခုထိ သင့်တော်တဲ့ ခန္ဓာကိုယ်ကျင့်စဉ် ရှာမရသေးဘူး။ မဟုတ်ရင် ဒီနေ့ စတုတ္ထအဆင့်ကို တက်လို့ရနေပြီ.."
ဂူချန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူသာ အခု အဆင့်တက်ချင်လျှင် စတုတ္ထအဆင့် ဗာဂျရာနယ်ပယ် သို့ အလွယ်တကူ ရောက်ရှိနိုင်သော်လည်း ၎င်းက သူ၏ နောင်အလားအလာကို ကန့်သတ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ရွှေလက်ချောင်း ရှိနေပါလျက် ပြီးပြည့်စုံသော အခြေခံအုတ်မြစ်ကို မတည်ဆောက်နိုင်လျှင် ဤစနစ် ရှိနေခြင်းက ဘာထူးတော့မည်နည်း။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ လက်ရှိ သိုင်းအဆင့်တူသူများထက် သာလွန်နေသော်လည်း ခန္ဓာကိုယ်ကို သီးသန့်လေ့ကျင့်ထားသူများနှင့် ယှဉ်လျှင် အားနည်းနေသေးသည်။
ဥပမာအားဖြင့် ဆိုရသော် သူ့အား ကာကွယ်ပေးနေသည့် မြင်းမျက်နှာဖုံးနှင့် လူဆိုပါလျှင် ခန္ဓာကိုယ်ကို အဆုံးစွန်ထိ လေ့ကျင့်ထားသဖြင့် အသက်ရှူလိုက်ရုံနှင့်ပင် သွေးချီများမှာ မီးဖိုကြီးတစ်ခုအလား ထွက်ပေါ်လာသည်။ မုရုံချင်းရွှယ်၏ ဆရာမနှင့် တိုက်ခိုက်စဉ်ကလည်း မည်သည့်သိုင်းပညာကိုမျှ မသုံးဘဲ ရုပ်ပိုင်းဆိုင်ရာ အားအင်သက်သက်ဖြင့်ပင် လေထုကို ဖောက်ထွင်းကာ တန်ပေါင်းရာချီသော အားကို ထုတ်လွှတ်နိုင်ခဲ့သည်။
ဂူမိသားစုတွင် ခန္ဓာကိုယ်ကျင့်စဥ်များရှိသော်လည်း ထိုကျင့်စဥ်များ၏ ဂုဏ်သတ္တိက နေမင်းစကြာယန်ကျင့်စဥ်နှင့် မကိုက်ညီ၍ ပေါင်းစည်းရန် ခက်ခဲနေသည် ။
သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ ပင်ပန်းဆင်းရဲမှုကို မခံနိုင်သူ ဖြစ်သဖြင့် သူ၏ ဖခင်ကလည်း ထိုသို့ကျင့်စဉ်မျိုးကို ပြင်ဆင်မပေးခဲ့ပေ။ သို့ရာတွင် သူသည် အိမ်တော်ထိန်း ကို ကျင့်စဉ်တစ်ခု ရှာပေးရန် ခိုင်းထားပြီး ဖြစ်ရာ မကြာမီ သတင်းကောင်း ကြားရလိမ့်မည်ဟု မျှော်လင့်နေသည်။
' သြော် ငါ လုဖန်ကို မေ့နေတာပဲ.. ဒီကောင့်ဆီက ဘာကျင့်စဥ်တွေ ထွက်လာလဲ မသိဘူး.. အိမ်ရောက်တာနဲ့ ပြန်သွားကြည့်မှ..'
ဂူချန်သည် ဖြည်းဖြည်းချင်း ထရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် တတိယအဆင့်တောင် မရောက်သေးသော ဤကလေးများကို နှိပ်စက်ရန်အတွက် လုံလောက်သည်ထက် ပိုနေသေး၏။
' ထူးဆန်းတဲ့သားရဲတွေကို သတ်တာကရော ကုသိုလ်အလုပ် ထဲမှာ ပါမလားမသိဘူး..'
' ထားလိုက်ပါတော့... ကိစ္စမရှိပါဘူး..အခြေအနေတွေက ဒီလိုဖြစ်နေပြီဆိုတော့ အရင်ဆုံး အိပ်လိုက်တာက အကောင်းဆုံးပဲ..'
နောက်တစ်နေ့..
မဟာနေမင်း၏ လင်းရောင်ခြည်များက သစ်ပင်များပေါ်သို့ ရွှေရောင်လွှမ်းမိုးထားကာ ရာသီဥတုမှာ အလွန်သာယာနေသည်။ တစ်ညတာ ကုန်ဆုံးသွားပြီးနောက် တစ်ယောက်ခန်း အဆောက်အအုံ ရှေ့ရှိ ပျက်စီးနေသော မြေပြင်မှာ ဘာမှမဖြစ်ခဲ့သည့်အလား မူလအတိုင်း ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။
ကျန်းမာရေးကောင်းမွန်သော ကျောင်းသားအားလုံးကို စုရုံးစေပြီးနောက် အထူးယာဉ်များဖြင့် ဝူတန်မြို့၏ အစွန်အဖျားသို့ ခေါ်ဆောင်လာကြသည်။ ကျောင်းသား စုစုပေါင်း သုံးထောင်ကျော်ရှိသည့်အနက် သုံးရာကျော်မှာ စစ်ဆေးမှုဖြေဆိုခွင့် ဆုံးရှုံးသွားခဲ့သော်လည်း ကျန်ရှိသော အရေအတွက်မှာ များပြားနေဆဲပင်။ ပုံစံတူစစ်ဆေးမှုကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သည်။
ဂူချန်သည် လက်နှစ်ဖက်ကိုဘောင်းဘီ အိတ်ကပ်ထဲ ထည့်ကာ ချင်းဟယ် အမှတ် (၁) ကျောင်းသားများကို ဦးဆောင်လျက် ရှေ့ဆုံးတွင် ရပ်နေသည်။ သူ၏ အေးစက်၍ မောက်မာနေသော အကြည့်များက အရာအားလုံးကို အထင်သေးသလို ဝေ့ကြည့်နေသည်။ သူ၏ ဘေးပတ်ပတ်လည် ၁၀ မီတာအတွင်းတွင် ချင်းဟယ် အမှတ် (၁) ကျောင်းသားများမှလွဲ၍ မည်သူမျှ မကပ်ရဲကြပေ။
ဤကဲ့သို့ မောက်မာပြီး စည်းကမ်းမရှိသော အမူအရာကြောင့် အခြားသူများက မကြာခဏ လှမ်းကြည့်နေကြသော်လည်း ဂူချန်နှင့် မျက်လုံးချင်းဆုံမည်ကို ကြောက်သဖြင့် ချက်ချင်းပင် မျက်နှာလွှဲသွားကြသည်။ တစ်ညတည်းဖြင့် ဂူချန်၏ ဂုဏ်သတင်းမှာ ကျောင်းသားအားလုံး၏ နားထဲသို့ ပျံ့နှံ့သွားလေပြီ။
မကြာမီမှာပင် ထွားကြိုင်းသန်မာသော အမျိုးသားတစ်ဦးသည် လူအုပ်ကြီး၏ ရှေ့သို့ ထွက်လာကာ ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်နေသော အသံဖြင့် ပြောလိုက်သည်။
"အားလုံးပဲ နားထောင်ကြ.. ငါကတော့ ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌ ဆုန့်ကျန်း ဖြစ်တယ်.. ဒီနှစ် သိုင်းစစ်ဆေးမှု ပုံစံတူစစ်ဆေးခြင်းကို ကြီးကြပ်ဖို့ တာဝန်ယူထားတာ.."
"စစ်ဆေးမှု စည်းကမ်းတွေကတော့ အရင်အတိုင်းပါပဲ.. မင်းတို့ ဝူတန်မြို့ထဲမှာ ရှိတဲ့ ထူးဆန်းတဲ့သားရဲတွေကို သတ်ပြီး အမှတ်တွေ စုဆောင်းရမယ်.."
"ဝူတန်မြို့မှာ အပြင်ဇုန်၊ အတွင်းဇုန်နဲ့ အလယ်ဗဟိုဇုန်ဆိုပြီး နေရာသုံးခု ရှိတယ်.. အတွင်းထဲကို ရောက်လေ သားရဲတွေရဲ့ အဆင့်က မြင့်လေပဲ.. အလယ်ဗဟိုမှာတော့ တတိယအဆင့် သားရဲတွေ ရှိနေလိမ့်မယ်.."
"သားရဲအဆင့် မြင့်လေ အစွမ်းထက်လေဖြစ်ပြီး သတ်နိုင်ရင် အမှတ်တွေ ပိုရလိမ့်မယ်.. အမှတ်တွေကို မင်းတို့ရဲ့ လက်ပတ်တွေပေါ်မှာ အချိန်နဲ့ တပြေးညီ အဆင့်တွေအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ရမှတ်အလိုက် ဆုတွေ ပေးအပ်သွားမယ်.."
ဆုန့်ကျန်း၏ အကြည့်မှာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားသော လူငယ်ဆီသို့ ခဏမျှ ရောက်သွားပြီးနောက် အလေးအနက်ထားသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ဒီစစ်ဆေးမှုမှာ ကျောင်းသားအချင်းချင်း ယှဉ်ပြိုင်တာကို ခွင့်ပြုပေမဲ့ အတိုင်းအတာတစ်ခုအထိပဲ ဖြစ်ရမယ်.. အကယ်၍ တစ်ယောက်ယောက်က အတန်းဖော်ကို တမင်တကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်တာကို တွေ့ရင် စောင့်ကြည့်ရေးကောင်စီက စစ်ဆေးမှုကနေ တိုက်ရိုက် ထုတ်ပယ်ပစ်မယ်.."
အရင် စစ်ဆေးမှုများတွင် ယခုကဲ့သို့စည်းကမ်း မရှိခဲ့သော်လည်း စောင့်ကြည့်ရေးကောင်စီက ကြောက်လန့်သွားသဖြင့် အသစ်ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ စစ်ဆေးမှု မစရသေးမီ ဂူချန်က လူပေါင်းသုံးရာကျော်ကို ဆေးရုံပို့လိုက်၏။ အကယ်၍ ကန့်သတ်ချက်မရှိပါက ဤကျောင်းသား သုံးထောင်ထဲမှ အကောင်းပကတိအတိုင်း ပြန်ထွက်လာမည့်သူ ရှားပေလိမ့်မည်။ ဤကျောင်းသားများသည် ကျန်းနန်ပြည်နယ်၏ အဖိုးတန် မျိုးဆက်သစ်များ ဖြစ်သဖြင့် ဂူချန်၏ လက်ထဲတွင် အကုန်ပျက်စီးမခံနိုင်ပေ။
"ဟမ် .. ဘာလို့ အထူးတလည် သတိပေးနေတာလဲ"
ဂူချန်သည် ထိုစကားကို ကြားလျှင် မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွားသည်။ ဤသည်က မည်သို့နည်း ။ သူ့အား ပစ်မှတ်ထားလေသလော။
သူသည် စစ်ဆေးမှုထဲတွင် သောင်းကျန်းရန် စိတ်ကူးရှိသည်မှာ မှန်သော်လည်း ဤသည်ကကျောင်းသားများ၏ အမှားလည်း မကင်းပေ ။
"သူတို့က ဆေးရုံတက်ရရုံတင်ပါ၊ ငါဆို အရေပြားတောင် ပွန်းသွားသေးတယ်.."
ဂူချန်က စိတ်ထဲမှ ခပ်တည်တည်ပင် တွေးနေလိုက်သည်။ ထိုအချိန်တွင် ဆုန့်ကျန်းက ဆက်ပြောလိုက်၏။
"အားလုံးပဲ မင်းတို့ရဲ့ အကာအကွယ်လက်စွပ်တွေနဲ့ လက်ပတ်တွေကို သေချာဝတ်ထားကြ။ နောက် ၁၀ မိနစ်မှာ စစ်ဆေးမှု တရားဝင် စတင်မယ်.."
"မှတ်ထားဖို့က အကာအကွယ်လက်စွပ်ကို အသုံးပြုလိုက်တာနဲ့ မင်းတို့ရဲ့ စစ်ဆေးမှုက အဲဒီမှာတင် ပြီးဆုံးသွားပြီ။ သေချာ စဉ်းစားပြီးမှ သုံးကြ.."
သူ့အမိန့်နှင့်အတူ ဝူတန်မြို့၏ လျှပ်စစ်တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။ တံခါးဝမှာ မီတာတစ်ရာကျော် ကျယ်ဝန်းပြီး အတွင်းဘက်တွင် လမ်းသွယ်ပေါင်းများစွာ၊ တောအုပ်များနှင့် အဆောက်အအုံများမှာ ရှုပ်ထွေးလှသော ပုံစံဖြင့် တည်ရှိနေသည်။
ဂူချန်သည် ဝေငှပေးထားသော အကာအကွယ်လက်စွပ်ကို တစ်ချက်ကြည့်ကာ အထင်သေးစွာဖြင့် လွယ်အိတ်ထဲ ထည့်လိုက်သည်။ တတိယအဆင့် သားရဲ၏ တိုက်ခိုက်မှုကို မိနစ်အနည်းငယ် ကာကွယ်ပေးနိုင်ရုံမျှနှင့် သူ့အတွက် ဘာမှ အသုံးမဝင်ပေ။ သာမန် တတိယအဆင့် သိုင်းပညာရှင်တစ်ဦး၏ လက်သီးချက်မှာ ကီလိုဂရမ် သုံးသောင်းအထိ ရှိနိုင်ပြီး သူ၏ ခွန်အားသည် ကျော်လွန်နေသည်မှာ ကြာလှပြီဖြစ်သည်။ သူ၏ လက်သီးတစ်ချက်ဖြင့်ပင် ဤအကာအကွယ်ကို အပိုင်းပိုင်းအစစ ခွဲပစ်နိုင်၏။
အကယ်၍ ကျောင်းသားတစ်ယောက်ယောက်က ဤလက်စွပ်ကို အားကိုးပြီး သူ့ကို တားဆီးနိုင်မည်ဟု ထင်နေလျှင်တော့ တကယ့်ကို ရိုးအလွန်းရာ ရောက်ပေလိမ့်မည်။ ဆုန့်ကျန်း၏ သတိပေးချက်ကိုလည်း ဂူချန်က ဂရုမစိုက်။ စစ်ဆေးမှုမှ ရရှိမည့် ဆုလာဘ်များမှာ အခြားသူများအတွက် အရေးကြီးသော်လည်း သူ့အတွက်မူ မလိုအပ်ချေ။
သူ့အတွက် အရေးကြီးသည်က ဤကျောင်းသားများ ပေးအပ်မည့် စေတနာတန်ဖိုး များသာ ဖြစ်သည်။
'သိုင်းစစ်ဆေးမှုလား.. စိန်ခေါ်မှုလား..'
ဂူချန်၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ပေါ်လာပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
'ဒါက စိန်ခေါ်မှုမှ မဟုတ်တာ၊ ကောက်ရိတ်သိမ်းပွဲပဲ..'
***