"ဒေါင်.. ဒေါင် .. ဒေါင်..."
ဝူတန်မြို့ပြင်ရှိ စပီကာများမှ သာယာကြည်လင်သော အချက်ပေးသံ ထွက်ပေါ်လာသည်နှင့်အမျှ သိုင်းစစ်ဆေးမှု ပုံစံတူစစ်ဆေးပွဲ၏ ကန့်လန့်ကာမှာ တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ကျောင်းသားများကို တားဆီးထားသော ဘားတန်းများ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကွင်းပြင်ထဲရှိ ကျောင်းသား သုံးထောင်နီးပါးမှာ ကျိုင်းကောင်အုပ်ကြီးများအလား ရှေ့သို့ အလုအယက် ပြေးဝင်သွားကြတော့သည်။
ဤပုံစံတူစစ်ဆေးမှုမှာ ၁၂ နာရီသာ ကြာမြင့်မည်ဖြစ်ရာ အချိန်လုနေရ၏။ ဝူတန်မြို့၏ အစွန်အဖျားဇုန်များတွင် ထူးဆန်းသောသားရဲများ မရှိသလောက် ရှားပါးပြီး မြို့အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းသဖြင့် လမ်းလျှောက်ရုံနှင့်တင် အချိန်အတော်ကုန်ပေလိမ့်မည်။ ထို့ကြောင့် အဆင့်တစ်ခုရရန်အတွက် တိုက်ခိုက်ရေးစွမ်းရည်သာမက ကိုယ်ဖော့သိုင်းနှင့် ခံနိုင်ရည်မှာလည်း အဓိကကျသော အချက်များ ဖြစ်လာသည်။
စေတနာတန်ဖိုး အမှတ်များစွာ ဝူတန်မြို့ထဲသို့ တိုးဝင်သွားသည်ကို ကြည့်ရင်း ဂူချန်က ဝံပုလွေတစ်ကောင်လို ပြုံးလိုက်ကာ မြို့တံခါးမကြီးကို ကျော်ဖြတ်ဝင်ရောက်လိုက်သည်။ မကြာမီမှာပင် ကျောင်းသား သုံးထောင်လုံး မြို့ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပြီး ဧရာမ မြို့ကြီးထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
ဂူချန်သည် လူသူကင်းမဲ့သော လမ်းမကြီးအတိုင်း အေးအေးလူလူ လျှောက်လှမ်းနေ၏။ သူ၏ ခရမ်းရောင် မျက်အိမ်နှစ်ထပ်မှာ လည်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အကဲခတ်နေ၏။ အဝေးကကြည့်လျှင် လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူ၏ အရှိန်မှာ အလွန်မြန်လှပြီး အသက်တစ်ရှိုက်အချိန်အတွင်းမှာပင် လမ်းတစ်ခုကို ဖြတ်ကျော်နေသည်။
စစ်ဆေးမှုစတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် အခြားကျောင်းသားများနှင့် အလှမ်းဝေးကွာသွားခဲ့ပြီ ဖြစ်သည်။
"ဝူတန်မြို့ထဲမှာ စောင့်ကြည့်ကင်မရာတွေ အများကြီးပဲ.. နည်းနည်းတော့ သတိထားရမယ်.."
ဂူချန်က လမ်းဘေးရှိ ဝှက်ထားသော ကင်မရာများကို တစ်ချက်ကြည့်ရုံနှင့် သိရှိလိုက်ပြီး စိတ်ထဲမှ တွေးနေသည်။ သူ ရမှတ်ကို ဂရုမစိုက်သော်လည်း စည်းကမ်းဖောက်ဖျက်မှုကြောင့် စောစောစီးစီး အထုတ်ခံရလျှင် မကောင်းပေ။ သူ မြို့ထဲမှာ ကြာကြာနေနိုင်လေ အခြားကျောင်းသားများနှင့် ဆုံတွေ့ဖို့ အခွင့်အရေး ပိုများလေဖြစ်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ရပေမည် ။
'အရင်ဆုံး သားရဲတွေကို သတ်ရင် စေတနာတန်ဖိုး တက်မတက် စမ်းကြည့်ရမယ်..'
ထိုသို့တွေးကာ ဂူချန်သည် လေအဟုန်ဖြင့် ပြေးလွှားရင်း ဝူတန်မြို့၏ အနက်ရှိုင်းဆုံးနေရာသို့ လျှပ်စီးကဲ့သို့ ဦးတည်လိုက်သည်။ မကြာမီမှာပင် သူသည် သွေးရောင်လွှမ်းနေသော ပထမအဆင့် သားရဲတစ်ကောင်နှင့် တိုးတော့သည်။
ထိုသားရဲမှာ ယုန်နှင့်တူသော်လည်း ပါးစပ်ကြီးမှာ ဟစိစိဖြစ်နေကာ စူးရှသော အစွယ်များမှာ အစီအရီ ထွက်နေသဖြင့် ကြည့်ရသည်မှာ အတော်လေး ထိတ်လန့်စရာကောင်းသည်။
"ပထမအဆင့် သားရဲ... သရဲယုန်ငါးမန်း ပဲ.."
ဂူချန်က တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် S အဆင့် သိုင်းပါရမီဖြစ်သော ခရမ်းရောင်နတ်ဆိုးမျက်လုံး၏ မှတ်ဉာဏ်စွမ်းအားကို အသုံးပြုကာ အတွေ့ရများသော သားရဲအများစုကို အလွတ်မှတ်သားထားခဲ့ခြင်း ဖြစ်သည်။ ဤသားရဲမှာ အလွန်အတွေ့ရများသလို အားလည်း အလွန်နည်းလေသည်။ အရွယ်ရောက်ပြီးသား အကောင်ပင် ပထမအဆင့် သိုင်းပညာရှင် အဆင့်လောက်သာ ရှိသည်။
အခု သူနှင့် တိုးနေသော သရဲငါးမန်းယုန်မှာ အရပ် ၄၀-၅၀ စင်တီမီတာလောက်သာ ရှိသဖြင့် အားအနည်းဆံးထဲမှ အားအနည်းဆုံးသာဖြစ်သည်။ အရင်ဘဝက သင်္ချာစာမေးပွဲမှာ အမှတ်ပေးချင်လွန်းလို့ ထည့်ထားသည့် အလွယ်ဆုံး မေးခွန်းတစ်ခုနှင့်ပင် တူနေသေး၏ ။
"ရှူး... ရှူး"
လူသားတစ်ယောက်ကို မြင်လိုက်ရသဖြင့် သရဲငါးမန်းယုန်၏ မျက်လုံးများမှာ တောက်ပလာပြီး စိတ်လှုပ်ရှားသွားသည်။ သူက ဟိန်းဟောက်ကာ သန်မာသော ခြေထောက်များကို အသုံးပြု၍ ရှေ့သို့ ပြေးဝင်လာသည်။ ထို့နောက် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး ဂူချန်ကို ပြင်းထန်စွာ ကန်ရန် ကြိုးစားလိုက်သည်။
သာမန်အားဖြင့် စစ်ဆေးမှု မဖြေဖူးသေးသော ကျောင်းသားများသည် သားရဲနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ရချိန်တွင် ထိတ်လန့်တတ်ကြသည်။ ဂူချန်အတွက်လည်း ဒါက ပထမဆုံးအကြိမ်ပင်။ သို့သော် သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု မရှိဘဲ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များသာ ပြည့်နှက်နေသည်။
ဝူး...
သရဲငါးမန်းယုန်က နီးကပ်လာသော်လည်း ဂူချန်ဆီသို့ မရောက်မီမှာပင် လိမ္မော်ရောင် True Qi စွမ်းအင်လှိုင်းတစ်ခုနှင့် ထိမှန်သွားတော့သည်။
ဗုန်း...
သရဲငါးမန်းယုန်၏ ခန္ဓာကိုယ်မှာ တူနှင့် ထုရိုက်ခံလိုက်ရသော ဖရဲသီးတစ်လုံးအလား အပိုင်းပိုင်းအစစ ကွဲထွက်သွားတော့သည်။ သွေးစများနှင့် အသားစများ နေရာအနှံ့ ပျံနှံ့သွားသည်။ ထိုအချိန်မှာပင် ဂူချန်၏ စိတ်ထဲ၌ သာယာသော စက်ရုပ်အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
[အိမ်ရှင်သည် ပထမအဆင့် သားရဲ သရဲယုန်ငါးမန်း ကို အချုပ်အနှောင်မှ လွတ်မြောက်စေရန် ကူညီပေးပြီး ၎င်း၏ ဝိညာဉ်ကို အိမ်သို့ ပြန်ခွင့်ပေးလိုက်သည်ကို တွေ့ရှိရသည်။ စေတနာတန်ဖိုး +၁]
'တစ်မှတ်ထဲလား.. နည်းလိုက်တာ...'
'ပထမအဆင့် သားရဲတွေက ဉာဏ်ရည် နိမ့်လွန်းလို့ ခံစားချက် တုံ့ပြန်မှု အားနည်းတာကြောင့် ဖြစ်မယ်ထင်တယ်..'
ဂူချန် စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ သူ သိရှိထားသော စနစ်စည်းကမ်းများအရ စေတနာတန်ဖိုး ရရှိမှုမှာ ပြုလုပ်လိုက်သော အပြုအမူအပေါ်တွင် မူတည်သော်လည်း ရရှိမည့် အမှတ်ပမာဏမှာ တစ်ဖက်လူ၏ ခံစားချက် ပြင်းထန်မှုအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
'ဒါဆိုရင်တော့ အဆင့်မြင့်တဲ့ အကောင်တွေကို သွားရှာရမှာပေါ့..'
ဂူချန်က ရက်စက်စွာသော အပြုံးကို ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများမှာ ဆူပွက်လာပြီး အားအင်များမှာ ခြေဖဝါးဆီသို့ စုစည်းသွားသည်။ သူ မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်သည်နှင့် မြေပြင်မှာ အပိုင်းပိုင်းအစစ ကွဲထွက်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် သူ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး မီတာရာချီသော နေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။
ဂူချန်၏ အရှိန်မှာ အလွန်မြင့်မားလွန်းသဖြင့် ဝူတန်မြို့ရှိ အဆင့်မြင့် စောင့်ကြည့်ကင်မရာများပင် သူ၏ လှုပ်ရှားမှုကို ဖမ်းယူနိုင်ခြင်း မရှိတော့ပေ။ ကင်မရာစောင့်ကြည့်နေသူမှာ အနက်ရောင် အရိပ်တစ်ခု ဖြတ်ခနဲ ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။ သို့သော် ဒေတာမြေပုံပေါ်တွင်မူ အစိမ်းရောင် အစက်လေးတစ်ခုသည် ဝူတန်မြို့၏ အနက်ရှိုင်းဆုံးနေရာသို့ အလွန်လျှင်မြန်စွာ ဦးတည်နေပြီး အခြားအစိမ်းစက်များနှင့် အလှမ်းဝေးကွာနေသည်ကို မြင်နေရသည်။
ထို့ပြင် ထိုအစိမ်းစက်လေး၏ ဘေးနားတွင် အနီရောင်အစက်လေး တစ်ခု ပေါ်လာတိုင်း ချက်ချင်းပင် ပျောက်ကွယ်သွားသဖြင့် တစ်ခုခုချို့ယွင်းနေသည့်အလားပင် ဖြစ်နေသည်။
"ဟေး ဒါကိုကြည့်အုံး.. ဒါ ဘာဖြစ်တာလဲ.."
စောင့်ကြည့်ရေးအဖွဲ့ဝင်မှာ မြေပုံကိုကြည့်ရင်း ကြောင်အမ်းသွားသည်။ အခြားသူများက အစွန်အဖျားမှာတင် သားရဲဝိုင်းခံရမည်ကို ကြောက်ပြီး တုန်တုန်ရင်ရင် သတ်ဖြတ်နေချိန်တွင် ဤကျောင်းသားကတော့ ဘာကိုမှ မကြောက်ဘဲ ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်ကာ တွေ့သမျှ သားရဲကို တစ်ချက်တည်းနှင့် သတ်ဖြတ်နေသည်။
စစ်ဆေးမှု စတင်ပြီး ၁၀ မိနစ် မပြည့်မီ ထိုကျောင်းသားက အလယ်ဗဟိုဇုန် ထဲသို့ ဝင်တော့မည်လော။ ဤနေရာတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသော စောင့်ကြည့်ရေးအဖွဲ့ဝင်မှာ ဤမျှအထိ ထူးဆန်းသော အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူသည် ချက်ချင်းပင် ဖုန်းကိုကောက်ကိုင်ကာ ဆုန့်ကျန်းဆီသို့ ဆက်လိုက်သည်။
"ဟဲလို... လီကြီး ..အခြေအနေ တစ်ခုခု ရှိလို့လား.. "
ဆုန့်ကျန်း၏ အသံထွက်ပေါ်လာသည်။
စောင့်ကြည့်ရေးအဖွဲ့ဝင်မှာ မျက်နှာပျက်ပျက်ဖြင့် မျက်နှာပြင်ကို ထပ်မံ စစ်ဆေးပြီးနောက်..
"ခေါင်းဆောင်... တစ်ယောက်ယောက် ခိုးချနေတယ်လို့ ကျွန်တော် သံသယရှိတယ်.."
"ဟမ်.."
[အိမ်ရှင်သည် ပထမအဆင့် သားရဲ နတ်ဘုရားသစ်သားမျောက်ကို ကူညီပေးလိုက်သည်။ စေတနာတန်ဖိုး +၁၅]
[အိမ်ရှင်သည် ပထမအဆင့် သားရဲ နှင်းဒရယ် ကို ကူညီပေးလိုက်သည်။ စေတနာတန်ဖိုး +၁၅]
[အိမ်ရှင်သည် တတိယအဆင့် သားရဲ မီးတောက်ကြိုးကြာကို ကူညီပေးလိုက်သည်။ စေတနာတန်ဖိုး +၁၅၀]
ဂူချန်သည် အရှိန်ပြင်းပြင်း ပြေးလွှားနေသော်လည်း လမ်းတစ်လျှောက်ရှိ သားရဲများကို သတ်ရန် မမေ့ပေ။ ခြင်သည်လည်း အသားသာ ဖြစ်၏ ။ တစ်ကောင်ချင်းစီက အမှတ်နည်းသော်လည်း အရေအတွက်နှင့် အစားထိုးမည်ဟု သူက တွေးထားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရမှတ်များမှာ ကြောက်ခမန်းလိလိ မြင့်တက်လာသည်။
ဗုန်း.. ဗုန်း ..ဗုန်း...
တတိယအဆင့် သားရဲ အကောင်ပေါင်း ဒါဇင်ချီကာ ဂူချန်၏ ရှေ့မှောက်တွင် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားပြီး သွေးညှီနံ့များမှာ လမ်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ဂူချန်သည်တော့ ထိုအသားစများကို အေးအေးလူလူ ကြည့်ရင်း စိတ်ထဲတွင် ဘာမှမဖြစ်သလိုပင်။ စစ်ဆေးမှု၏ နောက်ဆုံးစိန်ခေါ်မှုအဖြစ် ထားရှိထားသော ဤသားရဲများသည် သူ၏ အနားသို့ပင် မကပ်နိုင်ကြပေ။
' အားနည်းလွန်းတယ်...'
အကယ်၍ အခြားကျောင်းသားများသာ ဤမြင်ကွင်းကို မြင်လျှင် ချောင်ကပ်ကာ အော်ငိုမိကြပေလိမ့်မည်။ ထိုအကောင်များသည် တတိယအဆင့် သားရဲများ ဖြစ်သည်။ ဒုတိယအဆင့် နောက်ဆုံးအဆင့်မှာရှိသော သိုင်းပညာရှင် အယောက်တစ်ရာ ပေါင်းတိုက်လျှင်ပင် နိုင်ချင်မှ နိုင်ပေလိမ့်မည်။ သို့သော် ဂူချန်၏ လက်ထဲတွင်မူ ကြက်ကလေး၊ ငှက်ကလေးများအလား အသတ်ခံနေရသည်။
သူသည် လက်ပတ်နာရီကို ကြည့်လိုက်ရာ ရမှတ်အဆင့်ကို မြင်လိုက်ရသည်။
၁။ ဂူချန် - ချင်းဟယ် အမှတ် (၁) (၇၅၄၆ မှတ်)
၂။ အိုးရန်ပုကျန့် - လင်းထျန်း အမှတ် (၁) (၄၆ မှတ်)
၃။ ဖန်းကျန့် - ကုယွီ အမှတ် (၁) (၃၉ မှတ်)
'ဟဟ... ကွာဟချက်က တော်တော်လေးများ သွားပြီပဲ..'
' စာမေးပွဲစတာ ဆယ်မိနစ် မပြည့်သေးတော့ သူတို့ သားရဲတွေနဲ့ သိပ်မတွေ့သေးဘူးထင်တယ်.. '
'ကျွတ်..ကျွတ်..ကျွတ်... ငါ Speedrun ဆော့နေသလို ဖြစ်နေပြီ.. ဟီဟီဟီးး..'
ဂူချန်က စိတ်ထဲမှ ရယ်မောလိုက်ပြီး အလယ်ဗဟိုဇုန် ထဲသို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်ကာ နောက်ထပ် အရပ်မျက်နှာတစ်ခုဆီသို့ အရှိန်အဟုန်နှင့် ဆက်လက် တိုးဝင်သွားတော့သည်။
***