ထိုခဏ၌ လောင်းကစားရုံအောက်ထပ်ဆီမှ လှောင်ရယ်သံများ ပျံ့လွင့်လာသည်ကို ချင်ယွမ်ဖုန်း ကြားလိုက်ရလေသည်။ ဤနေရာသို့ လာရောက်ကာ ပြဿနာရှာဝံ့သူမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
ဤသည်မှာ ရှာမိသားစု၏ ပိုင်နက်ဖြစ်ကြောင်း သူတို့ မသိကြလေသလော။
" ဆိုဖီယာထံမှ သူတစ်ပါးပျက်စီးရာ၌ ပျော်မွေ့မှု +၁၀၀"
"ဟွာရှောင်ချင်း၏ လှောင်ပြုံး +၁၀၀"
တစ်ခဏအတွင်းမှာပင် သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေကြသူများထံမှ ယုံကြည်မှုတန်ဖိုး အမြောက်အမြားကို ချင်ယွမ်ဖုန်း ရရှိလိုက်တော့သည်။
"ဟေ့လူကလေး... မင်းက ဒီနေရာမှာ ပြဿနာလာရှာရဲတယ်ပေါ့လေ၊ မင်း ဘယ်နေရာကို ရောက်နေတယ်ဆိုတာကော သိရဲ့လား"
သန်မာထွားကြိုင်းသော လူတစ်ယောက်သည် လက်ဆစ်များကို ချိုးရင်း ချင်ယွမ်ဖုန်းအား အထင်သေးသော အကြည့်တို့ဖြင့် ချဉ်းကပ်လာလေ၏။
သူတို့နှင့် နှိုင်းယှဉ်ပါက ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ သေးငယ်လှသဖြင့် အားနွဲ့ချိနဲ့ပုံ ပေါက်နေပေသည်။
"ငါ ဒီကိုလာတာက ဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ သိလို့ပေါ့" ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
"ဟားဟားဟား" ထိုလူသန်ကြီးများက တဝါးဝါး ရယ်မောကြပြီး "ခဏနေ အရိုက်ခံရတဲ့အခါကျမှ အခုလို မောက်မာနိုင်စမ်းပါဦးကွာ" ဟု ဆိုလေသည်။
စကားအဆုံး၌ လူသန်ကြီးတစ်ဦးသည် လေထဲသို့ ခုန်တက်ကာ သူ၏ ဧရာမလက်သီးကြီးဖြင့် ချင်ယွမ်ဖုန်း၏ ဦးခေါင်းတည့်တည့်သို့ အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်တော့သည်။
သို့သော် ထိုလူမှာ ပဉ္စမအဆင့် ပညာရှင်နယ်ပယ် မျှသာ ဖြစ်သဖြင့် ချင်ယွမ်ဖုန်းက အသာအယာပင် ရှောင်တိမ်းလိုက်၏။
သူ၏ လက်သီးချက် လွဲချော်သွားသဖြင့် ထိုလူသည် ဒေါသတကြီးဖြင့် နောက်တစ်ကြိမ် ထပ်မံထိုးနှက်ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်ကာ ထိုလက်သီးကြီးကို တားဆီးလိုက်လေသည်။
နောက်တစ်ခဏ၌ ထိုလူသန်ကြီးများ၏ မျက်နှာပေါ်မှ အပြုံးများမှာ အေးခဲသွားရတော့သည်။
အကြောင်းမူကား ချင်ယွမ်ဖုန်းသည် လက်တစ်ဖက်တည်းဖြင့်ပင် ထိုလူသန်ကြီး၏ လက်သီးကို အားစိုက်စရာမလိုဘဲ ဖမ်းချုပ်ထားနိုင်ခြင်းကြောင့်ပင်။
"အားနည်းလိုက်တာ" ချင်ယွမ်ဖုန်းသည် လျှပ်စီးကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုဖြင့် အရှေ့သို့ တစ်လှမ်းတိုးကာ ထိုလူ၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ပခုံးဖြင့် အားကုန်တိုက်ထုတ်လိုက်လေသည်။
ထိုလူသန်ကြီးမှာ ဧရာမကျောက်တုံးကြီးတစ်ခုနှင့် တိုက်မိသကဲ့သို့ ပြင်းထန်သော အားတစ်ခုကို ခံစားလိုက်ရပြီး လွင့်ထွက်သွားကာ ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်လာတော့သည်။
ဤသည်ကို မြင်သောအခါ ကျန်ရှိသော လူသန်ကြီးများသည်လည်း ချင်ယွမ်ဖုန်းထံသို့ စုပြုံတိုးဝင်လာကြကုန်၏။
ဆာလောင်နေသော ကျားသစ်တစ်ကောင်ကို သိုးတစ်အုပ်က မည်သို့ ယှဉ်နိုင်ပါမည်နည်း။ ခွန်အားကြီးမားပုံရသော ထိုလူသန်ကြီးများမှာ ချင်ယွမ်ဖုန်း၏ လက်သီးချက် တစ်ချက်ချင်းစီအောက်တွင် အလွယ်တကူပင် အရေးနိမ့်သွားကြလေသည်။
သူတို့အားလုံးမှာ မြေပြင်ပေါ်တွင် လဲကျလျက် ဝေဒနာကြောင့် ညည်းတွားနေကြရရှာသည်။
"နေရာတစ်ခုကို တာဝန်ယူထားမယ်ဆိုရင် အဲဒီလိုလူနဲ့ တူအောင်နေရမယ်၊ မင်းတို့ရဲ့ အဆင့်တွေက အရမ်းနိမ့်လွန်းတယ်၊ ကျင့်ကြံမှုတွေ ပိုလုပ်ကြဦး" ချင်ယွမ်ဖုန်းက ဆိုကာ အောက်ထပ်သို့ ဆင်းသွားလေသည်။
ထိုခဏ၌ လောင်းကစားရုံအတွင်းရှိ လူအားလုံးမှာ အပေါ်ထပ်မှ ညည်းတွားသံများကို ကြားရပြီးဖြစ်ရာ အဝင်ပေါက်မှ ဝင်လာသော ချင်ယွမ်ဖုန်းအား ထိတ်လန့်တကြား ကြည့်နေကြတော့သည်။
"ဒါက... ချင်မိသားစုက ချင်ယွမ်ဖုန်းပဲ၊ ဒီနေ့ လမ်းပေါ်မှာ ငါတွေ့လိုက်သေးတယ်" လောင်းကစားသမားတစ်ဦးက မတ်တပ်ရပ်ကာ ချင်ယွမ်ဖုန်းကို လက်ညှိုးထိုးပြလေသည်။
"ဩော်... သူလား၊ သူက အစွမ်းမရှိတဲ့ အမှိုက်ကောင် ဖြစ်သွားပြီလို့ ငါကြားမိပါရဲ့"
"ရှူး... တိုးတိုးနေစမ်းပါ၊ အဲဒီလို လူမိုက်တွေကို နှိမ်နင်းနိုင်တဲ့သူက အစွမ်းမရှိတဲ့သူ ဖြစ်နိုင်ပါ့မလား"
လောင်းကစားရုံအတွင်းရှိ လူများမှာ အချင်းချင်း တီးတိုးပြောဆိုနေကြတော့သည်။
ထိုစဉ် လောင်းကစားရုံ၏ တာဝန်ခံဖြစ်သူသည် ဖြည်းညင်းစွာ လမ်းလျှောက်လာလေသည်။
သူသည် အသက် (၃၀) ခန့်ရှိသော လူငယ်တစ်ဦး ဖြစ်ပြီး ပြောင်လက်နေသော ဆံနွယ်တို့ဖြင့် ဝင့်ဝါသော အမူအရာ ရှိပေသည်။
"မင်းက ဘယ်သူမို့လို့ ဒီမှာလာပြီး ပြဿနာရှာရဲတာလဲ၊ ရှာမိသားစုကို မကြောက်ဘူးလား" ဟု ထိုလူက အေးစက်စွာ ဆိုလိုက်၏။
ထိုလူကို မြင်သည်နှင့် ချင်ယွမ်ဖုန်းသည် မိုးတိမ်နင်းခြင်း ပညာရပ်ကို အသုံးပြုကာ ခုန်ပျံဝင်ရောက်သွားလေသည်။ ပရိသတ်များမှာ ဝိုးတဝါး ရိပ်ခနဲ ပုံရိပ်များကိုသာ မြင်လိုက်ရပြီး ချင်ယွမ်ဖုန်းမှာ ထိုလူ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
"ဖြန်း" ချင်ယွမ်ဖုန်း၏ လက်ဝါးရိုက်ချက်မှာ ထိုလူ၏ ဆံပင်ပုံစံကို ပျက်စီးစေရုံသာမက ပါးပြင်ကိုလည်း ချက်ချင်း ဖူးယောင်သွားစေတော့သည်။
"မင်း..." ထိုလူက ပြန်လည်ခုခံရန် ကြိုးစားသော်လည်း ချင်ယွမ်ဖုန်းက သူ၏ ခါးဝတ်မှ ဆွဲမကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်လေသည်။
ချင်ယွမ်ဖုန်းသည် လောင်းကစားရုံတာဝန်ခံ၏ ပေါင်ပေါ်တွင် လူမိုက်တစ်ဦးကဲ့သို့ ခွထိုင်လိုက်၏။
"မင်း... မင်း တကယ်ပဲ ဘာလိုချင်လို့လဲ" ထိုလူသည် ချင်ယွမ်ဖုန်းအား မယှဉ်နိုင်ကြောင်း သိသွားသဖြင့် ထိတ်လန့်တုန်လှုပ်လာတော့သည်။
"ငါ ရှာယောင်ကို လာရှာတာ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
ထိုလူမှာ အတော်ပင် နစ်နာသွားဟန်ဖြင့် "မင်းက ရှာယောင်ကို ရှာတာ၊ ငါ့ကို ဘာလို့ ရိုက်ရတာလဲ... အား... နာလိုက်တာ" ဟု ညည်းတွားလေ၏။
"ဘာဖြစ်လို့လဲဆိုတော့ ငါ့ထက် ချောတဲ့သူကို ငါမမြင်ချင်လို့ပဲ" ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ပြန်ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ လောင်းကစားသမားများမှာ အံ့အားသင့်သွားကြရ၏။
ဤမျှ မောက်မာရဲတင်းသော လူငယ်မျိုးကို သူတို့တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
"မြန်မြန်... မင်းရဲ့လူတွေကိုလွှတ်ပြီး ရှာယောင်ကို သွားခေါ်ခိုင်းလိုက်"
သူ၏ တင်ပါးအောက်ရှိ လူမှာ မလှုပ်မယှက် ရှိနေသဖြင့် ချင်ယွမ်ဖုန်းက ပိုမိုဖိထိုင်လိုက်ရာ ထိုလူ၏ ကျောရိုးမှာ ကျိုးလုနီးပါး ဖြစ်သွားရသည်။
"ဟေ့... မြန်မြန်သွားပြီး ရှာယောင်ကို ခေါ်ခဲ့ကြစမ်း" ဟု ထိုလူက အော်ဟစ်စေခိုင်းလိုက်ရတော့သည်။
လောင်းကစားရုံရှိ လူများမှာ ထိုအခါမှသာ အသိဝင်လာပြီး အပြင်သို့ အပြေးအလွှား ထွက်သွားကြကုန်၏။
ချင်ယွမ်ဖုန်းသည် ကျေနပ်သွားကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
"မင်းတို့ကို ငါ အကြံတစ်ခုပေးမယ်၊ လောင်းကစားသမား ဆယ်ယောက်မှာ ကိုးယောက်က ရှုံးတာပဲ၊ မင်းတို့ ပိုက်ဆံတွေ အားလုံး လောင်းကစားရုံထဲ ရောက်သွားပြီ" ချင်ယွမ်ဖုန်းက ရယ်မောလျက် အပြင်သို့ ထွက်လာခဲ့လေသည်။
ဤခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် မိမိကိုယ်ကိုယ် သူရဲကောင်းတစ်ဦးကဲ့သို့ ခံစားရပြီး အတိုင်းထက်အလွန် ဝမ်းမြောက်နေမိတော့သည်။
လူအများက ဘာကြောင့် သူရဲကောင်း ဖြစ်ချင်ကြသည်ကို ယခုမှ နားလည်တော့သည်။
ဤသို့ ပြုမူရသည်မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေစွ။
သတင်းပို့သူသည် မှောင်မိုက်သော ညယံအတွင်းသို့ ပျောက်ကွယ်သွားသည်ကို ချင်ယွမ်ဖုန်း မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။
ရှာယောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို သူက အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သဖြင့် သူကလည်း ရှာယောင်အား ပြန်လည် ပညာပေးနိုင်ပေသည်။
သူသည် လောင်းကစားရုံမှ ထွက်လာကာ ရှာမိသားစုမှ လောင်းကစားရုံသို့ လာရာလမ်းတစ်လျှောက်ရှိ လမ်းဆုံတစ်ခုသို့ ရောက်ရှိလာ၏။
အကယ်၍ ရှာယောင်သည် အိမ်မှ လာမည်ဆိုပါက ဤလမ်းကို မလွဲမသွေ ဖြတ်သန်းရပေမည်။
ရှာယောင်အား အလစ်အငိုက်ဖမ်းကာ တုန်လှုပ်ချောက်ချားသွားအောင် သူ ပြုလုပ်မည်ဟု ကြံရွယ်ထားသော်လည်း လက်တွေ့တွင်မူ ချင်ယွမ်ဖုန်း တွက်ဆသည်နှင့် ကွဲပြားနေပေသည်။
အကြောင်းမူကား ရောက်ရှိလာသူမှာ ရှာယောင် မဟုတ်ဘဲ ရှာမိသားစုမှ ဝါရင့်အကြီးအကဲများ ဖြစ်နေခြင်းကြောင့်ပင်။
ချင်ယွမ်ဖုန်းသည် သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိပြီး "တောက်... ငါ လုံးဝ မေ့သွားတာပဲ၊ ရှာယောင်က အခု အိမ်မှာရှိနေတာ မဟုတ်ဘဲ မြို့ပြင်က တောအုပ်ထဲမှာ ရှိနေတာပဲ" ဟု ရေရွတ်လိုက်၏။
သို့သော် ယခုအခါ ပြန်လှည့်ရန်မှာ နောက်ကျသွားပြီ ဖြစ်သည်။ ထို့အပြင် ရှာမိသားစုမှ ထိုလူကြီးများမှာ အလွန်လျင်မြန်စွာ လာနေကြသဖြင့် သူတို့မှာ အစွမ်းထက်သော ပညာရှင်များ ဖြစ်ကြောင်း သိသာလှပေသည်။
"ကောင်းပြီလေ... ငါလည်း ချိန်းဆိုထားတဲ့နေရာကိုပဲ သွားလိုက်တော့မယ်၊ တကယ်လို့ တောအုပ်ထဲမှာလဲ ဟရှာယောင်မရှိဘဲ အဲဒီ အဘိုးကြီးတွေပဲ ရှိနေမယ်ဆိုရင် ငါက ရှာမိသားစု အိမ်တော်မှာပဲ ရှာယောင်ကို စောင့်နေလိုက်မယ်" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုလိုက်သည်။
သူ့အား ကောင်းကင်ဘုံသုဉ်း ‘ ဂူ ’ ဖြင့် လုပ်ကြံခဲ့သဖြင့် ဤရန်ငြိုးမှာ မပြေနိုင်သော ရန်စ ဖြစ်သွားခဲ့ပြီ။
ထို ‘ ဂူ ’ အဆိပ်ကြောင့် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ ချင်ယွမ်ဖုန်းမှာ သူ၏ ကျင့်စဉ်အဆင့်အားလုံး ဆုံးရှုံးခဲ့ရပြီး သေသည်ထက်ဆိုးသော ဘဝကို ရောက်ရှိခဲ့ရသည်။
သူ၏ မိခင်မှာလည်း ယင်းကို မခံစားနိုင်ဘဲ ကွယ်လွန်ခဲ့ရရှာသည်။ ဤအရာအားလုံး၏ နောက်ကွယ်မှ တရားခံမှာ ရှာယောင်၏ ကောင်းကင်ဘုံသုဉ်း ‘ ဂူ ’ ပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ရှာယောင်အပေါ် ထားရှိသော သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
ရှာမိသားစုဝင်များ ပြေးလွှားလာသည်ကို မြင်သောအခါ ချင်ယွမ်ဖုန်းသည် ကိုယ်ကိုလှည့်ကာ မြို့ပြင်သို့ ဦးတည်ထွက်ခွာသွားတော့သည်။
သန်းခေါင်ယံ အချိန်ပင် ကျော်လွန်ခဲ့ပြီ ဖြစ်ရာ ရှာယောင်သည် တောအုပ်ထဲတွင် သူ့အား စောင့်နေဦးမည်လားဆိုသည်ကို ချင်ယွမ်ဖုန်း မသေချာတော့ချေ။
ထိုတောအုပ်မှာ သူ၏ မိခင်အား သင်္ဂြိုဟ်ထားသော တောအုပ်ပင် ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ထျန်းတူး မြည်နယ်မြို့တော် မှ တိုက်ရိုက်ထွက်ခွာကာ တောအုပ်ဆီသို့
ဦးတည်ခဲ့လေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် လေထဲတွင် ခြေလှမ်းလှမ်းလျက် ခရီးနှင်နေခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် လေထဲတွင် လမ်းလျှောက်နိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် တောအုပ်ထဲ၌ စောင့်ဆိုင်းနေသော ရှာယောင်မှာ စိတ်မရှည် ဖြစ်လာတော့သည်။
"ချင်ယွမ်ဖုန်း အဲဒီစာကို ဖတ်လိုက်တာ သေချာရဲ့လား" ဟု ရှာယောင်က မေးလိုက်၏။
သူ၏နောက်ကွယ်ရှိ ဝတ်စုံနက်ဝတ် လူတစ်ယောက်က ခေါင်းညိတ်ပြလျက် "သခင်လေး... လုံးဝ သေချာပါတယ်၊ သူ မထွက်ခွာခင်မှာ အဲဒီစာကို ယူသွားတာ ကျွန်တော် ကိုယ်တိုင် မြင်လိုက်တာပါ" ဟု ပြန်လည် လျှောက်တင်လိုက်လေသည်။
***