အောက်ခြေတွင် မီးခိုးကြွင်းမီးခိုးကျန် ပြာစုများအား လက်ညှိုးညွှန်ပြလျက် အဘိုးအိုက တည်ငြိမ်အေးဆေးစွာပင် ဆိုလာချေသည်။
"ဆက်ရှာမနေနဲ့တော့... ဒီနေရာပဲ"
ဝမ်တာ၏ မျက်ဝန်းအစုံမှာ ရုတ်ချည်းပင် ပြူးကျယ်သွားရတော့၏။ "မဖြစ်နိုင်တာ အကြီးအကဲ... ကျွန်တော် ထပ်သွားရှာပါရစေ၊ သခင်လေးတစ်နေရာရာမှာ ပုန်းနေတာလည်း ဖြစ်နိုင်တာပဲ"
"ရှာမနေနဲ့တော့လို့ ငါပြောပြီးပြီပဲ" ဟုဆိုကာ အဘိုးအိုက ခေါင်းကိုလှည့်ကြည့်လာရာ ၎င်း၏မျက်ဝန်းအိမ်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ အရောင်ဟပ်နေချေသည်။
"သခင်က သေဆုံးသွားပြီဖြစ်လျက် အစေခံဖြစ်တဲ့ မင်းတို့က အသက်ရှင်နေသေးတယ်ဆိုတာ ရယ်စရာကောင်းလွန်းတယ်... ဒါကြောင့် မင်းလည်း မင်းသခင်နောက်ကိုသာ လိုက်သွားပြီး အလုပ်အကျွေးပြုပေတော့"
စကားအဆုံးတွင် အဘိုးအိုသည် လျှပ်စီးပမာ လျင်မြန်လှသော လှုပ်ရှားမှုဖြင့် ဝမ်တာ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်လေသည်။ ဝမ်တာမှာ ထိတ်လန့်တကြားဖြင့် အစွမ်းကုန် ရုန်းကန်သော်လည်း အဘိုးအို၏ လက်ခုပ်အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
ထိုအဘိုးအိုက လက်ညှိုးဖြင့် တစ်ချက်တောက်လိုက်ရာ ထွက်ပေါ်လာသော စွမ်းအင်အလင်းတန်းသည် ဝမ်တာ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး သွေးချင်းချင်းနီသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေတော့သည်။
အမှန်စင်စစ် ဤအဘိုးအိုမှာ ပဉ္စမအဆင့်ရှိသော
မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင် ဖြစ်ပေ၏။
ထို့နောက် အဘိုးအိုသည် ၎င်း၏လက်ချောင်းများကို ဆက်တိုက်ဆိုသလို တောက်လိုက်ရာ ကျည်ဆန်များသဖွယ် စူးရှသော စွမ်းအင်များက ဝမ်တာ၏ ခန္ဓာကိုယ်အား ဆကာပေါက်ဖြစ်သွားစေသည်အထိ ထိုးဖောက်သွားချေသည်။
အဘိုးအိုက လက်ကိုလွှတ်လိုက်သောအခါ ဝမ်တာ၏ ရုပ်အလောင်းသည် မျက်လုံးအစုံ ပြူးကျယ်လျက်ပင် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့၏။
ထိုစဉ် ဝမ်အာနှင့် ဝမ်ဆန်းတို့ ရောက်ရှိလာကြရာ ၎င်းတို့၏ အစ်ကိုဖြစ်သူ၏ ရုပ်အလောင်းကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်လျက် ဝမ်းနည်းပူဆွေးစွာဖြင့် ပြေးဝင်လာကြလေသည်။
"မင်းတို့ မသေချင်ဘူးဆိုရင် ချင်ယွမ်ဖုန်းကို ဒီကိုခေါ်လာခဲ့... ရှာယောင်ရဲ့ အသက်အတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းရမယ်" ဟု အဘိုးအိုက အေးဆေးစွာပင် ဆိုပြီးနောက် လှည့်ထွက်သွားတော့၏။
အစ်ကိုဖြစ်သူ၏ ရုပ်အလောင်းကို ကြည့်ရှုရင်း ဝမ်အာနှင့် ဝမ်ဆန်းတို့မှာ ရင်ကွဲမတတ် ခံစားနေကြရချေသည်။ ငယ်စဉ်ကတည်းက တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း အတူတကွ ကြီးပြင်းလာခဲ့ကြသော်လည်း ယခုကဲ့သို့ အစ်ကိုဖြစ်သူက အရင်ဆုံး စွန့်ခွာသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ ရှာမိသားစုတစ်ခုလုံးကို ယှဉ်နိုင်စွမ်းမရှိသည်ဖြစ်ရာ အကြည့်ချင်းဖလှယ်လျက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြတော့သည်။
ချင်ယွမ်ဖုန်းသည် ချင်မိသားစုအိမ်တော်သို့ ယိုင်တိယိုင်တိုင်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုညက တွေ့ကြုံခဲ့ရသော ထိတ်လန့်ဖွယ်ရာများမှာ ၎င်းအတွက် လက်ခံနိုင်ရန် ခဲယဉ်းလွန်းလှချေသည်။
အာရုဏ်ဦး အလင်းရောင် စတင်ပျိုးစပြုချိန်တွင် ချင်ယွမ်ဖုန်းသည် အိမ်တော်အတွင်းသို့ မည်သူမျှ တားဆီးခြင်းမရှိဘဲ ဝင်ရောက်လာခဲ့၏။
၎င်းသည် ချင်ဝူယန်း ယခင်က နေထိုင်ခဲ့သည့်နေရာဖြစ်သလို ချင်မိသားစု၏ ဒုတိယအကြီးအကဲ ချင်မင်ယန် နေထိုင်ရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
အိမ်တော်စေခံမှာ စောစီးစွာပင် နိုးထနေပြီဖြစ်ရာ ချင်ယွမ်ဖုန်းကို မြင်သောအခါ အံ့အားသင့်သွားရသည်။
"သခင်လေးယွမ်ဖုန်း... ဘာလို့ ဒီလောက်တောင် စောစောစီးစီး ရောက်လာတာလဲ" ဟု အစေခံက ရိုသေစွာဖြင့် လှမ်း၍ မေးမြန်းလာချေသည်။ နောင်နှစ်အနည်းငယ်အတွင်း ချင်ယွမ်ဖုန်းသည် ချင်မိသားစုကို ဦးဆောင်မည့်သူ ဖြစ်လာမည်ကို သိထားကြသဖြင့် အားလုံးက ၎င်းအပေါ် အလွန်ရိုသေကြခြင်းပင်။
"ဒုတိယအကြီးအကဲကို တွေ့ချင်လို့" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
"သခင်လေး... ဒုတိယအကြီးအကဲ မနိုးသေးဘူးဗျ၊ မိုးလင်းမှ ပြန်လာရင် မကောင်းဘူးလား" ဟု စေခံက စိုးရိမ်တကြီး မေးမြန်းပြန်သည်။
ချင်ယွမ်ဖုန်းက ထိုစေခံ၏ ပုခုံးကို ဆုပ်ကိုင်လျက် "ငါက ဒုတိယအကြီးအကဲကို တွေ့ရမယ်လို့ ပြောနေတာလေ" ဟု ပြတ်သားစွာ ဆိုလိုက်တော့၏။
"ဟုတ်... ဟုတ်ကဲ့ပါ၊ အခုချက်ချင်း သွားခေါ်ပေးပါ့မယ်"
စေခံမှာ ချင်ယွမ်ဖုန်း၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားကာ ချင်မင်ယန်အား သွားရောက်အကြောင်းကြားလေတော့သည်။
ခဏအကြာတွင် ချင်မင်ယန်သည် မနှစ်မြို့သော မျက်နှာထားဖြင့် ထွက်လာခဲ့၏။
"ချင်ယွမ်ဖုန်း... မိုးတောင်မလင်းသေးဘူး၊ မင်း ဘာလုပ်ချင်နေတာလဲ" ဟု ချင်မင်ယန်က အေးစက်စွာ မေးမြန်းလာချေသည်။
ချင်ယွမ်ဖုန်းက မော့ကြည့်လိုက်ရာ ၎င်း၏မျက်ဝန်းတွင် ဝမ်းနည်းရိပ်များ ယှက်သန်းနေသည်ကို တွေ့ရပေမည်။ "ကျွန်တော် သိချင်တာက... ကောင်းကင်ဘုံသုဉ်း 'ဂူ' ကိစ္စမှာ အဘိုး ပါဝင်ပတ်သက်နေသလား ဆိုတာပါပဲ"
ချင်မင်ယန်၏ မျက်လုံးများမှာ ရုတ်ချည်းပင် ပြူးကျယ်သွားရတော့သည်။
"ချင်ယွမ်ဖုန်း... ဒီမှာလာပြီး ပြဿနာမရှာနဲ့၊ မင်းကို နှိပ်စက်ဖို့ ကောင်းကင်ဘုံသုဉ်း 'ဂူ' လိုမျိုး ယုတ်မာတဲ့ နည်းလမ်းတွေကို ငါဘယ်တော့မှ သုံးမှာမဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်တော် စုံစမ်းသိရတာကတော့ အဘိုးရဲ့ သမီးကိုယ်တိုင် ကျွန်တော့်အပေါ် အဆိပ်ဂူ သုံးခဲ့တယ်ဆိုတာပါပဲ" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။
ချင်မင်ယန်၏ မျက်နှာထားမှာ ပြောင်းလဲသွားသော်လည်း ခိုင်မာစွာပင် ခေါင်းခါယမ်းလိုက်၏။ "မဖြစ်နိုင်တာ... ဝူယန်းက မင်းနဲ့ အရင်းနှီးဆုံးဆိုတာ မင်းကိုယ်တိုင်လည်း သိတာပဲ၊ ဘာကြောင့်လဲဆိုတာ ငါမသိပေမဲ့ ဒါက အမှန်တရားပဲ"
"ဒါကြောင့်ပဲ ကျွန်တော် မယုံကြည်နိုင်တာပေါ့" ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလျက် "ဒါဟာ သူမရဲ့ လက်ချက်မဟုတ်ဘူးဆိုရင် အကောင်းဆုံးဖြစ်မှာပါ"
"ဒါဆို မင်းက ဘယ်လိုမျိုး စုံစမ်းခဲ့တာလဲ" ဟု ချင်မင်ယန်က မေးမြန်းပြန်သည်။
"ကောင်းကင်ဘုံသုဉ်း 'ဂူ' က ရှာယောင်ရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ သိရလို့ ကျွန်တော် ရှာယောင်ကို သွားရှာခဲ့တယ်... သူကိုယ်တိုင်ပဲ ကျွန်တော့်ကို ပြောပြခဲ့တာ" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ဆိုလိုက်ချေသည်။
"မဖြစ်နိုင်ဘူး" ဟု ချင်မင်ယန်က ဖြောင့်မတ်တည်ကြည်စွာပင် ဆိုလာသည်။ "အခု ရှာယောင် ဘယ်မှာလဲ... ငါကိုယ်တိုင် သွားတွေ့ပြီး အမှန်တရားကို ဖော်ထုတ်မယ်"
"မလိုတော့ပါဘူး... သူ သေသွားပြီ" ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုလိုက်၏။ "ဒီကိစ္စရဲ့ အမှန်တရားကို သိရဖို့ ဆေးနတ်ဘုရားဂိုဏ်းကို ကျွန်တော်ကိုယ်တိုင် ပြန်သွားပါ့မယ်"
စကားအဆုံးတွင် ချင်ယွမ်ဖုန်း ထွက်ခွာသွားရာ ချင်မင်ယန်မှာ လွန်စွာ စိုးရိမ်ပူပန်လျက် ကျန်ရစ်ခဲ့တော့သည်။ ၎င်း၏ သိနားလည်မှုအရ သမီးဖြစ်သူ ချင်ဝူယန်းသည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို မည်သည့်အခါမျှ ပြုလုပ်မည့်သူ မဟုတ်ပေ။
သို့သော်လည်း ချင်ယွမ်ဖုန်းကိုယ်တိုင် စုံစမ်းသိရှိလာခဲ့ခြင်းဖြစ်ရာ ၎င်းအနေဖြင့် လိမ်ညာနေလိမ့်မည်ဟုလည်း မယူဆနိုင်ချေ။
ချင်ယွမ်ဖုန်းသည် ချင်မိသားစု၏ ဧည့်ခန်းမသို့ ရောက်ရှိလာပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ မိုးလင်းသွားသောအခါ မိသားစုအကြီးအကဲဖြစ်သူ ချင်မင်ကျိသည် သတင်းကို ကြားသိရသဖြင့် ဧည့်ခန်းမသို့ အပြေးအလွှား ရောက်ရှိလာတော့၏။
"ယွမ်ဖုန်း... မင်းပြောတာ တကယ်ပဲလား" ဟု ချင်မင်ကျိက ထိတ်လန့်တကြား မေးမြန်းလာသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "ရှာယောင်ပြောခဲ့တာ မှန်၊ မမှန်တော့ ကျွန်တော် မသိဘူး... ဝူယန်းကို ကိုယ်တိုင်မေးကြည့်မှပဲ အမှန်တရားကို သိနိုင်တော့မယ် ထင်တယ်"
"ဟူး... ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ" ဟုဆိုကာ ချင်မင်ကျိမှာ နေရာတွင် နွမ်းလျစွာ ထိုင်ချလိုက်မိတော့သည်။ ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့မှာ ချင်မိသားစု၏ ပါရမီရှင်များ ဖြစ်ကြသော်လည်း အဆုံးသတ်တွင် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားကြရချေသည်။
"ဒါတွေက ငါ့အပြစ်တွေပါ... ဝူယန်းကို ငါအမြဲတမ်း လျစ်လျူရှုထားခဲ့မိလို့ သူမက မင်းကို အခုလို မုန်းတီးသွားရတာလို့ ငါထင်တယ်" ဟု ချင်မင်ကျိက နောင်တရစွာဖြင့် ဆိုလာသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ရင်း "ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့ အကြီးအကဲ... ဒီကိစ္စမှာ ဘယ်သူ့မှာ အမှားရှိတယ်ဆိုတာ ပြောဖို့ခက်ပါတယ်၊ ပြီးတော့ ဒါဟာ ရှာယောင်ရဲ့ သွေးထိုးလှုံ့ဆော်မှုလည်း ဖြစ်နိုင်တာပဲလေ"
သို့သော်လည်း ချင်မင်ကျိနှင့် ချင်ယွမ်ဖုန်းတို့ နှစ်ဦးစလုံးမှာ ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှကြောင်း သိရှိနေကြချေသည်။
ထိုစဉ် ချင်မိသားစု၏ စေခံတစ်ဦး ဧည့်ခန်းမအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာသည်။ "သခင်ကြီး... အပြင်မှာ သခင်လေးယွမ်ဖုန်းကို တွေ့ချင်တဲ့သူ နှစ်ယောက် ရောက်နေပါတယ်"
ချင်ယွမ်ဖုန်းမှာ မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ ဖြစ်သွားရ၏။ ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက ၎င်းကို လာရောက်ရှာဖွေနေပါသနည်း။
"ကျွန်တော် ထွက်ကြည့်လိုက်ပါ့မယ်" ဟုဆိုကာ ချင်ယွမ်ဖုန်းက မတ်တတ်ထရပ်လျက် တည်ငြိမ်စွာ ထွက်ခွာသွားသည်။
မကြာမီတွင် ချင်ယွမ်ဖုန်းသည် အိမ်တော်၏ တံခါးဝသို့ ရောက်ရှိသွားရာ ၎င်းအား လာရောက်တွေ့ဆုံသူများမှာ ယခင်ညက ၎င်းကိုယ်တိုင် သတိလစ်အောင် ပြုလုပ်ခဲ့သော ဝမ်အာနှင့် ဝမ်ဆန်းတို့ ဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။
"မင်းတို့ပါလား... ဒီကို ဘာလာလုပ်တာလဲ" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ မေးမြန်းလိုက်သည်။
ဝမ်အာနှင့် ဝမ်ဆန်းတို့မှာ ဝမ်းနည်းပူဆွေးမှုများနှင့်အတူ မခံချင်စိတ်များ ဖြစ်ပေါ်နေကြချေသည်။
"သခင်လေးချင်... ရှာမိသားစုရဲ့ အကြီးအကဲ ရှာထိန်က သခင်လေးရဲ့ အသက်ကို ရယူဖို့ ကြံစည်နေတယ်ဆိုတာ လာပြောတာပါ"
ချင်ယွမ်ဖုန်းမှာ ၎င်းတို့နှစ်ဦး မည်သို့ရည်ရွယ်ချက်ရှိသည်ကို မသိနိုင်သဖြင့် မျက်မှောင်ကြုတ်လျက်သာ ရှိနေ၏။
"သခင်လေးချင်... ဒါက တကယ့်အမှန်တရားပါ၊ ရှာယောင် သေဆုံးသွားတဲ့အတွက် ရှာမိသားစုက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးအပေါ် အပြစ်ပုံချပြီး သတ်ပစ်လိုက်ကြပြီ... ဒါကြောင့် ကျွန်တော်တို့လည်း ရှာမိသားစုအတွက် ဆက်ပြီး အမှုထမ်းမှာ မဟုတ်တော့ဘူး" ဟု ဝမ်ဆန်းက ဆိုလာသည်။
ချင်ယွမ်ဖုန်းက သံသယဖြင့် "ဒါဆို မင်းတို့က ငါ့ကို ဘာဖြစ်လို့ သတိလာပေးရတာလဲ" ဟု မေးလိုက်သည်။
၎င်းတို့နှစ်ဦးက အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် "ကျွန်တော်တို့မှာ ရှာထိန်ကို ယှဉ်နိုင်စွမ်းမရှိမှန်း သိပါတယ်... ဒါကြောင့် သခင်လေးမှာ စွမ်းဆောင်နိုင်ရည်ရှိမယ်ဆိုရင် ကျွန်တော်တို့ အစ်ကိုကြီးအတွက် လက်စားချေပေးပါ"
"ထားလိုက်ပါတော့... ငါနဲ့ မင်းတို့နဲ့လည်း ဘာမှပတ်သက်တာမဟုတ်ဘူး၊ ငါက မင်းတို့ကို ကူညီမှာမဟုတ်ဘူး... ပြီးတော့ ရှာထိန်က ငါ့ဆီကို လာရှာတာမျိုး မရှိရင် ငါကလည်း ဘာဖြစ်လို့ သူ့ကို သွားပြီး ရန်စနေရမှာလဲ" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်လေတော့သည်။
***