ချင်ယွမ်ဖုန်းဟူသော အမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဗိုလ်ချုပ်ကျန်းသည် ချက်ချင်းပင် ရှေ့သို့တိုးလာကာ ချင်ယွမ်ဖုန်း၏လက်ကို ဆွဲကိုင်နှုတ်ဆက်ရင်း “ဒါဆိုရင် မင်းက ချင်မိသားစုရဲ့ ပါရမီရှင်ပေါ့လေ၊ မင်းရဲ့သတင်းတွေကို ငါကြားနေရတာ ကြာပါပြီ” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် အနေရခက်သွားသဖြင့် လက်နှစ်ဖက်ကို စုကာ အရိုအသေပေး၍ လူမှုရေးအရ ပြန်လည်နှုတ်ဆက်လိုက်ရ၏။
“ဗိုလ်ချုပ်ကျန်း ... ကျွန်တော်တို့ မြို့ပြင်မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ အကြာကြီး မနေနိုင်တော့ပါဘူး” ဟု ချင်မင်ယန်က ဆိုသည်။
ဗိုလ်ချုပ်ကျန်းက ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်းနှင့် အခြားသူများကို လက်ပြနှုတ်ဆက်လေသည်။ ထို့နောက် ချင်မင်ယန်သည် ချင်ယွမ်ဖုန်းကို ဦးဆောင်ကာ မြို့ပြင်သို့ အမြန်ဆုံး ထွက်ခွာခဲ့ကြလေ၏။
“ကြည့်ရတာ ငါတို့အတွက် မြို့ပြင်မှာ လူသုံးယောက် ထပ်စောင့်နေပုံပဲ၊ ဒါဆိုရင်တော့ အားလုံးပေါင်း ဒီလောက်ပဲ ရှိမှာပါ” ဟု ချင်မင်ယန်က မြွက်ဟသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လက်ခံရင်း “သူတို့က ကျွန်တော်တို့ ဒီညထွက်လာမယ်လို့ တကယ်ပဲ မထင်ထားကြဘူး ထင်တယ်၊ မဟုတ်ရင် ဒီလောက်လူနည်းစုလေးနဲ့ ကြားဖြတ်တားဆီးမှာ မဟုတ်ဘူး” ဟု ဆိုလိုက်၏။
“ဟုတ်တာပေါ့” ဟု ချင်မင်ယန်က ပြုံး၍ဆိုပြီးနောက် သူတို့နှစ်ဦးမှာ မြို့ပြင်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မြို့ပြင်သို့ ရောက်ပြီး မကြာမီမှာပင် သူတို့ရှေ့၌ လူရိပ်သုံးခု ပေါ်လာချေသည်။
ချင်ယွမ်ဖုန်း အသေအချာ ကြည့်လိုက်သောအခါ ထိုသူသုံးဦးစလုံးမှာ စတုတ္ထအဆင့် သိုင်းပညာရှင်များ ဖြစ်နေကြသည်ကို တွေ့လိုက်ရ၏။
ရှာမိသားစုသည် သိုင်းပါရဂူ သုံးဦးကို အလွယ်တကူ ရှာဖွေနိုင်သည်မှာ အမှန်တကယ်ပင် သူတို့၏ အစစ်အမှန်အစွမ်းကို ဖုံးကွယ်ထားခြင်းပင် ဖြစ်တန်ရာသည်။
“ဒီသုံးယောက်ပဲကိုး” ဟု ချင်မင်ယန်က တည်ငြိမ်စွာ ဆိုသည်။ “ယွမ်ဖုန်း ... မင်းသွားနှင့်တော့၊ ဒီကောင်တွေကို ငါပဲ ကိုင်တွယ်လိုက်မယ်”။
“ဒုတိယအကြီးအကဲ ... ကျွန်တော်လည်း အတူတူ တိုက်ပေးပါရစေ” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောသော်လည်း ဒုတိယအကြီးအကဲက ခေါင်းခါပြကာ “မလိုပါဘူး၊ ငါက အဲဒီလောက်အထိ မအိုသေးပါဘူး၊ စတုတ္ထအဆင့် သိုင်းပညာရှင် သုံးယောက်လောက်ကိုတော့ ငါ ဂရုစိုက်နေစရာ မလိုပါဘူး” ဟု ဆိုလေသည်။
ချင်မင်ယန်က ထိုသို့ အခိုင်အမာဆိုနေသဖြင့် ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်လက်ခံလိုက်ရ၏။
သို့သော် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားချေသည်။
“ဒါနဲ့ ယွမ်ဖုန်း ... တကယ်လို့ မင်း ချင်ဝူယန်းကို တွေ့ခဲ့ရင်၊ ပြီးတော့ ဒါတွေက သူတကယ်လုပ်ခဲ့တာဆိုရင်တောင် ကျေးဇူးပြုပြီး သူ့ကို သက်ညှာပေးပါဦး၊ ငါ အသက်တစ်ရာကျော်မှ ရခဲ့တဲ့ သမီးလေးမို့ အလိုလိုက်ပြီး ပျက်စီးအောင် ထားခဲ့မိလို့ပါ” ဟု ချင်မင်ယန်က လေသံတိုးတိုးဖြင့် တောင်းဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ “စိတ်မပူပါနဲ့ ဒုတိယအကြီးအကဲ၊ ဝူယန်းသာ သူ့အမှားသူ ဝန်ခံမယ်ဆိုရင် ကျွန်တော် သူ့ကို ခက်ခဲအောင် မလုပ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါတွေက အတိတ်က ကိစ္စတွေပဲဟာ” ဟု ဆိုလိုက်ရာ ချင်မင်ယန်က သက်ပြင်းချရင်း “ဒါဆိုရင်တော့ ငါ စိတ်အေးရပါပြီ” ဟု ဆိုကာ ရယ်မောလိုက်လေသည်။
“ဒုတိယအကြီးအကဲ ... အပြန်ကျရင် ဗိုလ်ချုပ်ကျန်းကို သတိထားပါဦး” ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် သတိပေးလိုက်သည်။
“ဘာလို့လဲ” ဟု ချင်မင်ယန်က အံ့ဩတကြီး မေးမြန်းရာ ချင်ယွမ်ဖုန်းက ခေါင်းခါလျက် “ခုနက ဗိုလ်ချုပ်ကျန်း ကျွန်တော့်လက်ကို ဆွဲနှုတ်ဆက်တုန်းက သူ ကျွန်တော့်ကို အဆိပ်ခတ်သွားလို့ပါ” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းသည် လက်ဆွဲနှုတ်ဆက်စဉ်က စူးကနဲ ခံစားလိုက်ရသော်လည်း ချက်ချင်း ပျောက်ကွယ်သွားသဖြင့် သတိမမူမိခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆိပ်အတောက်များမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသဖြင့် သူ သိရှိသွားခြင်းပင် ဖြစ်ပေ၏။
“တောက် ... အောက်တန်းကျလိုက်တဲ့ကောင်” ဟု ချင်မင်ယန်က သွားကြိတ်ရင်း ဗိုလ်ချုပ်ကျန်းကို ယခုပင် တစ်စစီ ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားတော့သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ “ဒုတိယအကြီးအကဲ စိတ်မပူပါနဲ့၊ အဆိပ်ကို ဖြေရှင်းဖို့ ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်၊ နောက်တစ်ခါ ပြန်လာရင်တော့ ရှာမိသားစုဆီကနေ ဒီအတွက် အကြံဉာဏ် သွားတောင်းရမှာပေါ့” ဟု ဆိုသည်။
“ကောင်းပြီ၊ သတိထားသွားပါ၊ ဒီအမှိုက်သုံးကောင်ကို ရှင်းပြီးတာနဲ့ မင်းနောက်ကို ငါလိုက်လာခဲ့မယ်” ဟု ချင်မင်ယန်က ဆိုသော်လည်း ချင်ယွမ်ဖုန်းက “မလိုပါဘူး ဒုတိယအကြီးအကဲ၊ နောက်တစ်ခါ ပြန်လာမှပဲ တွေ့ကြတာပေါ့” ဟု ဆိုကာ အားနည်းနေသည့်ကြားမှ မှောင်မိုက်သော တောအုပ်ထဲသို့ ပြေးဝင်သွားလေသည်။
သူ၏ရှေ့မှ တတိယအဆင့် သိုင်းပညာရှင် သုံးဦးကို ကြည့်ရင်း ချင်မင်ယန်၏ ရင်ထဲ၌ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာချေသည်။
မိမိ၏ မျက်စိရှေ့မှောက်မှာပင် ချင်ယွမ်ဖုန်းကို အဆိပ်ခတ်ခြင်း ခံလိုက်ရသည်မှာ ချင်မင်ယန်အတွက် အလွန်ပင် အရှက်ရစေသော ကိစ္စဖြစ်ပေ၏။
“ကျန်းဇီဖုန်း ... မနက်ဖြန် မင်းခေါင်းကို ငါမဖြတ်နိုင်ဘူးဆိုရင် ငါ ချင်မင်ယန် မဟုတ်တော့ဘူး” ဟု သူက လက်သီးကို တင်းတင်းဆုပ်ကာ ကြိမ်းဝါးလိုက်သည်။
ဤကျန်းဇီဖုန်းသည် ရှာမိသားစု၏ လာဘ်ထိုးခြင်းကို ခံထားရသည်မှာ ဧကန်မလွဲပေ။
စတုတ္ထအဆင့် သိုင်းပညာရှင် သုံးဦးသည် ချင်မင်ယန်ထံသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။
ချင်မင်ယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာလည်း ရှေ့သို့ တိုးဝင်သွားတော့သည်။
ဤနေရာ၌ တိုက်ပွဲများ ဖြစ်ပွားနေစဉ်မှာပင် ချင်ယွမ်ဖုန်းသည် အဝေးသို့ ရောက်ရှိသွားပြီဖြစ်ကာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို ဖြေဖျောက်နိုင်ရန် 'အဆိပ်တစ်သောင်း ပညာရပ်' ကို အဆက်မပြတ် လည်ပတ်နေစေသည်။
သို့သော် သူခံထားရသည့် အဆိပ်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် 'အဆိပ်တစ်သောင်း ပညာရပ်' ဖြင့်ပင် လျင်မြန်စွာ မဖြေရှင်းနိုင်သေးချေ။
သူ၏ ရှေ့တွင်တော့ တောအုပ်ကြီးရှိနေပြီး ထိုတောအုပ်ကို ကျော်လွန်လျှင် 'ကြယ်ကြွေကန္တာရ' သို့ ရောက်ရှိမည်ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် အားတင်းကာ တောအုပ်ထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း ထိုခဏ၌ပင် လူရိပ်တစ်ခု ပေါ်လာသဖြင့် သူ၏ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားရ၏။
ထိုသူကား အခြားသူမဟုတ်ဘဲ ရှာထိန်ပင် ဖြစ်ချေသည်။
“ချင်ယွမ်ဖုန်း ... မင်း ဘယ်ကိုမှ ပြေးလို့ မရတော့ဘူး” ဟု ရှာထိန်က အေးစက်စွာ ဆိုသည်။
ချင်ယွမ်ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရှာထိန်သည် သူယနေ့ည ထွက်ခွာမည်ကို ကြိုတင်သိရှိနေပုံရသည်။ ပထမဦးစွာ တတိယအကြီးအကဲနှင့် ဒုတိယအကြီးအကဲကို လူစုခွဲစေပြီးနောက် ကျန်းဇီဖုန်းအား အဆိပ်ခတ်ခိုင်းခဲ့ခြင်း ဖြစ်ပေ၏။
ဤသည်တို့မှာ ရှာထိန်၏ စီစဉ်ထားသော ပြကွက်များသာ ဖြစ်ချေသည်။
“စီစဉ်ထားတာ တကယ်ပဲ ကောင်းတယ်” ဟု ချင်ယွမ်ဖုန်းက အေးစက်စက် ဆိုလိုက်၏။
“ဟမ့် ... ငါ့သားအတွက် ငါ ကဲ့စားချေရမယ်” ဟု ရှာထိန်က ပြန်ပြောသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ရင်း “ဒါပေမဲ့ မင်းသားသေတာကို မင်းဘာမှ ခံစားရပုံမပေါ်ပါဘူး၊ ဒါကို အကြောင်းပြပြီး ငါ့ကို လက်စားချေချင်နေတာပဲ၊ ရှာမိသားစုရဲ့ တကယ့် အကြီးအကဲက ရှာယောင် မဟုတ်ဘူးမလား” ဟု မေးလိုက်သည်။
“ဟားဟားဟား” ဟု ရှာထိန်က ရယ်မောလိုက်ပြီးနောက် “ချင်ယွမ်ဖုန်း ... မင်းက တကယ်ပဲ တော်ပြီး ပါရမီရှိတာပဲ၊ မင်းလိုလူမျိုးကို အသက်ရှင်ခွင့် ပေးထားတာက ရှာမိသားစုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းက ဆက်လက်၍ “ထျန်းတူးမြို့တော်မှာ တပ်ဖွဲ့အနေနဲ့ အဓိက မိသားစုကြီး သုံးစုရဲ့ ကိစ္စမှာ ဝင်မပါရဘူးလို့ ဧကရာဇ်က အမိန့်ထုတ်ထားတယ်၊ ဒါပေမဲ့ ဒီဗိုလ်ချုပ် ကျန်းဇီဖုန်းကတော့ ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်ပြီး မင်းတို့ရှာမိသားစုရဲ့ စကားကို နားထောင်နေတယ်၊ ဒီနောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေမယ် ထင်တယ်” ဟု ဆိုလိုက်ရာ ရှာထိန်၏ မျက်နှာမှာ ပို၍ မှောင်မှောင်မည်းမည်း ဖြစ်သွားချေသည်။
“ချင်ယွမ်ဖုန်း ... မင်း သိတာတွေ များနေပြီ”။
“ဒါတင် မကသေးပါဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုပြန်သည်။
“ရှာမိသားစုက လေ့ကျင့်ပေးထားတဲ့ လူတွေ သေသွားတာကိုတောင် မင်းက ဂရုမစိုက်ဘူး၊ မင်းက ငါ့ကိုပဲ ဖယ်ရှားချင်နေတာ၊ ပြီးတော့ ကျန်းဇီဖုန်းရဲ့ ကိစ္စကို ကြည့်ရင် မင်းတို့ရဲ့ ပစ်မှတ်က ငါတို့ ချင်မိသားစုပဲ”။
“ဒါမှမဟုတ် ထျန်းတူးမြို့ထဲက မိသားစုအားလုံး ဖြစ်နိုင်မလား” ဟု ချင်ယွမ်ဖုန်းက မိမိဘာသာ ရေရွတ်ရင်း “ဘယ်သူက ဒီမိသားစုတွေကို ရန်လိုနေတာလဲ၊ စဉ်းစားကြည့်ရင်တော့ ဧကရာဇ်ကလွဲလို့ တခြားသူ မရှိနိုင်ဘူး” ဟု ဆိုသည်။
“ငါ ခန့်မှန်းကြည့်မယ်နော်” ဟု သူက ရှာထိန်ကို ပြုံးကြည့်ရင်း “ဧကရာဇ်က သူ့ရဲ့ အာဏာကို ခိုင်မြဲစေချင်တယ်၊ ဒီတော့ အားကြီးတဲ့ မိသားစုတွေက သူ့အတွက် မျက်စိထဲက ဆူးတစ်ချောင်းပဲ၊ ဒါကြောင့် ဧကရာဇ်က တခြားမိသားစုတွေကို တစ်ဖြည်းဖြည်း ချေမှုန်းဖို့ အင်အားကြီးမိသားစုတစ်ခုကို မွေးမြူနေတာ၊ ငါ့ရဲ့ ခန့်မှန်းချက်ကို ဘယ်လိုထင်လဲ” ဟု မေးလိုက်လေသည်။
ရှာထိန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း “မင်း ဘာတွေပဲ သိနေပါစေ၊ ဒီညတော့ မင်း သေရမှာပဲ” ဟု ဆိုသည်။
ချင်ယွမ်ဖုန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
သူ၏ မတော်တဆ ခန့်မှန်းချက်မှာ အမှန်တရားသို့ ချဉ်းကပ်သွားပုံရသည်။ လုယွဲ့အင်ပါယာ၏ ဧကရာဇ်သည် ဧကရာဇ်တစ်ပါး ဖြစ်ရရုံမျှနှင့် ကျေနပ်နေပုံမရချေ။
ထိုခဏ၌ ရှာထိန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ပျော့ပျောင်းသော ဓားတစ်လက်ကို ထုတ်လိုက်သည်။ ဓားသွားမှာ တဖျတ်ဖျတ် တောက်ပနေသော်လည်း ပုံစံမှာ ဖဲကြိုးတစ်မျှ ပျော့ပျောင်းနေချေသည်။
“အညံ့ခံလိုက်ပါ၊ ဒါဆိုရင်တော့ မင်းရဲ့ အသက်ကို ငါချန်ပေးချင် ချန်ပေးဦးမယ်” ဟု ရှာထိန်က လှောင်ပြုံးဖြင့် ဆိုသည်။
ချင်ယွမ်ဖုန်းသည် သူ၏ 'လုယန့်ဓား' ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေသည်။
ကံကောင်းထောက်မစွာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များမှာ လုံးဝနီးပါး ကင်းစင်သွားပြီဖြစ်ပေရာ သူ၏ တိုက်ခိုက်မှုအတွက် အဟန့်အတား ဖြစ်စေတော့မည် မဟုတ်ချေ။
***