ဤအခါတွင် ချင်ယွမ်ဖုန်းသည် တတိယအဆင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာခဲ့လေပြီ။ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အတန်ငယ်ကုန်ခမ်း၍ ဒဏ်ရာရရှိထားသော်လည်း ရိုးရှင်းသော ကုသရေးဆေးလုံးများကို ဖော်စပ်ရန်အတွက်မူကား အခက်အခဲမရှိချေ။
မကြာမီပင် ချင်ယွမ်ဖုန်းသည် အဆင့် ၃ ဆေးလုံးဖြစ်သော 'ပြန်လည်နုပျိုခြင်းဆေးလုံး'ကို ဖော်စပ်လိုက်လေသည်။
ယင်းဆေးလုံးသည် 'နတ်သက်ကြွေဆေးမြက်' ကဲ့သို့ အစွမ်းထက်မြက်ခြင်းမရှိသော်ငြား ပြင်ပဒဏ်ရာများနှင့် ကိုယ်တွင်းဒဏ်ရာအချို့ကို ကုသရာတွင် များစွာအထောက်အကူပြုပေသည်။
ချင်ယွမ်ဖုန်းသည် ဆေးမီးဖိုအတွင်းမှ ဆေးလုံးကို ထုတ်ယူကာ တစ်ကျိုက်တည်း မျိုချလိုက်ပြီးနောက် 'စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်' ကို ကျင့်ကြံကာ ဆေးအာနိသင်များကို စုပ်ယူလေတော့သည်။
တိုက်ပွဲဖြစ်ပွားရာနေရာမှ ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီး မကြာမီမှာပင် ချင်မင်ယန်သည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ မြေပြင်ပေါ်၌ လဲလျောင်းနေသော ရှာထိန်၏ အလောင်းကို မြင်သောအခါမှသာ ချင်မင်ယန်သည် သက်ပြင်းချနိုင်လေတော့သည်။
"ဒီသူငယ် ချင်ယွမ်ဖုန်းဟာ တကယ်ကို ထူးချွန်တာပဲ။ ရှာထိန်ကို တစ်ကိုယ်တော် သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ ငါတို့ ချင်မိသားစုအတွက် ထိုက်တန်တဲ့ မျိုးဆက်သစ်ကို ရခဲ့ပြီ။ ချင်ဝူယန်းသာ ချင်ယွမ်ဖုန်းနဲ့ ရန်ဘက်မဖြစ်ပါစေနဲ့လို့ပဲ ငါမျှော်လင့်ရတော့မယ်" ဟု ချင်မင်ယန်က အေးဆေးစွာ ရေရွတ်လိုက်သော်လည်း သူ၏အတွင်းစိတ်၌မူ သတ်ဖြတ်လိုသော အာဃာတများ ကိန်းအောင်းနေဆဲဖြစ်၏။
နောက်တစ်နေ့ နံနက်တွင် ချင်မင်ယန်သည် ချင်အိမ်တော်မှ ထွက်ခွာ၍ ဧကရာဇ်မင်းမြတ်အား ဝင်ရောက်ဂါရဝပြုလေသည်။
ရှာမိသားစုနှင့် ပူးပေါင်းကာ ချင်မိသားစုဝင်များကို အဆိပ်ခတ်ရန် ကြံစည်သူရှိကြောင်း ကြားသိရသောအခါ ဧကရာဇ်မှာ များစွာတုန်လှုပ်သွားရသည်။
မြို့တော်အတွင်းရှိ မိသားစုအချင်းချင်း ပဋိပက္ခများတွင် စစ်ဘက်နှင့် အုပ်ချုပ်ရေးဘက်မှ မည်သူမျှ ပါဝင်ပတ်သက်ခြင်းမပြုရန် ဧကရာဇ်က အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ပေရာ လုယွဲ့အင်ပါယာသည် ကျန်းဇီဖုန်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဝရမ်းထုတ်လိုက်လေသည်။
သို့သော် ကျန်းဇီဖုန်းမှာမူ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။
နောက်တစ်နေ့ မွန်းတည့်ချိန်သို့ ရောက်သောအခါမှ ချင်ယွမ်ဖုန်းသည် မျက်လုံးဖွင့်လာခဲ့သည်။ တတိယအဆင့် ဆေးလုံး၏ အစွမ်းကြောင့် ဒဏ်ရာများမှာ အနာဖေးများပင် ကွာကျ၍ ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။
သူသည် အဝတ်အစားများ လဲလှယ်ပြီးနောက် တောတွင်းမှ တောကြက်နှစ်ကောင်ကို ဖမ်းယူကာ ကင်စားနေစဉ်-
"တာဝန် ပြီးဆုံးပါပြီ ဆုလာဘ်ကို လက်ခံရယူလိုပါသလား" ဟူသော ရှောင်လင်၏ အသံ ထွက်ပေါ်လာသည်။
ရှာထိန်ကို နှိမ်နင်းသည့် တာဝန်မှာ မနေ့ကတည်းက ပြီးမြောက်ခဲ့ခြင်း ဖြစ်သောကြောင့် ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။
"ဒါနဲ့ ရှောင်လင်... မနေ့က တာဝန်အတွက် ဆုလာဘ်က ဘာလဲဆိုတာ ငါမမေးရသေးဘူးနော်"
"ဆုလာဘ်ကတော့ 'အသွင်ပြောင်းဆေးရည်' တစ်ပုလင်း ဖြစ်ပါတယ်" ဟု ရှောင်လင်က ဆိုသည်။ ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး "အခုချက်ချင်းပေး" ဟု အလောတကြီးပင် ဆိုလိုက်တော့သည်။
ယခင်က အသွင်ပြောင်းဆေးရည် တစ်ပုလင်းကြောင့် သူ၏ကျင့်စဉ်အဆင့်မှာ ပထမအဆင့် သိုင်းပညာရှင်အဆင့်သို့ တိုက်ရိုက်တိုးတက်ခဲ့ဖူးရာ ယင်း၏ အစွမ်းထက်ပုံမှာ ဆိုဖွယ်ရာမရှိပေ။
ကျင့်ကြံသူများသည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဖယ်ထုတ်ရန် ကျင့်ကြံကြရသကဲ့သို့ ဤဆေးရည်သည်လည်း ထိုဖြစ်စဉ်ကို အဆမတန် မြန်ဆန်စေခြင်း ဖြစ်၏။
ချင်ယွမ်ဖုန်းသည် လက်ထဲသို့ ရောက်ရှိလာသော ဆေးရည်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သို့သော် သူမျှော်လင့်သကဲ့သို့ ဖြစ်မလာဘဲ ခန္ဓာကိုယ်အတွင်းမှ အနက်ရောင် အညစ်အကြေးအချို့ ထွက်လာသည်မှအပ ကျင့်စဉ်အဆင့်မှာ တိုးတက်မှု မရှိချေ။
"ရှောင်လင်... ဒါက ဘယ်လိုဖြစ်တာလဲ။ မင်းတို့ စနစ်က ပစ္စည်းတွေက အတုတွေများလား" ဟု သူက စိုးရိမ်တကြီး မေးလိုက်သည်။
"အရှင်သခင်... . ဒီဆေးရည်က ခန္ဓာကိုယ်နဲ့ ယဉ်သွားတတ်လို့ပါ။ အရင်တစ်ခေါက်က တစ်ပုလင်း သောက်ထားဖူးတော့ အခုတစ်ကြိမ်မှာ အာနိသင် သိပ်မပြတော့တာမျိုး ဖြစ်နိုင်ပါတယ်။"" ဟု ရှောင်လင်က အေးဆေးစွာ ပြန်ဖြေလေသည်။
"ဘာလို့ ကြိုမပြောတာလဲ။ ဒီပစ္စည်းကို ရေရောပြီး ရောင်းရင်တောင် ဘယ်လောက်ရမယ် ထင်လဲ" ဟု ချင်ယွမ်ဖုန်းက ငိုချင်းချမတတ် ပြောရှာသည်။
သို့သော်လည်း အာနိသင် အနည်းငယ် ရှိသေးသဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာခဲ့သည်။
သာမန် သိုင်းပညာရှင်များသည် ကျင့်ကြံစဉ်အတွင်း အညစ်အကြေးများကို သတိမထားမိဘဲ ဖယ်ထုတ်လေ့ရှိသော်လည်း ချင်ယွမ်ဖုန်းကဲ့သို့ အနက်ရောင် အညစ်အကြေးများ ထွက်လာခြင်းမျိုးမှာ ရှားပါးလှပေသည်။
ကျင့်စဉ်အဆင့် မတိုးသော်လည်း သူ၏ ခန္ဓာကိုယ် ခိုင်ခံ့မှုမှာ ပဉ္စမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်၏။
"ထားပါတော့လေ... ကိုယ့်ကိုယ်ကိုယ်ပဲ ကောင်းကောင်း ပြန်ပြုစုရမှာပဲ" ဟု ချင်ယွမ်ဖုန်းက ရေရွတ်နေစဉ် ညှော်နံ့တစ်ခုကို ရလိုက်သဖြင့် ကြည့်လိုက်ရာ မီးဖိုပေါ်ရှိ တောကြက်နှစ်ကောင်မှာ တူးသွားချေပြီ။
တစ်ရက်ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ဂိုဏ်းချုပ် ဒုန်ဖန်းရှန့်မင်အား ဖြစ်ပျက်သမျှကို တင်ပြပြီးနောက် သူ၏ ရည်ရွယ်ချက်ကို ဖွင့်ဟလိုက်သည်။
"ဂိုဏ်းချုပ်... ချင်ဝူယန်း အခုဘယ်မှာလဲဆိုတာ သိလား"
ဒုန်ဖန်းရှန့်မင်က "ဘာဖြစ်လို့လဲ... မင်းအပေါ် 'ကောင်းကင်ဘုံသုဉ်း ဂူ' အဆိပ်ပိုးမွှား သုံးခဲ့တာ ချင်ဝူယန်းလို့ သံသယရှိနေလို့လား" ဟု ပြန်မေးလေသည်။
"သံသယရှိတာထက် လက်သည်တစ်ယောက်က ဝန်ခံသွားတာမို့ သူ့ကို ကိုယ်တိုင် မေးချင်လို့ပါ" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုသည်။
ဂိုဏ်းချုပ်က သက်ပြင်းချရင်း "ယွမ်ဖုန်း... မင်းတို့အကြားက ရန်ငြိုးကို ငါဝင်မပြောချင်ပေမယ့် ချင်ဝူယန်းရဲ့ ကျင့်စဉ်က မင်းထက် အများကြီး သာလွန်သွားပြီ။ နောက်ပြီး သူက ဆေးနတ်ဘုရားဂိုဏ်းရဲ့ တပည့်လည်း မဟုတ်တော့ဘူး" ဟု ဆိုလိုက်ရာ ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရသည်။
"ဘာဖြစ်လို့လဲ "
"ချင်ဝူယန်းက ပါရမီထူးခြားပြီး ထူးခြားတဲ့ ခန္ဓာကိုယ် အခြေခံရှိလို့ တခြားဂိုဏ်းတွေက သူ့ကို သတိပြုမိသွားကြတာပဲ" ဟု ဒုန်ဖန်းရှန့်မင်က စိတ်မကောင်းစွာ ပြောပြသည်။
"တခြားဂိုဏ်းလား... ကျွန်တော်တို့ ဆေးနတ်ဘုရားဂိုဏ်းက ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ ပထမတန်းစား အဖွဲ့အစည်းပဲ မဟုတ်လား။ ချင်ဝူယန်းက တကယ်ပဲ ဂိုဏ်းပြောင်းသွားတာလား" ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်၍ မေးလေသည်။
ဒုန်ဖန်းရှန့်မင်က "ယွမ်ဖုန်း... ကမ္ဘာကြီးဆိုတာ မင်းမြင်နေရသလောက်ပဲ မကျဉ်းဘူး။ ငါတို့လို ပထမတန်းစား အဖွဲ့အစည်းတွေရဲ့ အထက်မှာ ပိုပြီး အစွမ်းထက်တဲ့ အင်အားစုတွေ ရှိသေးတယ်" ဟု လေးနက်စွာ ဆိုလိုက်သည်။
"ပိုပြီး အစွမ်းထက်တဲ့ အင်အားစု ဟုတ်လား"
"မင်း 'မြင့်မြတ်သောမြေ' အကြောင်း ကြားဖူးလား"
ချင်ယွမ်ဖုန်းက ခေါင်းခါပြရာ ဂိုဏ်းချုပ်က ဆက်၍ "ပထမတန်းစား အဖွဲ့အစည်းတွေရဲ့ အထက်မှာ 'မြင့်မြတ်သောမြေ' တွေ ရှိတယ်။ အဲဒါတွေက ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့တဲ့၊ အခြေခံ အလွန်နက်ရှိုင်းတဲ့ ဂိုဏ်းတွေပဲ။ အဲဒီက တပည့်တွေဟာ သာမန်လူတွေ မမှီနိုင်အောင် အစွမ်းထက်ကြတယ်" ဟု ရှင်းပြလေသည်။
"တကယ်ပဲ အဲဒီလိုနေရာ ရှိတာလား" ဟု ချင်ယွမ်ဖုန်း တိုးတိုးလေး ရေရွတ်မိသည်။
"ရှိတာပေါ့... အဲဒီနေရာတွေက အလွန်လျှို့ဝှက်ဆန်းကြယ်တယ်။ သူတို့ရဲ့ တည်နေရာအစစ်အမှန်ကို သိတဲ့သူ အလွန်နည်းပြီး ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးကြတာ။ အခု ချင်ဝူယန်းကို ရွေးချယ်လိုက်တာက 'မြင့်မြတ်သောမြေ' ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ 'မြူနှင်းဂိုဏ်း' ပဲ။ အဲဒီဂိုဏ်းက အမျိုးသမီးတွေချည်းပဲ ဖွဲ့စည်းထားတာ ဖြစ်ပြီး အလွန်လျှို့ဝှက်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ချင်ဝူယန်းကို လာခေါ်မယ်လို့ သတင်းပို့ထားတယ်"
***