စီနီယာဝမ်သည် တစ်ချိန်က အင်မော်တယ်ဧကရာဇ်၏ အနီးကပ်အမှုထမ်း တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် လျှို့ဝှက်ချက်တစ်ခုကို သိထားသည်။ ၎င်းမှာ တာအိုနှလုံးသားသည် တိုက်ခိုက်ရေးစွမ်းရည်နှင့် ကျင့်ကြံမှုအဆင့်အတန်းအပေါ် တိုက်ရိုက် သက်ရောက်မှု မရှိသော်လည်း၊ ကျင့်ကြံစဉ်အတွင်း အတားအဆီးများနှင့် ရင်ဆိုင်ရချိန်တွင်မူ တာအိုနှလုံးသား မြင့်မားလေ ပိုမိုမြန်ဆန်စွာ ဖောက်ထွက်နိုင်လေ ဖြစ်သည်။ ၎င်းမှာ မမြင်ရသော တွန်းအားတစ်ခုပင် ဖြစ်သည်။
ထို့အပြင် အမြင့်ဆုံးသော ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ‘ထာဝရ တာအိုနှလုံးသား’ ကို ကျော်လွန်နိုင်ရန်မှာ ပထမဆုံးသော အဆင့်သတ်မှတ်ချက်ပင် ဖြစ်သည်။
“စီနီယာ...”
လီဟောင်သည် စီနီယာဝမ်၏ ဘေးနားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ လမ်းတွင် သူဖြတ်လာခဲ့စဉ်က ဖျာများပေါ်ရှိ လော့ရှန်း၊ ချန်ပေါင်ယုနှင့် အခြားသူများ၏ ထိတ်လန့်နေသော မျက်နှာများကို သတိပြုမိလိုက်ရာ၊ သူ၏ လုပ်ရပ်ကြောင့် ရိုက်ခတ်မှု အတော်လေး ပြင်းထန်သွားပုံရသည်ကို သူ နားလည်လိုက်သည်။
သူသည် စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤသည်မှာ သူ၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူသည် ဤနေရာသို့ ရောက်ကာစသာ ရှိသေးသဖြင့် အာရုံစိုက်မှုကို စောစောစီးစီး မရယူလိုခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်ရဲ့ အခြေအနေက ဘာလိုလဲ” လီဟောင်က ဇဝေဇဝါဖြင့် စီနီယာဝမ်ကို မေးလိုက်သည်။
ပုံမှန်အားဖြင့် ‘ကောင်းကင်နှင့် မြေပြင် ခေါင်းလောင်း’ သည် လေးချက်တီးပြီးလျှင် ရပ်သွားရမည် ဖြစ်သော်လည်း၊ ယခုမှာ ကိုးချက်တောင် မြည်ခဲ့ရာ ကောင်းကင်တာအိုနှလုံးသားထက် ငါးဆင့်တောင် သာလွန်နေခြင်းမှာ အနည်းငယ် ချဲ့ကားလွန်းနေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။
စီနီယာဝမ်သည် သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး လီဟောင်၏ နားမလည်နိုင်သော အမူအရာကို ကြည့်ကာ ဝမ်းသာအားရ ပြုံးလျက် ပြောလိုက်သည်။ “သိပ်ပြီး အံ့သြမနေပါနဲ့ ကလေး...။ ကောင်းကင်တာအိုနှလုံးသား ဆိုတာ အင်မော်တယ်လမ်းစဉ်ကို စတင်ဖို့အတွက် အခြေခံအဆင့်ပဲ ရှိသေးတာ။ အဲဒီအထက်မှာ ‘လောကဦး တာအိုနှလုံးသား’ နဲ့ မင်း အခု ပိုင်ဆိုင်ထားတဲ့ ‘ထာဝရ တာအိုနှလုံးသား’ တို့ ရှိနေသေးတယ်”
သူက ပြောရင်းနှင့် တာအိုနှလုံးသား အဆင့်ဆင့်နှင့် ခေါင်းလောင်းသံများ၏ ဆက်စပ်မှုကို ရှင်းပြလိုက်သည်။
ဖျာပေါ်ရှိ သူတော်စင်တိုင်းသည် အလွန် အာရုံစိုက်ကာ နားထောင်နေကြသည်။ စီနီယာဝမ်၏ စကားကို ကြားသောအခါမှ သူတို့ ဉာဏ်အလင်း ပွင့်သွားကြပြီး ၎င်းမှာ ကောင်းကင်အဆင့်ထက် နှစ်ဆင့်သာ သာလွန်သည်ကို သိလိုက်ရသည်။
သို့သော် ၎င်းမှာ သူတို့၏ ယခင် စိတ်ကူးများနှင့် နှိုင်းယှဉ်လိုက်ခြင်း ဖြစ်သည်။ သေချာ ပြန်စဉ်းစားကြည့်ပါက ၎င်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ခုပင် ဖြစ်သည်။
“လောကဦး တာအိုနှလုံးသား... ထာဝရ တာအိုနှလုံးသား”
“ဒါမျိုးကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ စီနီယာဝမ်က ငါတို့ကို တစ်ခါမှ မပြောပြဖူးဘူး”
“ဒါက ငါတို့ ဘယ်တော့မှ အဲဒီအဆင့်ကို မရောက်နိုင်ဘူးလို့ သူ ထင်ထားလို့ ဖြစ်မှာပေါ့။ ဒီကို စရောက်တုန်းက ကောင်းကင်တာအိုနှလုံးသား ရှိတဲ့သူတောင် ငါတို့ထဲမှာ လက်ချိုးရေလို့ ရတာကိုး။ ဒါနဲ့ လောကဦး တာအိုနှလုံးသား ဆိုတာ ဘယ်လို အခြေအနေမျိုးလ၊ဲ ကောင်းကင်နဲ့ မြေပြင်ကို ယှဉ်နိုင်ရုံနဲ့ မလုံလောက်သေးဘူးလား”
“ထာဝရ တာအိုနှလုံးသား ဆိုတာကော... ထာဝရရှင်သန်ခြင်းကို ရှာဖွေတာလို့ ဆိုလိုတာလား၊ အဲဒီလိုဆိုရင် ကောင်းကင်တာအိုနှလုံးသားနဲ့ ဘာကွာလို့လဲ”
လူတိုင်းက တီးတိုး ဆွေးနွေးနေကြပြီး သူတို့၏ အကြည့်များမှာ ထိုလူငယ်လေးဆီ၌သာ ရှိနေကာ ကျင့်ကြံမှု လေ့လာနေခြင်းကို ခေတ္တ ဘေးဖယ်ထားလိုက်ကြသည်။
စီနီယာဝမ်သည် ထိုဆွေးနွေးမှုများကို ကြားပြီး သူတို့၏ ရှုပ်ထွေးနေသော မျက်နှာများကို မြင်သောအခါ ဤကိစ္စသည် သူတို့ကို အကြီးအကျယ် ရိုက်ခတ်သွားကြောင်း သူ သိလိုက်သည်။ အကယ်၍ သေချာ ရှင်းမပြပါက သူတို့၏ စိတ်အာရုံများ ရှုပ်ထွေးသွားပြီး အနာဂတ် ကျင့်ကြံမှုအပေါ် သက်ရောက်မှု ရှိသွားနိုင်သည်။
သူသည် အလွန် ကျေနပ်နေသဖြင့် ပြုံးလျက် ပြောလိုက်သည်။ “ထာဝရ တာအိုနှလုံးသား ဆိုတာ ထာဝရကို လိုက်ရှာနေတာ မဟုတ်ဘူး၊ နှလုံးသားကိုယ်တိုင်က ထာဝရ ဖြစ်နေတာ ကွာခြားချက်ကိုတော့ မင်းတို့ကိုယ်တိုင်ပဲ ဆင်ခြင်ကြည့်ကြရမယ်။ ဒါပေမဲ့ မင်းတို့အတွက် အခု အရေးကြီးဆုံးက စမ်းသပ်ချက်တွေကို အောင်မြင်ဖို့ပဲ။ တာအိုနှလုံးသား ဆိုတာ အဝင်ဝ အဆင့်ပဲ ရှိသေးတယ်၊ မင်းတို့ လက်ရှိ ရောက်နေတဲ့ နေရာထက် အများကြီး ပိုဝေးသေးတယ်”
သူ၏ စကားမှာ အားပေးစကား ဖြစ်သော်လည်း နားထောင်သူများအဖို့မူ အတော်လေး စိတ်မသက်မသာ ဖြစ်သွားစေသည်။
စီနီယာဝမ်သည် သူတို့ အဲဒီအဆင့်ကို မရောက်နိုင်တော့ဟု သတ်မှတ်ပြီးသား ဖြစ်သဖြင့် အချိန်ဖြုန်းပြီး စဉ်းစားမနေရန် ပြောလိုက်ခြင်း ဖြစ်သည်။
“နှလုံးသားကိုယ်တိုင်က ထာဝရ ဖြစ်နေတာ...”
မူသူတော်စင်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး သူ့ဘာသာ ရေရွတ်လျက်... မည်သည့်အရာက အမှန်တကယ် ထာဝရ ဖြစ်သည်ကို ဆင်ခြင်နေလိုက်သည်။
အခြား သူတော်စင်များလည်း နက်ရှိုင်းစွာစဉ်းစားနေမိကြသည်။ စီနီယာဝမ်က သူတို့ကို ဂရုမစိုက်တော့ဘဲ လီဟောင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဒီကို လာပါ၊ ငါ မင်းကို အင်မော်တယ် နည်းစနစ်ကို သင်ပေးမယ်။ မင်းရဲ့ အခြေအနေအရဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ အင်မော်တယ် နည်းစနစ်ကိုတော့ စဉ်းစားစရာ မလိုသေးဘူး။ ကိုးဆင့်မြောက် ဟွန်ယွမ် နတ်ဘုရားသွေးက ပုံသေဖြစ်နေတော့ အင်မော်တယ် နည်းစနစ် ကျင့်ရုံနဲ့ မင်းရဲ့ ရုပ်ခန္ဓာကို မြှင့်တင်လို့ မရနိုင်ဘူး။ ဒုတိယအဆင့် စမ်းသပ်ချက်မှာမှ မင်း အဲဒီရုပ်ခန္ဓာကို အသုံးပြုရမှာ”
ကောက်ရိုးအိမ်ရှေ့သို့ ပြန်ရောက်သောအခါ သူသည် အေးအေးဆေးဆေး မနေတော့ဘဲ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ လီဟောင်ကို ပြောလိုက်သည်။
“မင်းရဲ့ လောကဦးနတ်ဝိညာဉ် အစွမ်းနဲ့ ဆိုရင်တော့ ‘ယမ အင်မော်တယ် နည်းစနစ်’ကို အမြန်ဆုံး တတ်မြောက်လိမ့်မယ်”
လီဟောင်က ခေါင်းညိတ်ပြပြီး “ကျွန်တော် ယမ နည်းစနစ်ရော၊ အင်မော်တယ် ဥပဒေသ နည်းစနစ်ပါ နှစ်မျိုးလုံး စမ်းကြည့်ချင်ပါတယ်” ဟု ပြောလိုက်သည်။
သူ၏ ရုပ်ခန္ဓာမှာ ဤနေရာတွင် ရှိမနေသဖြင့် ရုပ်ပိုင်းဆိုင်ရာ အင်မော်တယ် နည်းစနစ်ကို ကျင့်ကြံ၍ မရသော်လည်း၊ ယမ နှင့် အင်မော်တယ်ဥပဒေသ နည်းစနစ်များကို သေချာ နားလည်သွားပါက သူ ဤနေရာမှ ထွက်ခွာနိုင်သည့် အခွင့်အရေး ရသောအခါ သူ၏ စနစ်မျက်နှာပြင်တွင် မှတ်သားထားနိုင်မည် ဖြစ်သည်။ ထိုအခါမှ သူ၏ ရုပ်ခန္ဓာအစစ်ဖြင့် ပြန်လည် ကျင့်ကြံနိုင်မည် မဟုတ်ပါလား။
“အိုး”
လီဟောင်၏ စကားကို ကြားသောအခါ စီနီယာဝမ်သည် စိတ်မဆိုးသည့်အပြင် စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ “မင်းက မင်းရဲ့ နည်းစနစ်တွေအပေါ် တော်တော်လေး ယုံကြည်ချက် ရှိပုံရတာပဲ။ မင်းက ဘယ်လမ်းစဉ်ကို ကျင့်ကြံတာလဲ”
“ဓားတာအိုပါ” ဟု လီဟောင်က ဖြေလိုက်သည်။
“မင်းမှာ ‘စတေးခြင်းတာအို’ ရော ရှိလား” ဟု စီနီယာဝမ်က မေးလိုက်သည်။
“ဟုတ်ကဲ့... ရှိပါတယ်” လီဟောင်က ခေါင်းညိတ်ပြလိုက်၏။
စီနီယာဝမ်က ရယ်မောလိုက်သည်။ ‘စတေးခြင်းတာအို’ ကို အသုံးပြုနိုင်ခြင်းက လီဟောင်၏ ယုံကြည်မှုကို ရှင်းပြနေသကဲ့သို့ ရှိသည်။ သို့သော် လီဟောင်၏ လောကဦးနတ်ဝိညာဉ် အစွမ်းနှင့် နှိုင်းယှဉ်ပါက စတေးခြင်းတာအိုသည်ပင် အနည်းငယ် အားနည်းနေသကဲ့သို့ ဖြစ်နေသည်။
သို့သော် သူက ထပ်ပြီး မတားတော့ပေ။ စတေးခြင်းတာအိုကို အသုံးပြုနိုင်ခြင်းမှာ လီဟောင်၏ ဓားတာအို ပါရမီ မည်မျှ မြင့်မားကြောင်း လုံလုံလောက်လောက် သက်သေပြနေပြီးသား ဖြစ်ရာ၊ ‘အင်မော်တယ်ဥပဒေသ’ ကို ရွေးချယ်ခြင်းမှာလည်း မှားယွင်းမှု မရှိပေ။
“သေချာ စဉ်းစားပါ။ နှစ်မျိုးလုံး ကျင့်မယ်ဆိုရင် မင်း တတ်မြောက်မယ်ဆိုတာ ငါ မသံသယဖြစ်ပေမယ့်၊ တတ်မြောက်တဲ့ အရှိန်ကတော့ နှေးသွားနိုင်တယ်။ မင်းက တခြားလူတွေထက် နောက်ကျပြီး ရောက်လာပေမယ့်၊ ဒီမှာက စောရောက်တာ နောက်ကျရောက်တာ ခွဲခြားမှု မရှိဘူး။ ကျင့်ကြံတဲ့ အချိန်အပေါ်မှာလည်း မမူတည်ဘူး။ ဘယ်သူက စမ်းသပ်ချက် သုံးဆင့်ကို အရင်ကျော်ဖြတ်နိုင်မလဲ ဆိုတာပေါ်မှာပဲ မူတည်တယ်။ အရင်ကျော်ဖြတ်နိုင်တဲ့သူက ‘ကောင်းကင်ဘုံကပ်ဘေး နန်းတော်’ ကို သွားပြီး အင်မော်တယ်ဧကရာဇ်ရဲ့ အမည်ခံတပည့် စမ်းသပ်ချက်နဲ့ ဆုလာဘ် စိန်ခေါ်မှုကို လက်ခံခွင့် ရမှာ”
စီနီယာဝမ်က ဆက်ပြောသည်။ “လက်ရှိမှာ သူတို့ထဲက အမြန်ဆုံး တစ်ယောက်က ဒုတိယအဆင့်ကို ရောက်နေပြီ၊ မကြာခင် ကျော်ဖြတ်တော့မှာမို့ မင်းလည်း အချိန်မီအောင် ကြိုးစားရလိမ့်မယ်”
လီဟောင် ခေါင်းညိတ်လိုက်ပြီး အခြေအနေကို နားလည်လိုက်သည်။
မလှမ်းမကမ်းမှ မူသူတော်စင်၊ မင်သူတော်စင်နှင့် အခြားသူများသည် စီနီယာဝမ်၏ စကားကို ကြားလိုက်ရသည်။ သူတို့၏ အမူအရာများမှာ ရှုပ်ထွေးနေသော်လည်း ဤလူသစ်မှာ တကယ့်ကို ထူးခြားသူဖြစ်ကြောင်း သိရှိသွားကြပြီး လီဟောင်၏ ထံမှ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။
အကယ်၍ သူတို့သာ အရှိန်မမြှင့်ပါက ဤလူသစ်၏ ကျော်တက်ခြင်းကို မကြာမီ ခံရတော့မည် ဖြစ်သည်။
ဤသည်မှာ အင်မော်တယ်ဧကရာဇ်၏ တာအိုအမွေအနှစ် ဖြစ်သည်။ ဤနေရာမှ ထွက်ခွာ၍ အစစ်အမှန်နယ်မြေသို့ သွားချိန်တွင် ‘အမည်ခံတပည့်’ အဆင့်လေး ရထားရုံနှင့်ပင် သူတို့သည် အလွန် ဂုဏ်သိက္ခာ ကြီးမားလာကြမည် မဟုတ်ပါလား။
မကြာမီမှာပင် သူတို့အားလုံး မျက်လုံးများကို မှိတ်လိုက်ကြပြီး၊ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းအကျပ် လုပ်ဆောင်ကာ စိတ်အာရုံများကို ကျင့်ကြံမှုထဲသို့ ပြန်လည် နစ်မြုပ်စေလိုက်ကြတော့သည်။
လော့ရှန်း၊ ဆောင်းလေပြင်းနှင့် အခြားသူများသည်လည်း အချိန်မရတော့ဟု ခံစားလိုက်ရသဖြင့် လီဟောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျင့်ကြံအားထုတ်မှုထဲသို့ ချက်ချင်း အာရုံပြန်စိုက်လိုက်ကြတော့သည်။
***