သူမ အခန်းထဲသို့ ပြန်ရောက် လာသောအခါ ကြောင်နက်ကလေးမှာမူ ချက်ချင်း ထွက်လာပေါ်လာခဲ့ပြီး ပခုံးပေါ်သို့ ခုန်တက်ကာ ပါးပြင်အား အချစ်ယုယစွာ ပွတ်သပ်နေခဲ့လေသည်။
"အဘိုး ဆိုတဲ့သူတွေ အားလုံးက ဒီလိုပဲလား"
သူမသည် ကြေးမုံပြင် ရှေ့တွင် ထိုင်ရင်း စိမ်းသက် နေသော်လည်း ရင်းနှီးနေသည့် ပုံရိပ်အား ကြည့်လျှက် မေးမြန်း လိုက်လေသည်။
"သာမန် လူ့ပတ်ဝန်းကျင် ဆက်ဆံရေးတွေ အရတော့ ဒီလိုပဲ ဖြစ်သင့်တာပေါ့"
ကြောင်နက်ကလေးသည် သူ၏ အမွေးဖွားဖွား အမြီးအား လှုပ်ယမ်းရင်း ဖြေလိုက်လေသည်။ 'အဘိုး' ဟူသော စကားလုံးသည် သူမအတွက် မည်မျှ အဓိပ္ပာယ် ရှိကြောင်းကိုလည်း ဤ ကြောင်ကလေး တစ်ကောင်သာ သိပေသည်။
"အဲ့ဒီလိုလား"
သူမ၏ မျက်လွှာများ ချလိုက်ရင်း ရင်ဘတ်အား ဖွဖွလေး ဖိကိုင် ထားလိုက်လေသည်။ ထိုရင်အုံ အတွင်းမှ နွေးထွေးလှသော ခံစားချက် တစ်ခု ဖြာထွက်လာသည်ကို သူမ ခံစားလိုက်ရကာ ၎င်းမှာ ယခင်တွင် တစ်ခါမျှ မခံစားဖူးခဲ့သော အရာမျိုးပင် ဖြစ်လေသည်။ အနည်းငယ် ဆွေးမြေ့ သလိုလိုနှင့် အနည်းငယ် နွေးထွေးလှသော ထိုခံစားချက်အား သူမ အလွန်ပင် နှစ်သက်မိလေသည်။
မော့ရွှမ်ဖေးနှင့် ပိုင်ယွင်ရှန်းတို့ ရောက်လာခဲ့ကာ စေ့စပ်ထားမှုအား ဖျက်သိမ်းခဲ့စဉ်ကပင် ဒေါသမထွက်ဘူးလားဟု ကျွင်းဝူယောင်မှ သူမအား တစ်ခါက မေးခဲ့ဖူးလေသည်။ ထိုစဉ်တွင် သူမရင်ထဲရှိ အဖြေမှာ "ဘာလို့ ဒေါသထွက်ရမှာလဲ" ဟူ၍သာ ဖြစ်လေသည်။
သူမအတွက်မူ ဤခန္ဓာကိုယ်၏ အတိတ်သည် သူမနှင့် မည်သည်နှင့်မျှ သက်ဆိုင်မှု မရှိချေ။ လင်းစံအိမ်တော် ဆိုသည်မှာလည်း သူမနှင့် သိပ် ပတ်သက်မှု မရှိလှ၍ ဒေါသထွက်ရန် မလိုအပ်ဟု ယူဆထားခဲ့သော်လည်း ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ ပြီ ဖြစ်သည်။
ကျွင်းရှန်၏ အသံများသည် သူမ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ဆေးသောက်ရန် မပြတ်တမ်း တတွတ်တွတ် သတိပေးတတ်ခြင်း သူမ ပြုံးစေရန် အတွက် ဟာသလေးများ လုပ်၍ ကြိုးစားတတ်ခြင်း စသည်တို့သည် သူမအတွက် လုံးဝ စိမ်းသက်နေသော အရာများ ဖြစ်လေသည်။
"သူက ငါ့အဘိုးပဲ"
ကြေးမုံပြင်ထဲမှ ပုံရိပ်လေးထံတွင် နှင်းခဲများကိုပင် အရည်ပျော် ကျစေနိုင်လောက်သည့် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်ထွက်လာခဲ့သည်။
အတိတ်တွင် သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ အတွက် နတ်ဘုရားများမှ လျော်ကြေး ပေးလိုက်ခြင်းပင်တည်း။ သူမအား ဂရုစိုက် ကာကွယ်ပေးမည့်သူ တစ်ယောက် ရှိခြင်းသည် မည်သို့သော ခံစားချက်မျိုး ဖြစ်ကြောင်း သိခွင့်ရရန် အတွက် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်လေသည်။ ဤ အသစ် ရှာဖွေတွေ့ရှိထားသော ပျော်ရွှင်မှုအား မည်သူ့ကိုမျှ လာရောက်၍ ဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်ပေ။
"လင်းစံအိမ်တော် ငါ့ကိုယ်ငါ ဒါမှမဟုတ် ငါ့အဘိုးဆီမှာ ဘာအန္တရာယ်မှ အဖြစ်ခံမှာ မဟုတ်ဘူး"
ဟု သူမသည် မျက်လုံးများအား ကျဉ်းမြောင်း လိုက်ရင်း ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေသည်။ အတိတ်အချိန်များတွင် မည်သည့်အရာကမျှ သူမ ဂရုစိုက်ရန် မတန်ခဲ့သော်လည်း ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လင်းစံအိမ်တော်သည် ယခုအခါ ရွှံ့နွံများထဲတွင် ကျရောက်နေခဲ့ပြီး ၎င်းအား ကာကွယ်ရန် အတွက် သူမအနေဖြင့် ပြတ်သားလှသော လုပ်ရပ် အချို့အား လုပ်ဆောင်ရပေမည်။ ကိစ္စရပ်များသည် ထိုမျှ မရိုးရှင်းလှချေ။
"ငါ့ရဲ့ ကြာဖြူလေး နောက်ဆုံးတော့ မင်းက ဘာလေးလဲ"
သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် လက်စွပ်နေရာ အလွတ်လေးအား ပွတ်ဆွဲရင်းဖြင့် တီးတိုးလေး ရေရွတ်လိုက်မိတော့သည်။ သူမ၏ လက်ချောင်းများဆီမှ အလင်းရောင် ဖျော့ဖျော့လေးများ ပြန့်ကျဲ ထွက်လာပြီးနောက် ကြာပန်းဖြူလေး တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
"ညောင်"
[သူဘာလုပ်နိုင်လဲဆိုတာ စမ်းကြည့်ချင်လို့လား]
ကြောင်နက်လေးသည် စိတ်လှုပ်ရှားစွာဖြင့် အမြီးအား တယမ်းယမ်း လုပ်နေခဲ့ကာ ခေါင်းလေး စောင်းလျှက် ကြာဖြူလေးအား စူးစိုက် ကြည့်နေခဲ့လေသည်။ သူမသည် ကြာဖြူလေးအား လက်ဖဝါး ပေါ်တင်၍ ပွင့်ဖတ်လေးများအား ညင်သာစွာ ပွတ်သပ် လိုက်ရာ ချိုမြိန်လှသော ရနံ့တစ်ခုသည် အခန်းတစ်ခုလုံးအား ပျံ့နှံ့သွားခဲ့သည်။
"အနံ့လေးက မွှေးလိုက်တာ"
ဟုဆိုကာ သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ဤရနံ့အား ရှူရှိုက်မိတိုင်း သူမ၏ သွေးလှည့်ပတ်မှုများ ပိုမို၍ ချောမွေ့လာသည်ဟု အမြဲခံစားခဲ့ရကာ ဤရနံ့နှင့် ထိုခံစားချက်တို့ ကြားတွင် ဆက်စပ်မှု တစ်ခုခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။
ဤကြာပန်းရနံ့မှာ အလွန် ထူးဆန်းလှပြီး ဆွဲဆောင်မှု ရှိသည့် အနံ့ရှိသည့်အပြင် လူ၏ သွေးကြောများအတွက်ပင် ကောင်းမွန်စေသော အကျိုးကျေးဇူး ရှိခြင်းကြောင့် ဤကြာပန်းတွင် အခြားသော အသုံးဝင်မှုများလည်း ရှိနိုင်ပေသေးသည်။ သူမက ပွင့်ဖတ်တစ်ခုအား ဆွဲခွာရန် လက်လှမ်းလိုက်စဉ် ထိုခဏ၌ ပွင့်ဖတ်အား မဆွဲခွာရသေးမီမှာပင် တစ်စုံတစ်ခု ဖြစ်ပျက်သွားတော့သည်။
"အား နာတယ် နာတယ် နာတယ်ဗျ "
သူမ၏ ပတ်ဝန်းကျင် တစ်ခုလုံး မြူများ ဖုံးလွှမ်းသွားချိန်တွင် နူးညံ့လှသော ကလေးငယ်လေး တစ်ယောက်၏ အသံလေး ထွက်ပေါ်လာခဲ့သည်။ မြူခိုးများ တဖြည်းဖြည်း ကင်းစင် သွားသောအခါ ကြမ်းပြင်ပေါ်တွင် ကလေးငယ်လေး တစ်ယောက် ထိုင်နေသည်ကိုသည မြင်လိုက်ရလေသည်။ သူသည် မိမိလက်မောင်းအား ကိုင်ကာ မျက်ရည်များ ဝဲလျက် ကျွင်းဝူရှဲ့အား ညှိုးငယ်စွာ မော့ကြည့်နေလေသည်။
ဤကလေးငယ်၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ကြောင်နက်လေးမှာ အလွန် လန့်ဖျပ်သွားခဲ့ပြီး ကျွင်းဝူရှဲ့၏ ပခုံးပေါ်တွင် အတင်း ပြန်ထိုင်ရန် ရုန်းကန်ရင်းဖြင့် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရလေသည်။
ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် နို့နှစ်ရောင် အသားအရေ ရှိသော အရုပ်လေး တစ်ရုပ်ကဲ့သို့ ဖြစ်နေသည့် ကလေးငယ်လေးအား ကြည့်ရင်းဖြင့် ကျွင်းဝူရှဲ့မှာ ဆွံ့အ သွားရလေတော့သည်။ သူသည် သူမ၏ စာချုပ်ဝိညာဉ် ကြာဖြူလေးနှင့် တစ်ပုံစံတည်း တူသော ကြာပန်းဖြူ ဒီဇိုင်းပါရှိသည့် ရင်ဖုံး အင်္ကျီလေးအား ဝတ်ဆင်ထားလေသည်။
(** နောက်ပိုင်းတွင် သစ္စာခံ ဝိဉာဉ်အား စာချုပ်ဝိဉာည်အဖြစ်လည်း အဆင်ပြေသကဲ့သို့ သုံးနှုန်းသွားပါမည် **)
***