ထို အကောင်ပေါက်လေးသည် မည်သည့် နေရာမှ ထွက်လာလေသနည်း။ သူ၏ နုနယ်လှသော မျက်နှာလေးနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေကာ မျက်ရည်ဝဲနေသည့် မျက်လုံးဝိုင်းကြီးများဖြင့် ကျွင်းဝူရှဲ့အား တစ်စုံတစ်ရာ ကြီးကြီးမားမား အမှားလုပ်ထားမိသူ တစ်ယောက်ကဲ့သို့ စိုက်ကြည့်နေခဲ့လေသည်။
"မိစ္ဆာကောင်"
ကြောင်နက်ကလေးသည် ထိုကောင်လေးအား စိုက်ကြည့်ရင်း ကျယ်လောင်စွာ အော်လိုက်လေသည်။
"ကျွန်တော် မိစ္ဆာမဟုတ်ပါဘူးဗျ"
သူကိုယ်တိုင် အော်လိုက်မိသဖြင့် ပြန်လန့်သွားသည့် ကလေးငယ်သည် လက်ချောင်းလေးများအား ကလူဆော့ကစားရင်း ပြောလိုက်လေသည်။
"မင်းက ဘယ်သူလဲ"
ကျွင်းဝူရှဲ့သည် သူ့အား အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်လေသည်။
[သူ့ကို အပြင်လွှင့်ပစ်လိုက် ဒီကောင်က သေချာပေါက် မိစ္ဆာပဲ]
ကြောင်နက်လေးမှာ ထုံကျဉ်သွားသလိုပင် ခံစားလိုက်ရလေသည်။ သူတို့ ဤကမ္ဘာသို့ ကူးပြောင်းလာ ချိန်ကတည်းမှ ထူးထူးဆန်းဆန်း ကိစ္စပေါင်းစုံ ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေခဲ့သည် မဟုတ်ပါလော။ သူ့အား အပြင်လွှင့် ပစ်သင့်ကြောင်း ကြောင်လေးမှ ပြောသည်အား ကြားသောအခါ ကလေးငယ်မှာ ချက်ချင်းပင် ငိုချလိုက်လေတော့သည်။
"ကျွန်တော် မိစ္ဆာမဟုတ်ပါဘူး သခင်မ ကျွန်တော့်ကို လွှင့်ပစ်လို့မရဘူးလေ ကျွန်တော်က သခင်မရဲ့ စာချုပ်ဝိညာဉ်ပါ စာချုပ်ဝိညာဉ်ပါဆို သခင်မက ကိုယ်ပိုင် စာချုပ်ဝိညာဉ်ကို ဘယ်လိုလုပ် လွှင့်ပစ်ရက်မှာလဲလို့"
ရှိုက်ကြီးတငင် ငိုကြွေးနေသော ကလေးငယ်သည် ကျွင်းဝူရှဲ့အား မော့ကြည့်ရင်း ပြောလိုက်လေရာ သူ၏ မျက်လုံးများမှ မျက်ရည်ပေါက်ကြီးများ ကျဆင်းလာခဲ့ကာ ရုတ်တရက် အခန်းထဲတွင် ပြင်းထန်လှသော ကြာပန်းရနံ့များ ဖုံးလွှမ်းသွားခဲ့လေသည်။
"စာချုပ်ဝိညာဉ်တွေက လူအဖြစ် ပြောင်းလဲနိုင်တယ်လို့ ငါမသိခဲ့ပါလား"
ကျွင်းဝူရှဲ့မှ ခပ်ပြတ်ပြတ်ပင် ပြန်ပက်လိုက်ပြီးနောက် သူမ၏ လှပသော မျက်နှာထက်တွင် အနည်းငယ်မျှ ပျော့ပျောင်း သွားသည့် အရိပ်အယောင် တစ်စိုးတစ်စမှ မရှိခဲ့ပေ။ ကလေးငယ်သည် ပါးစပ်လေးဟသွားခဲ့ကာ အနိုင်ကျင့် ခံရသူ တစ်ယောက်ပမာ ကျွင်းဝူရှဲ့အား ကြည့်နေလိုက်လေသည်။
"ကျွန်တော်က တကယ်ပဲ သခင်မရဲ့ စာချုပ်ဝိညာဉ်ပါ သခင်မ မယုံရင် သခင်မနဲ့ ပိုရင်းနှီးတဲ့ ပုံစံမျိုးကို ပြောင်းပြပါ့မယ်"
ထို့နောက် သူက မျက်ရည်များ ကျဆင်းလာမည်အား အောင့်အည်းရင်း ဖြည်းညင်းစွာ မတ်တတ် ရပ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူသည် အရိပ်အယောင် မကျန် ပျောက်ကွယ်သွားပြီးနောက် ထိုနေရာ၌ လှပသော ကြာဖြူ တစ်ပွင့် လေထဲတွင် လွင့်မျောနေတော့လေသည်။
ကျွင်းဝူရှဲ့မှာ သူမ၏ စိတ်ထဲရှိ အံ့ဩမှင်တက်မှုများအား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။
‘ဖောင်း ‘ကနဲမြည်ကာ ကြာဖြူလေး တစ်ဖန် ပျောက်ကွယ်သွားခဲ့ကာ ကလေးငယ်မှာ ထိုနေရာတွင် ပြန်၍ ပေါ်လာခဲ့ပြန်သည်။ ထိုခဏတွင် ကျွင်းဝူရှဲ့သည် သူမ၏ ယခင်ကမ္ဘာမှ မျက်လှည့်ဆရာများကိုပင် သွားသတိရမိလိုက်သေးသည်။
"အခု ကျွန်တော့်ကို ယုံပြီလားဟင်"
ကောင်လေးသည် ကျွင်းဝူရှဲ့၏ တုံ့ပြန်မှုအား အသည်းအသန် စောင့်ကြည့်နေခဲ့သည်။ ဝိညာဉ်ကမ္ဘာထဲတွင်ပင် သူသည် အခြားသူများနှင့် ကွာခြား နေကြောင်းကိုလည်း သူကိုယ်တိုင် သိရှိထားသော်ငြားလည်း သူသည် အမှန်တကယ်ပင် စာချုပ်ဝိညာဉ် တစ်ခု ဖြစ်နေသေးသည် မဟုတ်ပါလော။
ကျွင်းဝူရှဲ့မှ သူမ၏ "စာချုပ်ဝိညာဉ်" ကြာဖြူလေးအား စိမ်ပြေနပြေ ကြည့်နေလိုက်လေသည်။ အပင်စာချုပ် ဝိညာဉ် ဟူသည်အား ပထမဆုံးအကြိမ် ကြားခဲ့ဖူးခြင်း ဖြစ်၍ လက်ခံရန် ခက်ခဲနေချိန်တွင် ယခုလို အသွင်ပြောင်းနိုင်သည်ကိုပါ မြင်ရသောအခါ ပို၍ပင် အံ့အားသင့် သွားရလေတောာ့သည်။
သို့ရာတွင် ထိုမျှ သေးသွယ်သော လက်မောင်းနှင့် ခြေထောက်လေးများအား ကြည့်ရသည်မှာ တိုက်ခိုက်ရန် မဆိုထားနှင့် အခြားသူများမှ လက်သီး တစ်ချက်လောက် ထိုးလိုက်လျှင်ပင် ချက်ချင်း အသက် ထွက်သွား လောက်ပေမည်။
"သေချာပါတယ် ဒါက အသုံးမကျသေးဘူးပဲ"
ကျွင်းဝူရှဲ့မှ တီးတိုး ရေရွတ်လိုက် ပြီးနောက် ၎င်းမှာ သူမ မျှော်လင့် ထားသကဲ့သို့ သစ္စာခံ စာချုပ်ဝိညာဉ် မဟုတ်သောကြောင့် မကျေနပ်မှုများအား ဖုံးကွယ်မထားဘဲ မျက်မှောင်အနည်းငယ် ကြုတ်လျှက် ပြောလိုက်လေသည်။ အတွေးလွန်နေသော ကျွင်းဝူရှဲ့သည် သူမ ဂရုတစိုက်မရှိဘဲ ပြောလိုက်သည့်် စကားများကြောင့် မူလကတည်းမှ ဂနာမငြိမ် ဖြစ်နေသည့် ကြာပန်းလေးမှာ တစ်ဖန် မျက်ရည်ကျ လုမတတ် ဖြစ်သွားသည်အား သတိမထားမိခဲ့ချေ။
"ဟင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို နှင်မထုတ်ပါနဲ့ ကျွန်တော် ကျွန်တော် အသုံးဝင်ပါတယ် ကျွန်တော် တကယ်ကို အသုံးဝင်ပါတယ်လို့"
မိမိသခင်မ၏ ရွံရှာမှုအား ရိပ်မိသွားသော ကြာပန်းဖြူလေးမှာ ဆက်လက်၍ မခံစားနိုင်တော့ဘဲ သူမဆီသို့ ပြေးဝင်ကာ ခြေထောက် တစ်ဖက်အား ဖက်တွယ်ထားရင်း ရေပိုက်ခေါင်းပွင့်သွားသကဲ့သို့ မျက်ရည်များ တသွင်သွင် စီးကျ လာလေတော့သည်။
"ကျွန်တော် တကယ် အသုံးဝင်ပါတယ် ပြန်မပို့ပစ်လိုက်ပါနဲ့နော်"
သူမမှ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်မည်အား ကြောက်ရွံ့စွာဖြင့် ကြာပန်းလေးသည် သူမ၏ ခြေထောက်ကို ခေါင်းမာစွာ ဖက်တွယ်ထားခဲ့လေသည်။
"ပြန်ပို့ပစ်ရမယ် ဘယ်ကိုလဲ"
ကြာပန်းလေး၏ စကားများသည် သူမအား ယခင် အတွေးများထဲမှ နိုးထ လာစေသောကြောင့် ကျွင်းဝူရှဲ့မှ နောက်ဆုံးတွင် ပြန်မေးလိုက်မိလေသည်။
***