ကလေးငယ်တစ်ယောက် ဤကမ္ဘာလောကသို့ မွေးဖွားလာချိန်တွင် စာချုပ်ဝိညာဉ်များသည် လူသားဝိညာဉ်နှင့် နှောင်ကြိုး ဖွဲ့လေ့ရှိကြကာ ထို စာချုပ်ဝိညာဉ်များသည် လူသားများ၏ စိတ်ဝိညာဉ်ထဲတွင် အိပ်စက်နေခဲ့ကာ အသက် ဆယ့်လေးနှစ် အရွယ်ရောက်မှသာ နိုးထလာခဲ့ကြသည်။ သေဆုံးသွားသည့် အချိန်မှလွဲ၍ ၎င်းတို့အား ခွဲခြားနိုင်သည့် မည်သည့် နည်းလမ်းမျှ မရှိပေ။
လူတစ်ယောက်သည် တစ်သက်တာလုံး အတွက် စာချုပ်ဝိညာဉ် တစ်ခုနှင့်သာ နှောင်ကြိုး ဖွဲ့နိုင်သောကြောင့် သူမ၏ စာချုပ်ဝိညာဉ်သည် မည်မျှပင် အသုံးမကျ ဖြစ်နေသည် ဖြစ်စေ သူမတွင် အခြားရွေးချယ်စရာ မရှိသည့်အပြင် ၎င်းအား လွှင့်ပစ်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
"ဝိညာဉ်ကမ္ဘာကိုပါ"
ဟု ကြာပန်းလေးမှ ခါးသီးစွာ ပြန်ဖြေလေသည်။
"အဲ့ဒီကနေ မင်းလာတာပေါ့"
ဤသည်မှာ သူမ ထိုနေရာ အကြောင်းအား ပထမဆုံးအကြိမ် ကြားဖူးခဲ့ခြင်း ဖြစ်ပေသည်။ ကြာပန်းလေးမှ ခေါင်းညိတ်လိုက် ပြီးနောက် ကျွင်းဝူရှဲ့သည် သူ့အား မုန်းတီးသွားမည်ကိုလည်း ကြောက်ရွံ့နေသည့် အလား လိမ္မာ ရေးခြား ရှိစွာဖြင့် ဆက်ပြောပြလိုက်လေသည်။
"မနိုးထခင်အချိန်အထိ စာချုပ်ဝိညာဉ်တွေက ဝိညာဉ်ကမ္ဘာထဲမှာ နေကြရတယ် လူသေသွားရင်လည်း ကျွန်တော်တို့ အဲ့ဒီကို ပြန်သွားရတယ် အဲ့ဒီနေရာကြီးက အရမ်း ကြောက်စရာ ကောင်းတယ် ကျွန်တော် အခုမှ သီသီလေး လွတ်လာတာမို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲ့ဒီကို ပြန်မပို့ပါနဲ့နော်"
သူမ ထိုသို့ လုပ်ချင်သော်လည်း လုပ်လို့ရပါမည်လား။
"ကျွန်တော် ကျွန်တော် အသုံးဝင်တယ်ဆိုတာ သက်သေပြနိုင်ပါတယ် ခဏလေးစောင့်ပါဦး"
ရုတ်တရက် ပေါ်လာသည့် ဆုံးဖြတ်ချက် တစ်ခုသည် ကြာပန်းလေးအား ဝင်ပူးသွား သည့်အလား သူမ၏ ခြေထောက်အား လွှတ်ပေးလိုက် ပြီးနောက် သူ၏ သေးငယ် နုနယ်လှသော ခန္ဓာကိုယ်လေး တုန်ရီနေလျက် မတ်တတ်ရပ်လိုက်ကာ ကျွင်းဝူရှဲ့ ရှေ့သို့ သူ၏ နူးညံ့သော လက်မောင်းလေးအား ဆန့်ထုတ်ပေးလိုက်လေသည်။
"ဟင်"
ကျွင်းဝူရှဲ့သည် သူ့အား အပြစ်ကင်းစင်ကာ နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ မေးလိုက်သည်။ ကြာပန်းလေးမှ နှာမှုတ်လိုက်ပြီးနောက် နာကျင်ရတော့မည့် အမူအရာ ပေါ်လွင်နေဟန် ရသည့် သူ၏ နုနယ်သည့် မျက်နှာလေးဖြင့် သူမအား ကြည့်လျှက် သတ္တိမွေးလိုက်ပြီးနောက် နောက်ဆုံးတွင် အော်ပြောလိုက်လေတော့သည်။
"စားလိုက်ပါ"
ကျွင်းဝူရှဲ့သည် မည်သို့ ပြန်ပြောရမည်အား နားမလည်တော့ပဲ ဆွံအသွားမိလေတော့သည်။
‘ ဘာကိုစားရမှာလဲဟ’
"ကျွန်တော်က ထူးဆန်းတဲ့ ကြာပန်းပါ သခင်မသာ ကျွန်တော့်ရဲ့ ပွင့်ဖတ်တွေကို စားလိုက်ရင် သခင်မရဲ့ သွေးတွေကို သန့်စင်ပေးနိုင်ပြီးတော့ အညစ်အကြေးတွေ အားလုံးကို ဖယ်ရှားပေးနိုင်ပါတယ်"
ဟု ကြာပန်းလေးက ဂုဏ်ယူဝံ့ကြွားစွာဖြင့် အားမာန်အပြည့်ဖြင့် ပြောပြလိုက်လေသည်။ ထိုစကားအား ကြားသောအခါ ကျွင်းဝူရှဲ့၏ မျက်လုံးများ အရောင် လက်သွားခဲ့လေသည်။ သွေးသန့်စင်ခြင်းဆိုသည်မှာ မည်မျှ ရှားပါးကြောင်းကို သူမထက် ပို၍ သိသူ မရှိပေ။ ဆေးတစ်ခွက်သည် မည်မျှပင် အစွမ်းထက်စေကာမူ ကန့်သတ်ချက် တစ်ခုတော့ ရှိစမြဲ ဖြစ်လေသည်။
လူ့ခန္ဓာကိုယ်အား အားဖြည့်ပေးကာ ကြံ့ခိုင်မှုအား တိုးတက်စေနိုင်သော်လည်း ခန္ဓာကိုယ် အတွင်းရှိ အညစ်အကြေးများ အားလုံးကို အမှန်တကယ် သန့်စင် ပေးနိုင်ခြင်းသည် အသစ် တစ်ဖန် ပြန်လည်၍ မွေးဖွားခြင်းနှင့် တူညီပေသည်။
သူမ၏ ယခင်ကမ္ဘာတွင် နည်းပညာနှင့် ဆေးပညာများ အလွန် တိုးတက်နေသော်လည်း သိပ္ပံပညာရှင် များစွာသည် မျိုးရိုးဗီဇနှင့် ၎င်းတို့သည် လူ့ခန္ဓာကိုယ်အပေါ် မည်သို့ အကျိုး သက်ရောက်ကြောင်းကို သုတေသန ပြုနေကြဆဲ ဖြစ်ကာ သင့်လျော်သော နည်းလမ်းများအား ရှာမတွေ့ကြသေးပေ။
ကြာပန်းလေး ပြောသည်သာ အမှန်ဖြစ်ခဲ့လျှင် သူသည် အမှန် တကယ်ကို အရေးပါသူပင် ဖြစ်လေသည်။ ကြာပန်းလေး အမှန်ပြောနေခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ရန် ကျွင်းဝူရှဲ့သည် သူ၏ နူးညံ့သော လက်မောင်းလေးအား ဆုပ်ကိုင်လိုက်လေသည်။
သူမရှေ့ရှိ ကောင်လေးမှာ အမှန်တကယ်တွင် ကြာဖြူ တစ်ပွင့် ဖြစ်ကြောင်း သိထားသော်လည်း လူပုံစံ ပေါက်နေခြင်းသည် သူမအား ဆက်လုပ်ရန် ခက်ခဲစေလေသည်။ သူမသည် သူ၏ လက်မောင်းအား နှုတ်ခမ်းနားသို့ တေ့လိုက်ပြီးနောက် သူ့အား ကြည့်လိုက်ရာတွင် ထိုကောင်ကလေးသည် မျက်ရည်ပေါက်ကြီးများ ကျဆင်းကာ အသံထွက်၍ပင် ငိုကြွေးနေလေခဲ့လေပြီ ဖြစ်သည်။
ကျွင်းဝူရှဲ့ ကြောင်အသွားမိလေသည်။
‘ငါက တကယ့်ကို မိစ္ဆာကောင်မှ မဟုတ်တာ
သက်ပြင်းအား ဖွဖွလေးချလိုက်ရင်းဖြင့် သူမသည် သူ၏ နူးညံ့လှသော လက်မောင်းလေးအား ပြန်ချပေးလိုက်တော့သည်။ ကြာပန်းလေးသည် သခင်မအတွက် အသုံးဝင်စေရန် ပြတ်ပြတ်သားသား ဆုံးဖြတ် ထားသော်လည်း သူမ၏ နှုတ်ခမ်းများဆီသို့ သူ၏ လက်မောင်းအား တေ့လိုက်သည်အား မြင်သောအခါ သူကိုယ်တိုင် အကြောက်တရားအား မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ အလိုအလျောက် ကျဆင်းလာခဲ့ရခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့် နာကျင်မှု ရောက်မလာသောအခါ သူ့တွင် ရောထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့ရလေသည်။ မစားခံရသည့် အတွက် သူ အလွန်ဝမ်းသာသော်လည်း သခင်မမှ သူ့အား အမှန်တကယ် အသုံးမကျဘူးဟု ခံစားရကာ စွန့်ပစ်သွားမည်ကိုလည်း စိုးရိမ်နေမိပြန်လေသည်။
"ကျွန်တော် ကျွန်တော် တကယ် နာတာကို မကြောက်ပါဘူး"
ဟု ကြာပန်းလေးမှ အားနည်းသော အသံဖြင့် ပြောလိုက်လေသည်။ ကျွင်းဝူရှဲ့သည် သူ၏ နီရဲကာ မျက်ရည်များ ဝဲနေသည့် မျက်လုံးများကိုသာ စိုက်ကြည့်နေလိုက်တော့သည်။ ကြာပန်းလေးမှာ ချက်ချင်းပင် စိတ်ဓာတ် ကျသွားလေတော့သည်။
***