"ဟိုလေ နာတော့ နာတာပေါ့ ဒါပေမဲ့ ပြန်ပေါက်လာမှာပါ"
ကြာပန်းလေးမှ တိုးတိုးလေး ပြောရှာလေသည်။
"မင်းရဲ့ ပွင့်ဖတ်တွေက မင်းခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေလား"
ကျွင်းဝူရှဲ့မှ အသေအချာ ပြန်မေးလိုက်လေသည်။ ကြာပန်းလေးမှ ခေါင်းညိတ် ပြလိုက်လေသည်။
"ဒါဆို ငါက ပွင့်ဖတ်တစ်ဖတ်ကို ဆွဲခွာမယ်ဆိုရင် တကယ်တော့ မင်းရဲ့ လက်မောင်းကို ဆွဲဖြုတ်နေတာပေါ့ ဟုတ်လား"
ကြာပန်းလေးမှ နောက်တစ်ကြိမ် ထပ်၍ ခေါင်းညိတ်လိုက်ပြန်သည်။ ကျွင်းဝူရှဲ့ တစ်ယောက် လုံးဝ ဆွံ့အသွားရလေတော့သည်။
ဤကောင်လေးထံတွင် အသုံးဝင်မည့်အချက်အား ရှာတွေ့ခါမှ လူသားစားသကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်နေပြန်ပေသည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းမှာ သူမ၏ စည်းကမ်းချက်များအား ကျော်လွန်နေသဖြင့် သူမ လုံးဝ ပြုလုပ်လိမ့် မည်မဟုတ်ပေ။ ထို့ကြောင့် ဤကောင်လေးမှာ အသုံးမကျသော အဆင့်သို့ ပြန်လည်၍ ရောက်ရှိသွားပြန်တော့သည်။
"အာ ဒါရှိသေးတယ်"
ကြာပန်းလေးက ရုတ်တရက် အာမေဍိတ်သံပြုရင်း သူ၏ ရင်ဖုံးအင်္ကျီလေးအား စမ်းလျှက် လက်သီးဆုပ်လေးကို ဖြန့်ပြ လိုက်လေသည်။ သူ၏ လက်ဖဝါး ပေါ်တွင် ငြိမ်သက်စွာ တည်ရှိနေသည့် ကြာစေ့လေး ငါးစေ့အား တွေ့လိုက်ရတော့သည်။
"ဒါတွေက ဘာတွေလဲ"
ကျွင်းဝူရှဲ့မှ မေးလိုက်လေသည်။
"ဒါတွေက ကြာစေ့တွေလေ"
ကြာပန်းလေးမှ မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ပြောလာခဲ့သည်။
"ပွင့်ဖတ်တွေကို စားတာလောက် အစွမ်းမထက်ပေမဲ့ ဒါကို စားရင်လည်း အရိုးအဆစ်တွေကို သန်မာစေပြီးတော့ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးနိုင်ပါတယ် ဒါပေမဲ့ ကြွက်သားနဲ့ အကြောတွေကိုတော့ အသစ် ပြန်မဖြစ် စေနိုင်ဘူးပေါ့"
ဟု သူ၏ အသံလေးသည် ရှင်းပြရင်း တဖြေးဖြေး တိုးသွားခဲ့လေသည်။
"ငါးစေ့ပဲလား"
ကျွင်းဝူရှဲ့မှ မျက်မှောင်ကြုတ် လိုက်မိသည်။ ဤမျှ အစွမ်းထက်သည် ဆိုလျှင်ပင် မဆိုးလှဟု ဆိုရပေမည်။
"အခုလောလောဆယ်တော့ ငါးစေ့ပဲ ကျန်တော့တာ တစ်လမှ တစ်စေ့ပဲ ထွက်တာလေ ကျန်တဲ့သူတွေက အကုန်စားပစ်ကြလို့ ကျွန်တော် ဒီငါးစေ့ပဲ ချန်ထားနိုင်ခဲ့တာ"
ကြာပန်းလေးမှ ကြောက်ကြောက်လန့်လန့်ဖြင့် ဖြေရှာလေသည်။
"သူတို့ "
ကျွင်းဝူရှဲ့အနေဖြင့် သူ၏ ပြောဆိုပုံအား နားလည်ရန် ခက်ခဲလှသော်လည်း တစ်လ တစ်စေ့ ထွက်သည် ဆိုသည်မှာလည်း မဆိုးလှဟု တွေးလိုက်မိလေသည်။
ထိုကြာစေ့ ငါးစေ့အား လုံခြုံစွာ သိမ်းဆည်း ပြီးနောက် ကျွင်းဝူရှဲ့သည် သူမ၏ ကြာပန်းလေး အကြောင်းအား စဉ်းစားနေမိလေသည်။ သူသည် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း အာရုံခံနိုင်စွမ်းမှာ အတော်ပင် ကောင်းမွန်လှပေသည်။ ဤကြာစေ့များသည် နတ်ဆေး အဆင့် မဟုတ်သော်လည်း လူတစ်ယောက်၏ ကိုယ်ခံစွမ်းအားအား သိသိသာသာ မြှင့်တင်ပေးနိုင်လေသည်။ ဤသည်မှာ သူမ ယခုအချိန်တွင် အလိုအပ်ဆုံးအရာပင် ဖြစ်ချေသည်။
သူမကိုယ်တိုင် ဖြစ်စေ ကျွင်းရှန် သို့မဟုတ် ကျွင်းချင်းဖြစ်စေ အားလုံးသည် ခန္ဓာကိုယ် ဖွဲ့စည်းပုံအား မြှင့်တင်ရန် လိုအပ်နေကြသူများ ဖြစ်ပေသည်။
ခန္ဓာကိုယ် ပြုပြင်သည့် ဆေးဝါးများသည် အတိုင်းအတာ တစ်ခုအထိသာ အစွမ်းထက်နိုင်ကာ ဘေးထွက် ဆိုးကျိုးများ ရှိတတ်သည့် အပြင် အရိုးများအား ပစ်မှတ်ထား ကုသရန်မှာ အခက်ခဲဆုံး ဖြစ်ပေသည်။ ဤကြာစေ့များသည် ပထမဆုံး အဓိက ခြေလှမ်းအား ဖြေရှင်းပေးလိုက်ခြင်းပင် ဖြစ်သည်။
သန်မာသော အရိုးအဆစ်များအား အခြေခံ အဖြစ် ရရှိထားလျှင်မူ ကျန်ရှိနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများအား ပြုပြင်ရန်မှာ သူမအတွက် ကလေးကစားစရာမျှသာ ဖြစ်ပေလိမ့်မည်။
စာချုပ်ဝိညာဉ် တစ်ခု ရှိလာပြီ ဖြစ်၍ သူမအနေဖြင့် ဤကမ္ဘာသစ်တွင် ကျင့်စဉ်များအား စတင်၍ လေ့ကျင့်နိုင်ပြီ ဖြစ်ပေသည်။ ကြာပန်းလေးမှာမူ မတိုက်ခိုက်နိုင်လျှင်ပင် အနည်းဆုံးတွင် သူမကိုယ်တိုင် ကျင့်ကြံ အားထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ပြီ မဟုတ်ပါလော။
ကြာပန်းလေးသည် ကျွင်းဝူရှဲ့ထံမှ အသိအမှတ်ပြုမှုအား စိုးရိမ်တကြီး စောင့်ဆိုင်းနေရင်းဖြင့် သူ၏ လက်ချောင်းလေးများအား ကစားနေစဉ် သူမသည် နောက်ဆုံးတွင် ခေါင်းညိတ်ပြ လိုက်တေ့ာသည်။
မိမိအား စွန့်ပစ်မည် မဟုတ်ကြောင်း သိလိုက်ရသောအခါ ကြာပန်းလေးသည် မျက်ရည်များ ဝဲလျက် ပြုံးပျော်သွားလေတော့သည်။
သူသည် သခင်သစ်အတွက် အကောင်းဆုံး စာချုပ်ဝိညာဉ် ဖြစ်လာစေရန်နှင့် အစွမ်းကုန် ကြိုးစားရန် ရင်ထဲ၌ ကတိပြုလိုက်တော့သည်။ သူမသည် သူ့အား သေချာစွာ လေ့လာကြည့်လေရာ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အသီးသီးတွင် မတူညီသည့် အာနိသင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ၏ အသားနှင့် သွေးသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အသစ် ပြန်ဖြစ်စေနိုင်ကာ မျက်ရည်များမှာပင် သွေးအား ပြုပြင်ပေးနိုင်စွမ်း ရှိပေသည်။ တိုက်ခိုက်ရေးစွမ်းရည် သုည ဖြစ်နေသည် မှလွဲလျှင် ၎င်းအား အဖိုးဖြတ်မရနိုင်သော ရတနာတစ်ခုဟုပင် ဆိုရပေမည်။
***