မျက်ရည်များအား စုဆောင်းရန် အတွက် ကြောင်နက်လေးသည် ကြာပန်းလေးကို နှစ်ချက် သုံးချက်ခန့် ဆွဲဆိတ်လိုက်လေရာ မျက်ရည်များမှာ ရေပိုက် ခေါင်းပွင့်သွားသကဲ့သို့ တသွင်သွင် စီးကျလာလေတော့သည်။
ဤတစ်ကြိမ်တွင်မူ မျက်ရည်များအား ပုလင်းငယ် တစ်ခုထဲတွင် စုဆောင်းလိုက်တော့သည်။ ဤသည်မှာ ကျွင်းရှန်နှင့် ကျွင်းချင်းတို့ အတွက် အထူး ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
သူမကိုယ်တိုင် မသန်မာလာမ ီအချိန်အထိ လင်းစံအိမ်တော်၏ လုံခြုံရေးမှာ ထိုနှစ်ဦး၏ ပုခုံးပေါ်တွင်သာ မူတည်နေပေသည်။ အလွန်အမင်း ငိုကြွေး ပြီးနောက် မောပန်းနွမ်းနယ် သွားသော ကြာပန်းလေးမှာ မထင်မရှား လက်စွပ်လေး အဖြစ် ပြန်ပြောင်းသွားခဲ့ကာ သူမ၏ လက်ချောင်း ပေါ်တွင် ငြိမ်သက်စွာ ကပ်ပါ သွားတော့သည်။
ရိတ်သိမ်းမှု အနည်းငယ် ရရှိပြီးနောက် ကျွင်းဝူရှဲ့သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။ မိုးသောက် အလင်းရောင် ရောက်သည်နှင့် သူမသည် ကျွင်းရှန်အား သွားရောက် ရှာဖွေတော့သည်။
သူမ၏ အဘိုးဖြစ်သူ ကျွင်းရှန်မှာ ချစ်လှစွာသော မြေးမလေးမှ သူ့အား ကိုယ်တိုင်ကိုယ်ကျ လာရှာသည်ကို မြင်သောအခါ အံ့ဩသွားရတော့သည်။ သူမ ဒဏ်ရာရစဉ်ကတည်းမှ စ၍ သူမနှင့် အတူရှိစေရန် အခွင့်အရေး ရှားပါးခဲ့ကာ သူမနှင့် စကားပြောရန် ကြိုးစားတိုင်း သူမသည် တိတ်ဆိတ်ကာ လူအများနှင့် ဝေးကွာနေသဖြင့် သူ့မှာ ရင်ထုမနာ ဖြစ်ခဲ့ရလေသည်။
"ဝူရှဲ့ ဘာလို့ ဒီကို ရောက်လာတာလဲ လာ မြန်မြန် ထိုင်ဦး"
ကျွင်းရှန်သည် သူမအား အနီးဆုံး ထိုင်ခုံသို့ အလျင်အမြန် ခေါ်ဆောင်သွားတော့သည်။ ကျွင်းဝူရှဲ့သည် သူမ၏ မျိုးဆက်တွင် တစ်ဦးတည်းသော မြေးမလေး ဖြစ်သည့် အပြင် ကျွင်းချင်းမှာလည်း မသန်စွမ်း ဖြစ်နေသဖြင့် သားသမီးရရန် မသေချာသောကြောင့် သူမကိုသာ ရတနာတစ်ခုလို တန်ဖိုးထားကြခြင်း ဖြစ်ပေသည်။ သူမသည် ငြိမ်သက်စွာ ထိုင်လိုက်ပြီးနောက် အဘိုးအသစ် ဖြစ်လာသူနှင့် တဖြည်းဖြည်း ရင်းနှီးအောင် ကြိုးစားလိုက်တော့သည်။
"အဘိုး သမီး အဘိုးနဲ့ ဆွေးနွေးစရာ တစ်ခုရှိတယ်"
သူမမှ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ သူမ၏ ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် ကျွင်းရှန်၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။ ပျံ့နှံ့နေသော ကောလာဟလများအား သူမ ကြားသွားလေသလား သူမသိချေ။
"ပြောလေ မြေးလေး ဘာပဲလိုချင်လိုချင် ပြောသာပြော အဘိုး တတ်နိုင်သမျှ အကုန်လုပ်ပေးမယ်"
ဟု သူ နွေးထွေးစွာ ဆိုလိုက်လေသည်။ ကျွင်းဝူရှဲ့သည် လည်ချောင်းအား တစ်ချက် ရှင်းလိုက်လေသည်။ ဤသည်မှာ သူမအတွက် ပထမဆုံးသော 'မိသားစု' ဆန်သည့် တရားဝင် စကားပြောဆိုမှု ဖြစ်ပေသည်။
"သမီးမှာ စာချုပ်ဝိညာဉ် မရှိဘူးဆိုတာ အဘိုး သိပြီးသားပါ သမီး ကျင့်စဉ်တွေ မလေ့ကျင့်နိုင်ဘူးဆိုတာလည်း သိပါတယ် ဒါကြောင့် သမီး အခန်းထဲမှာ နားနေတုန်း ဆေးကျမ်းအချို့ကို ဖတ်ကြည့်နေခဲ့တယ် သမီးရဲ့ စာရေး စွမ်းရည်ကလည်း မဆိုးလှဘူး ဆိုတော့ ဝိညာဉ်စွမ်းအား မကျင့်ကြံနိုင်ပေမဲ့ ဆေးပညာကို လေ့လာချင်တယ် အဘိုး"
သူမအား အံ့ဩမှင်တက်စွာဖြင့် သူ ကြည့်နေလိုက်မိသည်။
‘သူ သူက တကယ်ပဲ ဒီလို အသိတရားရှိတဲ့ စကားမျိုး ပြောလာတာလား’
မြေးမလေးအား ချစ်သော်လည်း ပြဿနာရှာခြင်း မှလွဲ၍ အခြားသော အရည်အချင်း မရှိကြောင်း သူသိထားသဖြင့် ဆွံ့အလျက် ကျန်ရစ်ခဲ့လေသည်။ ကျွင်းရှန် ငြိမ်ကျသွားသည်အား မြင်သောအခါ ကျွင်းဝူရှဲ့မှ ဆက်လက်၍ ပြောလိုက်လေသည်။
"လင်းစံအိမ်တော်က အရင်လို အေးချမ်း မနေတော့ဘူးမလား သမီး ဒဏ်ရာ ရပြီးတဲ့နောက် အများကြီး စဉ်းစားမိသွားတယ် သမီးအတွက် စိတ်မပူပါနဲ့တော့ သမီး တကယ်ကို ပြောင်းလဲချင်တာပါ"
ကျွင်းရှန်သည်မည်သည်ကိုမှ ပြန်မပြောနိုင်တော့ဘဲ တိတ်ဆိတ်နေမိတော့သည်။ လင်းစံအိမ်တော်၏ လက်ရှိ အခြေအနေမှာ မကောင်းလှပေ။ မော့ရွှမ်ဖေး ကိုယ်တိုင်မှ စေ့စပ်မှုအား လာဖျက်ခြင်းသည် သူတို့၏ အခြေအနေ မတည်ငြိမ်တော့ကြောင်း ပြသနေခဲ့ခြင်း ဖြစ်သည်။ သူမအား မည်သည်ကိုမှ ဖုံးကွယ်ထား၍ မရတော့ကြောင်း သူ နားလည်လိုက်လေပြီ။
***