သူ၏ မြေးမလေးသည် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း ပူပင် ကြောင့်ကြ ကင်းဆဲ ဖြစ်လေသည်။ ထို့အပြင် ယခုကဲ့သို့ လိမ္မာယဉ်ကျေးကာ အသိတရားရှိလာခြင်းသည် ကျွင်းရှန်အား ဝမ်းသာအားရ ဖြစ်စေသလို တစ်ဖက်တွင်လည်း စိတ်မကောင်း ဖြစ်စေပြန်သည်။
မည်သို့ပင်ဆိုစေ သူကဲ့သို့သော အဘိုးမျိုး ရှိနေခြင်းမှာ အသုံးမကျလှချေ။ သူမသည် ငယ်စဉ်ကတည်းမှ မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရပြီးဖြစ်ရာ အဘိုးဖြစ်သူ အနေဖြင့် သူမအား အကာအကွယ် မပေးနိုင်သည့်အပြင် တည်ငြိမ်လှသော ဘဝတစ်ခုကိုပင် မဖန်တီးပေးနိုင်ခဲ့ချေ။
"ဒီကိစ္စကို မြေးလေး သဘောအတိုင်းပဲ လုပ်ပါကွယ် မြေး ဖြစ်ချင်တယ်ဆိုရင် ရှေ့ဆက်သာ တိုးပြီး လုပ်ပါ အဘိုးရှိနေသရွေ့ ဘယ်သူမှ မြေးကို အနိုင်ကျင့်လို့မရစေရဘူး"
ဟု ကျွင်းရှန်မှ မျက်ဝန်းများ အရောင်တောက်ပလျက် ကြေညာလိုက်လေသည်။ ကျွင်းဝူရှဲ့၏ အပြောင်းအလဲသည် သူ့အား အမှန်တကယ်ပင် ပျော်ရွှင်စေခဲ့လေသည်။
"ကျေးဇူးတင်ပါတယ် အဘိုး"
သူမမှ ခေါင်းညိတ်ပြလိုက်လေသည်။
"ငါတို့က မိသားစုတွေပဲ အားနာနေစရာ မလိုပါဘူးကွယ် မြေးသာ ပျော်နေမယ်ဆိုရင် အဘိုးလည်း စိတ်အေးရတာပေါ့"
သူမသည် ဆေးပညာအား အမှန်တကယ် စိတ်ဝင်စားနေသည်မှာ ဟိုလူယုတ်မာ မော့ရွှမ်ဖေး အကြောင်းအား တွေးနေသည်ထက်စာလျှင် ပို၍ပင် ကောင်းသေးသည် မဟုတ်ပါလော။
"အဘိုး အစေခံတွေကို ခိုင်းပြီးတော့ ဆေးကျမ်းတွေနဲ့ ဆေးဖက်ဝင် အပင်တွေ ပြင်ဆင် ခိုင်းထားလိုက်မယ် ဘာလိုအပ်တာရှိရှိ ဦးလေးဖူကိုသာ ပြောလိုက်"
ဦးလေးဖူသည် လင်းစံအိမ်တော်တွင် ဩဇာအာဏာရှိသူ တစ်ဦး ဖြစ်ပေသည်။ သူသည် ကျွင်းရှန် နောက်သို့ ငယ်စဉ် အချိန်ကတည်းမှ လိုက်ပါလာသူဖြစ်ကာ ကျွင်းဝူရှဲ့၏ ဖခင်ထံ အာဏာ မလွှဲပြောင်းမီ အထိ လွေ့လင်းစစ်တပ်တွင် ဒုတိယအဆင့်ရှိသူ ဖြစ်ခဲ့ဖူးသည်။ စစ်တပ်မှ အနားယူ ပြီးနောက်တွင် လင်းစံအိမ်တော်၏ အိမ်တွင်းရေးကိစ္စ အဝဝအား တာဝန်ယူထားသူ ဖြစ်လေသည်။
နေမွန်းမတည့်မီမှာပင် ဦးလေးဖူသည် အစေခံများအား စေလွှတ်ကာ ဆေးကျမ်းများနှင့် ဆေးဖက်ဝင်အပင်များကို ပို့ပေးလိုက်လေသည်။ ထိုသို့ဖြင့် သူမ၏ အခန်းထဲတွင် ဆေးကျမ်းများနှင့် ဆေးသေတ္တာကြီးများဖြင့် ပြည့်လျှံသွားတော့သည်။ ကျွင်းရှန်မှ သူမ၏ ဝင်းအနီးရှိ အခန်းလွတ် တစ်ခုကိုပင် ဆေးခန်းတစ်ခု အဖြစ် ပြောင်းလဲရန် ညွှန်ကြားလိုက်သေးသည်။
ဦးလေးဖူသည် အားလုံး အစီအစဉ်တကျ ရှိမရှိ စစ်ဆေး ပြီးနောက် ထွက်ခွာသွားလေတော့သည်။ သူမသည် အနီးရှိ စာအုပ်အချို့အား အမြန် လှန်လှော ကြည့်လိုက်ပြီးနောက် သာမာန်ကာလျှံကာ ဖတ်လိုက်ကာ ဘေးသို့ ချထားလိုက်တော့သည်။
သူမထံ ပို့ပေးလိုက်သည့် စာအုပ်များသည် အဆင့်မြင့်ဆုံး ဆေးကျမ်းများ မဟုတ်နိုင်သော်လည်း ရှားပါးစာအုပ်များ ဖြစ်ကြလေသည်။ သို့သော် သူမလက်ထဲသို့ ရောက်သွားသည်နှင့် အရာအားလုံးအား အလွတ် မှတ်မိသွားရုံသာမက စာအုပ်ထဲတွင် ဖော်ပြထားသည်ထက် ပိုမို၍ အဆင့်မြင့်သော ကုသမှုများကိုပင် သူမ ဖော်ပြနိုင်စွမ်း ရှိပေသည်။
ယခင်တွင် သူမ ကြုံတွေ့ခဲ့ရသော သမားတော် အတုများကြောင့် ဤကမ္ဘာ၏ ဆေးပညာ အဆင့်အတန်းအား သူမ စိတ်ပျက်မိခဲ့သော်လည်း ယခုအခါ ဆေးဖက်ဝင်အပင်များနှင့် ကုသမှုများသည် သူမ၏ ယခင်ကမ္ဘာနှင့် ကွာခြားမှု ရှိမရှိကို စမ်းသပ်ရန် လိုအပ်နေသေးသည်။
အချို့သောအချက်များ ဆင်တူ နေသော်လည်း ဤကမ္ဘာနှင့် ယခင်ကမ္ဘာမှ ဆေးပညာများအား ပေါင်းစပ်နိုင်စွမ်းရှိသည့် သူမ၏ နားလည်နိုင်စွမ်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်လေသည်။ တစ်ရက် အတွင်းမှာပင် သူမသည် အရာအားလုံးtm; နားလည် သဘော ပေါက်သွားခဲ့လေပြီ ဖြစ်သည်။ ဤကမ္ဘာ၏ ဆေးဖက်ဝင် အပင်များနှင့် အစွမ်းသတ္တိများအား စာအုပ်များတွင် မှတ်တမ်း တင်ထားခဲ့ကာ အချိန်တို အတွင်းမှာပင် သူမ၏ ဦးနှောက်ထဲ၌ အရာအားလုံးအား ရှင်းလင်းစွာ စနစ်တကျ ခွဲခြားထားလိုက်နိုင်လိုက်လေသည်။
[ဘယ်တော့ စမှာလဲ]
ကြောင်နက်လေးသည် ဆေးခန်းထဲတွင် ဟန်ပါပါ လှည့်ပတ် လမ်းလျှောက်နေခဲ့သည်။ ဆေးနံ့များသည် အခန်းထဲတွင် ပြည့်နှက်နေခဲ့သဖြင့် လွမ်းဆွတ်ဖွယ်ရာ အတိတ်များကို သတိရသွားစေခဲ့သည်။ သူ၏ သခင်မသည် ဆယ်စုနှစ် တစ်ခုကြာအောင် အလားတူ အခန်းမျိုးတွင် ဆေးဖက်ဝင် အပင်များနှင့် ဆေးကျမ်းများကြား၌ နစ်မွန်းကာ ဆေးညွှန်းများနှင့် ကုသမှုများအား ရှာဖွေနေခဲ့သည်ကို သူ မြင်ယောင်လာမိသည်။
"ငါ အလျင်မလိုပါဘူး"
ကျွင်းဝူရှဲ့မှ တည်ငြိမ်စွာ ပြန်ဖြေရင်း ကြာပန်းလေးအား ထုတ်လိုက်လေသည်။ ကျွင်းရှန်နှင့် ကျွင်းချင်းတို့၏ စွမ်းဆောင်ရည်အား အကောင်းဆုံး ဖြစ်စေရန် ပြုပြင်နိုင်စေရန် အတွက် ကြာပန်းလေး၏ အာနိသင်များအား သူမ အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ရပေမည်။
ကြာပန်းဖြူလေးမှာ ရတနာတစ်ခုကဲ့သို့ တလက်လက် တောက်နေခဲ့ပြီး ပွင့်ဖတ် တစ်ခုချင်းစီသည် ဖန်သားကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူမ မြင်ဖူးသမျှ သာမန် ကြာပန်းများနှင့် လုံးဝမတူညီချေ။ သူမသည် ထိုအလှတရားအား စူးစိုက်ကြည့်ရင်းဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
သူမက ကြာစေ့ငယ်လေး တစ်စေ့အား ထုတ်ယူလိုက်ကာ ကျက်သရေ ရှိစွာ မျိုချလိုက်လေတော့သည်။ အာနိသင်အား သိရှိရန် မိမိကိုယ်တိုင် စမ်းသပ် ကြည့်ခြင်းထက် ကောင်းသော နည်းလမ်း ရှိပါဦးမည်လော။
အစချင်းတွင် အရိုးများထဲမှ ထုံကျင်လာခဲ့ကာ နေရာအနှံ့မှ နာကျင်မှု ယားယံမှုများ တဖြေးဖြေး စတင်၍ လွှမ်းမိုးသွားခဲ့သည်။ သူမသည် မျက်လုံးများအား ကျဉ်းမြောင်း လိုက်မိသည်။ တစ်မိနစ်ထက် တစ်မိနစ် ပိုမို၍ ပြင်းထန်လာသော နာကျင်မှုများမှာ မခံမရပ်နိုင်သည် အထိ ဖြစ်လာခဲ့သည်။
ထုံကျင် ယားယံ နေရာမှသည် တစ်စုံတစ်ယောက်သည် သူမ၏ အရိုးများကို ဓားဖြင့် ခြစ်နေသကဲ့သို့ စူးရှလှသည့် နာကျင်မှုသို့ ပြောင်းလဲသွားခဲ့သည်။ မကြာမီမှာပင် သူမ၏ ချွေးစေးများ ထွက်လာခဲ့ကာ အောက်နှုတ်ခမ်းအား တင်းတင်းစေ့ထား လိုက်မိတော့သည်။ ဤခံစားချက်မှာ ဓားဖြင့် အထိုးခံရသည်ထက်ပင် ပို၍ ဆိုးရွားလှပေသည်။
***