နာရီဝက်နီးပါးခန့် အရိုးကွဲမတတ် ပြင်းထန်လှသော ဝေဒနာအား အံတုရင်း အောင့်အည်း သည်းခံ ပြီးနောက်တွင်မူ ထိုဒုက္ခသည် တဖြည်းဖြည်း ချုပ်ငြိမ်းသွားလေတေ့ာသည်။ ကျွင်းဝူရှဲ့၏ သွယ်လျသော ကိုယ်လုံးလေးပေါ်ရှိ အဝတ်အစားများမှာလည်း ချွေးရွှဲရွှဲစိုနေသည့်အပြင် ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည့် မည်းညစ်စေးကပ်သည့် အရည်ကြည်များသည်လည်း ကိုယ်နှင့်ကပ်လျက် ရှိနေလေတော့သည်။
နောက်ဆုံးတွင်မူ သူမသည် ငရဲ ဒုက္ခသဖွယ် ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် သက်ပြင်း တစ်ချက်အား အသာချလိုက်ရင်း မိမိ၏ လက်ချောင်းလေးများနှင့် ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သည့် အညစ်အကြေးများအား ကြည့်ကာ စိတ်သက်သာရာ ရသွားတော့သည်။
"ဒီကောင်လေးက ငါ့ကို မလိမ်ခဲ့ဘူးပဲ"
ကျွင်းဝူရှဲ့သည် မိမိကိုယ်ကို ပြန်လည် စမ်းသပ်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမ၏ အရိုးအဆစ်များမှာ ယခင်ကထက် ပိုမို၍ ပျော့ပျောင်းလာပြီးနောက် တစ်ကိုယ်လုံးမှာလည်း ပေါ့ပါး လန်းဆန်းနေသည်အား ခံစားသိရှိလိုက်ရသည်။
ဤလောက၌ ဝိညာဉ်စွမ်းအားအား ကျင့်ကြံလို သူတိုင်း အတွက် ကြံ့ခိုင် ကျန်းမာသော ခန္ဓာကိုယ်ရှိရန်မှာ ပထမဦးစားပေး အချက်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း သူမသည် ရှေ့ဆက်ရမည့် ခက်ခဲ ကြမ်းတမ်းသော ကျင့်ကြံခြင်း လမ်းခရီးအား မစတင်မီ မိမိ၏ အခြေခံခန္ဓာကိုယ်ကို အကောင်းဆုံး ဖြစ်စေရန် အတွက် ပြင်ဆင်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အခြေခံအုတ်မြစ် ခိုင်မာမှသာလျှင် နောင်တစ်ချိန်တွင် အဆပေါင်း များစွာသော တိုးတက်မှုများအား ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။
မိမိကိုယ်တိုင် ဝေဒနာအား ခါးစည်းခံ ပြီးနောက် ထူးကဲသော အကျိုးကျေးဇူးအား ရရှိခဲ့သဖြင့် ကျွင်းဝူရှဲ့သည် ဦးလေးဖြစ်သူ ကျွင်းချင်းနှင့် အဖိုးဖြစ်သူ ကျွင်းရှန်းတို့အား ကုသပေးရန် အတွက် အချိန်တန်ပြီဟု ယုံကြည်ချက် အပြည့်ရှိ သွားတော့သည်။ လင်းစံအိမ်တော်၏ ဂုဏ်သိက္ခာအား ပြန်လည် မြှင့်တင်နိုင်ရန်နှင့် သူတို့၏ ကျန်းမာရေးအား ပြုပြင်ပေးရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဧကရာဇ် မင်းမြတ် အနေဖြင့် လင်းစံအိမ်တော်အပေါ် ဤမျှအထိ မောက်မာရဲခြင်း၏ အဓိက အကြောင်းရင်းမှာ လင်းမျိုးနွယ်စုတွင် ဆက်ခံမည့်သူ မရှိတော့ဟု ယူဆ ထားသောကြောင့်ပင် ဖြစ်ချေသည်။ ကျွင်းချင်းမှာ မသန်မစွမ်းဖြစ်နေခဲ့ကာ ကျွင်းဝူရှဲ့မှာလည်း အသုံးမကျသည့် မောက်မာသူ တစ်ဦးအဖြစ် လူသိများနေသဖြင့် လင်းစံအိမ်တော်၏ အနာဂတ်မှာ မှောင်မိုက်နေသည်ဟု အားလုံးမှ ထင်မှတ်နေကြခြင်း ဖြစ်သည်။
အကယ်၍ ကျွင်းရှန်းနှင့် ကျွင်းချင်းတို့သာ ကျန်းမာ သန်စွမ်းနေခဲ့ကာ စစ်သူရဲကောင်းတို့၏ အရှိန်အဝါများ ပြန်လည် ပွင့်လန်းလာပါမူ မည်သူမျှ သူတို့အပေါ် ရန်ပြုရန် ဝံ့ရဲကြမည် မဟုတ်ချေ။ 'လွေ့လင်း' စစ်တပ်ကြီး၏ ကျောရိုးဖြစ်သော ကျွင်းရှန်းသာ နဂိုအတိုင်း အစွမ်းထက်လာပါက ရန်သူတို့ အတွက် သွေးချောင်းစီးရမည့် နိမိတ်ပင် ဖြစ်တော့သည်။
ထိုကာလအတွင်း ကျွင်းဝူရှဲ့သည် သူမ၏ ခြံဝင်းလေးနှင့် ဆေးခန်း အဖြစ် ပြောင်းလဲထားသည့် အဆောင်ကြားတွင် ကူးချည် သန်းချည်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ အစာအာဟာရနှင့် ဆေးဝါးများအား အသုံးပြု၍ ခန္ဓာကိုယ်အား ပြုပြင်ပြောင်းလဲခဲ့လေရာ ယခင်တွင် ဖြူဖျော့နေသော သူမ၏ မျက်နှာလေးမှာ ယခုအခါ ပန်းရောင်သန်းကာ သွေးရောင်လွှမ်းလာခဲ့လေပြီ ဖြစ်သည်။
ကျွင်းရှန်းမှာမူ မိမိ၏ မြေးမလေးသည် ဆေးပညာအား ခဏတာ စိတ်ပါဝင်စားရုံသာ ဖြစ်မည်ဟု စိုးရိမ်ခဲ့သော်လည်း ယခုကဲ့သို့ မနားမနေ ကြိုးစားနေသည်အား မြင်ရသောအခါ အလွန်ပင် ဝမ်းမြောက်သွားရလေသည်။ မြေးမလေး၏ မျက်နှာတွင် ကျန်းမာခြင်း၏ အလင်းရောင်များ ယှက်သန်းနေသည်အား တွေ့ရလေတိုင်း သူသည် စိတ်အေးသွားရစမြဲ ဖြစ်နေခဲ့သည်။
နန်းတွင်း၌မူ ဧကရာဇ်သည် လင်းစံအိမ်တော်ဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးသည်အား သိရသောအခါ ကျေနပ်စွာ ပြုံးပျော်နေခဲ့လေသည်။ လင်းစံအိမ်တော်သည် နှစ်ပေါင်းများစွာ စစ်ရေး အောင်မြင်မှုများစွာ ရရှိထားခဲ့သဖြင့် ထိုဂုဏ်သိက္ခာအား နင်းခြေနိုင်ရန် ဤအခွင့်အရေးထက် ကောင်းမွန်သော အခြား အခွင့်အရေးမှာ မရှိတော့ဟု သူ ယူဆထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူတို့၏ စိတ်ဓာတ်များအား အမြစ်ပြတ် ချေမှုန်းရန်ပင် ဖြစ်လေသည်။
ယခုအခါတွင် ကျွင်းဝူရှဲ့သည် 'လွေ့လင်း' စစ်တပ်အား အသုံးပြု၍ သူမ၏ ကိုယ်ကျိုးအတွက် အနိုင်ကျင့်ခဲ့သည်ဟူသော သတင်းဆိုးများမှာ မြို့ရိုးပြင်ပအထိ တောမီးပမာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
ကျွင်းရှန်းမှာမူ ကျွင်းဝူရှဲ့၏ နာမည်အား အဖတ်ဆယ်နိုင်ရန်အတွက် ထိုညတွင် ပေါ်ပေါက်လာခဲ့သော လျှို့ဝှက်လူအုပ်စုအား အသည်းအသန် ရှာဖွေနေခဲ့သည်။ သို့သော်လည်း တစ်ဖက်မှ တစ်စုံတစ်ရာအား အရေးတကြီး ဖုံးကွယ်ထားသည်ဟု သူ သံသယဝင်မိလေသည်။
ဒုတိယမင်းသား၏ ကိုယ်ရံတော်များ၏ အလောင်းများမှာ တစ်ခုမျှ မပြည့်စုံဘဲ အတွင်းမှ ပေါက်ကွဲ ထွက်သွားသကဲ့သို့ ဖြစ်နေသည်မှာ ထူးဆန်းလှပေသည်။ ထို့ပြင် ဒုတိယမင်းသားသည်လည်း ထိုလူများနှင့် တိုက်ခိုက်ရင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း မည်သည့် လက်နက်ကြောင့် ဒဏ်ရာရခဲ့သည်အား စစ်ဆေးရန် ကျွင်းရှန်းအား ဝင်ရောက်ခွင့် မပြုခဲ့ချေ။
ဧကရာဇ်သည် ကျွင်းဝူရှဲ့၏ ဂုဏ်သိက္ခာအား ဖျက်ဆီးပစ်နိုင်ရန်အတွက် အရေးကြီးသော သဲလွန်စများကို တမင်တကာ ဖုံးကွယ်ထားကြောင်း ထင်ရှားလှပေသည်။
နံနက်မှ ညအထိ ကျွင်းရှန်းသည် သဲလွန်စများ ရှာဖွေရန် အပြင်သို့ ထွက်နေတတ်ကာ ကျွင်းဝူယောင်အားလည်း အိမ်တော်အတွင်း၌ တွေ့ရန် ရှားပါးလှပေသည်။ ထို့ကြောင့် လင်းစံအိမ်တော်တွင် ကျွင်းချင်းနှင့် ကျွင်းဝူရှဲ့တို့သာ ကျန်ရစ်နေလေ့ ရှိကြကုန်တော့သည်။
***