ခြံနောက်ဖေးရှိ ကြာကန်ဘေးတွင် အစေခံတစ်ဦးသည် ကျွင်းချင်း၏ ဝှီးချဲအား တွန်းပေးလျက် ရှိလေသည်။ ကန်အတွင်း၌ ကြာပန်းများ အစီအရီ ပွင့်လန်းနေသော်လည်း ကျွင်းချင်းမှာမူ ထိုအလှအပများအား ခံစားနိုင်မည့် စိတ်အခြေအနေတွင် ရှိမနေချေ။
ထိုစဉ် တစ်ဖက်မှ ခပ်ဖွဖွ ခြေသံလေးများအား ကြားလိုက်ရသဖြင့် ကျွင်းချင်းသည် ဝှီးချဲအား ထိုဘက်သို့ လှည့်လိုက်လေရာ ပါးပြင်လေးများ နီမြန်းနေသည့် ကျွင်းဝူရှဲ့ကို မြင်တွေ့လိုက်ရသဖြင့် ပြုံးပြလိုက်မိတော့သည်။
" ကလေးမ နောက်ဆုံးတော့လည်း မင်း အပြင်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
ကျွင်းချင်းမှ စနောက်သည့် လေသံဖြင့် မေးလိုက်သည်။ ကျွင်းရှန်းသည် သူမအား ဆေးပညာ သင်ယူခွင့် ပေးလိုက်ချိန် ကတည်းမှစ၍ ကျွင်းဝူရှဲ့သည် ဆေးခန်းအဆောင် အတွင်း၌သာ အောင်းနေတတ်ကာ အပြင်သို့ ထွက်လာခဲလှပေသည်။
ကျွင်းဝူရှဲ့သည် သူမအား ကြင်နာစွာ ပြုံးကြည့်နေသည့် ဦးလေးဖြစ်သူအား ကြည့်ကာ အံ့အားသင့်သွားမိသည်။ သူမသည် ထူးခြားသော ကြာစေ့နှင့် သူ၏ မျက်ရည်စက်များဖြင့် ခန္ဓာကိုယ်အား ပြုပြင်ထားသဖြင့် ဝိညာဉ်စွမ်းအား မရှိသေးသော်လည်း ခြေလှမ်းများမှာ အလွန်ပေါ့ပါးနေခဲ့ပြီ ဖြစ်သည်။ သူမအား မျက်မြင် မတွေ့ရပါမူ ငါးလှမ်း အကွာအဝေး အတွင်း ရှိနေလျှင်ပင် မည်သူမျှ သတိထားမိနိုင်စရာ မရှိချေ။
သို့သော် ယခုမူ သူမသည် ကျယ်ပြောလှသည့် နောက်ဖေးခြံထဲသို့ လှမ်းဝင်လိုက်ရုံသာ ရှိသေးသော်လည်း ကျောခိုင်းထားသည့် ဦးလေးဖြစ်သူမှ သူမမှန်း ချက်ချင်း သိနေသည်မှာ သူ၏ အကြားအာရုံ မည်မျှ ထက်မြက်သည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
"ဦးလေးရဲ့ ခြေထောက်တွေက စစ်မြေပြင်မှာ ဒဏ်ရာရခဲ့တာလား"
ကျွင်းဝူရှဲ့သည် သူမ၏ မှတ်ဉာဏ်ဟောင်းများအား ပြန်လည် ရှာဖွေကြည့်သော်လည်း ဤဦးလေးနှင့် ပတ်သက်သည့် အချက်အလက်များစွာ မတွေ့ရချေ။ သူမ မှတ်မိသလောက်တွင် ကျွင်းချင်းသည် အမြဲတမ်း ဝှီးချဲပေါ်တွင်သာ ရှိနေခဲ့ကာ သူ၏ ဒဏ်ရာများ အကြောင်းကိုလည်း တစ်ခါမျှ ထုတ်မပြောခဲ့ဖူးချေ။ မိသားစု စားပွဲ တစ်ခုတွင်သာ စစ်မြေပြင်၌ ဒဏ်ရာရခဲ့ကြောင်း ခပ်ပေါ့ပေါ့ ပြောခဲ့ဖူးခြင်းသာ ရှိလေသည်။
"ဟုတ်တယ်လေ"
ကျွင်းချင်းမှ ပြန်ဖြေလိုက်သည်။
"ဒါက သာမန်ဒဏ်ရာတော့ မဟုတ်ဘူး မဟုတ်လား"
ကျွင်းဝူရှဲ့မှ ဆက်မေးလိုက်လေသည်။ သာမန် စစ်မြေပြင်၌ ရရှိသည့် ဒဏ်ရာများဆိုလျှင် လင်းစံအိမ်တော်၏ အရှိန်အဝါဖြင့် ထိပ်တန်း သမားတော်များအား ဖိတ်ခေါ်၍ ကုသနိုင်မည်မှာ သေချာသလောက် ရှိပေသည်။
သူမ တောင်ကုန်းပေါ်မှ ပြုတ်ကျစဉ်တွင် ဒဏ်ရာများမှာ အလွန်ပင် ပြင်းထန်လှပြီး အရိုးများပင် ကျိုးကြေခဲ့သော်လည်း တစ်လအတွင်း ပြန်လည် လမ်းလျှောက်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဦးလေးဖြစ်သူ၏ ဒဏ်ရာမှာ ဆယ်စုနှစ် တစ်ခု ကြာသည်အထိ လမ်းမလျှောက်နိုင်ခြင်းမှာ သာမန်ဒဏ်ရာ မဟုတ်နိုင်ဟု သူမ တွက်ဆမိလိုက်ခြင်း ဖြစ်သည်။
"ဒါက အဆိပ်မိတာပါ ရန်သူက ဦးလေးရဲ့ ကျောကုန်းကို အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ အဆိပ်လူးမြှားနဲ့ လုပ်ကြံခဲ့တာ မင်းရဲ့ အဖိုးသာ မရှိရင် ဦးလေး အခုလို မင်းနဲ့ စကားပြောဖို့ ရှိတော့မှာ မဟုတ်ဘူး အဖိုးက 'ချင်းယွမ်' ဂိုဏ်းချုပ်ကို အကူအညီတောင်းပြီး ဦးလေးကို ကုသပေးခဲ့တာလေ"
သူသည် ဝမ်းနည်းရိပ်သန်းနေသည့် လေသံဖြင့် ပြောရင်း သူ၏ ဝတ်ရုံစအား အသာလှန်၍ ကြောက်မက် ဖွယ်ကောင်းသော အမာရွတ်ကြီးအား ပြသလိုက်လေသည်။ ဒဏ်ရာမှာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အမာရွတ် တစ်ဝိုက်တွင် ပန်းခရမ်းရင့်ရောင် သန်းနေဆဲ ဖြစ်လေသည်။
"ချင်းယွမ်ဂိုဏ်း ဟုတ်လား"
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းအဖိုးက ဦးလေးကို ကယ်ဖို့အတွက် ငါတို့မျိုးနွယ်စုရဲ့ အဖိုးတန် အမွေအနှစ်နဲ့ လဲလှယ်ခဲ့ရတာလေ"
ကျွင်းချင်းမှ အလျင်အမြန် ရှင်းပြလိုက်လေသည်။ ချင်းယွမ်ဂိုဏ်းမှ ပိုင်ယွမ်ရှန်းနှင့် ကျွင်းဝူရှဲ့တို့ကြားရှိ ရန်ငြိုးအား သူ သိထားသောကြောင့် ဖြစ်လေသည်။
ယခင်တွင် ကျွင်းဝူရှဲ့ ဆေးပညာသင် ယူလိုကြောင်း ပြောစဉ်တွင် ကျွင်းရှန်းသည် သူမအား ဆေးပညာ၏လောက၏ အထွတ်အမြတ်ထားရာ ဗဟိုချက်မ ဖြစ်သော ချင်းယွမ်ဂိုဏ်းသို့ ဝင်ရောက်ရန် နာမည်စာရင်း သွင်းရန် အကြံပေးချင်ခဲ့သည့်တိုင် ပြန်လည် စဉ်းစားမိလိုက်ချိန်တွင် ကံမကောင်းစွာဖြင့် မော့ရွှမ်ဖေးနှင့် ပိုင်ယွမ်ရှန်းတို့၏ ပတ်သက်မှုကြောင့် ထိုအစီအစဉ်မှာ ပျက်ပြယ်ခဲ့ရလေသည်။
"ဦးလေးရဲ့ ခြေထောက်ကို ကျွန်မ ကြည့်ပါရစေ"
ကျွင်းဝူရှဲ့သည် ထိုဖောက်ပြန်သူ နှစ်ဦးအကြောင်းအား အာရုံထဲပင် မထည့်ဘဲ ပြောလိုက်တော့သည်။
"ရတာပေါ့"
သူသည် လိုလိုလားလားပင် ဘောင်းဘီစအား မတင်ပေးလိုက်လေသည်။ ကျွင်းချင်း၏ ခြေထောက်များမှာ ဖြူဖျော့နေပြီး သွယ်လျနေခဲ့လေသည်။ အကယ်၍ ဒဏ်ရာမရခဲ့ပါက ဤခြေထောက်များသည် အလွန် သန်မာထွားကြိုင်းမည်မှာ သေချာလှသည်။ ဆယ်စုနှစ် တစ်ခုကျော်ကြာ ကြွက်သားများအား အသုံးမပြုခဲ့ရသဖြင့် ယခုအခါတွင် ခြေထောက်များမှာ သေးသိမ်လျှက် အပေါ်ပိုင်း ကိုယ်လုံးနှင့် နှိုင်းယှဉ်လျှင် မမျှမတ ဖြစ်နေရရှာတော့သည်။
***