ကျွင်းဝူရှဲ့သည် သူ၏ ခြေထောက်ရှိ အချို့နေရာများအား ဖိနှိပ်ကြည့်ရင်း စစ်ဆေးလိုက်လေသည်။
"ဘာမှကို မခံစားရဘူးလား ဦးလေး"
"တစ်ခါတလေတော့ အေးစိမ့်စိမ့် ဖြစ်တတ်တယ် ဒါပေမဲ့ သိပ်တော့ မသိသာပါဘူး"
ဟု သူ ပြန်ဖြေလိုက်လေသည်။ သူမသည် အချိန်အတော်ကြာ စစ်ဆေး ပြီးနောက် ခေါင်းမော့လျှက် တည်ငြိမ်သော လေသံဖြင့် မေးလိုက်လေသည်။
"ဦးလေး ကျွန်မကို ယုံလား"
"ယုံတာပေါ့"
သူသည် နွေးထွေးစွာ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။ ကျွင်းဝူရှဲ့သည် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်လေရာ သူမ၏ အကြည့်များသည် ကြာကန်ဆီသို့ ရောက်သွားပြီးနောက် မျက်ဝန်းများတွင် စိတ်လှုပ်ရှားရိပ်များ ယှက်သန်းသွားခဲ့သည်။
"ဒီကြာပန်းတွေက တကယ်လှတာပဲ။ အင်း ဦးလေးရော ကြာစေ့စားရတာ ကြိုက်သလားဟင်"
သူမသည် သာမန်ကာလျှံကာ မေးလိုက်လေသည်။ ကျွင်းချင်းမှ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
"စားတော့ စားဖြစ်ပါတယ်"
"ကျွန်မ မနေ့က ကြာစေ့တချို့ ခူးထားတာ တကယ်အရသာရှိတယ် သိလား ဦးလေးရော မြည်းကြည့်ချင်လား"
"မြည်းကြည့်တာပေါ့ မင်းကိုယ်တိုင် ခူးထားတာဆိုတော့ ပိုထူးခြားမှာပေါ့"
သူသည် ဝမ်းသာအားရ သဘောတူလိုက်မိတော့သည်။ သူ၏ တူမလေးမှာ ယခင်က နှင့်မတူဘဲ အလွန်ပင် သိတတ်လာခဲ့ပြီ မဟုတ်ပါလော။ အကယ်၍ ယခင် အချိန်များမှဆိုလျှင် ကြာစေ့ခူးရုံသာမက ကြာပန်း တစ်ပွင့်ရလျှင်ပင် မော့ရွှမ်ဖေးကိုသာ အပြေးအလွှား သွားပေးမည်မှာ သေချာလှပေသည်။
"ဦးလေး ပါးစပ်ဟလိုက်နော်"
ကျွင်းချင်းမှာ အံ့အားသင့် သွားသော်လည်း တူမလေး စိတ်ချမ်းသာစေရန် အတွက် ပါးစပ်အား ဟပေးလိုက်လေသည်။ ထိုစဉ်မှာပင် ကျွင်းဝူရှဲ့သည် သူမ၏ လက်ထဲမှ ကြာစေ့ကို သူ၏ ပါးစပ်ထဲသို့ လျင်မြန်စွာ ပစ်ထည့်လိုက်ပြီးနောက် သူ မည်သည်ကိုမှ မတုံ့ပြန်နိုင်ခင်မှာပင် ပါးစပ်အား ပိတ်စေလျှက် မေးစေ့အား အသာမော့၍ မျိုချခိုင်းလိုက်တော့သည်။
ကျွင်းချင်းသည် သူမ၏ "နူးညံ့သိမ်မွေ့လှသော" အစာ ကျွေးဟန်ကြောင့် သီးမတတ် ဖြစ်သွားခဲ့ရကာ မျက်ရည်များပင် ဝိုင်းလာ ရရှာလေသည်။
'ငါ့တူမလေး သိတတ်လာပြီ' ဟု အောက်မေ့ကာမှ သူမ၏ လုပ်ရပ်များမှာ ယခင်အတိုင်း ကြမ်းတမ်းနေဆဲပင် ဖြစ်လေသည်။ အမှန်စင်စစ် ကျွင်းဝူရှဲ့သည် လူနာအား ဆေးတိုက် ကျွေးရာတွင် နူးညံ့ သိမ်မွေ့ရမည် ဟူသော အသိ သူမ၏ ဗီဇတွင် မပါရှိပေ။ ဆေးမသောက် လိုသော လူနာများအား သူမ ကိုင်တွယ်ပုံမှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ လူနာ၏ ပါးစပ်ထဲသို့ ဆေးရောက် သွားစေရန်သာ ဖြစ်ပြီး သူမ၏ နည်းလမ်းမှာ ကြမ်းတမ်းသော်လည်း အလွန် ထိရောက်လှပေသည်။
"အရသာရှိရဲ့လား"
သူမမှ မေးလိုက်လေသည်။ ကျွင်းချင်းမှာမူ ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိတော့သည်။ သူမသည် လည်ချောင်းထဲ အထိ ထိုးထည့် လိုက်ခြင်း ဖြစ်ရာ မည်သည့် အချိန်တွင် အရသာခံခွင့် ရပါအုန်းမည်နည်း။
"အင်း အရသာရှိပါတယ်"
သူသည် တူမဖြစ်သူ စိတ်ကျေနပ်စေရန် ပြောလိုက် ရတေ့ာသည်။
"ဒါဆို ကျွန်မ သွားတော့မယ်နော်"
လုပ်စရာရှိသည်အား လုပ်ပြီးနောက် ကျွင်းဝူရှဲ့သည် သူမ၏ ခြံဝင်းဆီသို့ လျင်မြန်စွာ ပြန်ထွက် သွားလေတော့သည်။ ကျွင်းချင်းသည် လှည့်ထွက် သွားသော သူမ၏ ကျောပြင်အား ကြည့်ရင်း ဝေခွဲမရ ဖြစ်နေမိလေသည်။ ဤကလေးမလေးသည် ဤမျှ ဝေးဝေးလာပြီး စကား အများကြီး ပြောခဲ့သည်မှာ ကြာစေ့ တစ်စေ့ ကျွေးရန်အတွက်သာ ဖြစ်နိုင်မည်လား။
"သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်ကြွင်းတွေ ရှိနေသေးတယ် ကြာစေ့က အအေးဓာတ် ရှိတော့ ကိုယ်ပူအောင် ဂျင်းပြုတ်ရည် တစ်ခွက်လောက် လုပ်ပေးရမလား"
သူ၏ နောက်တွင် တိတ်တဆိတ် ရပ်နေသော အစေခံ ဖြစ်သူမှ စကားပြောလာခဲ့သည်။ အနီးကပ် ကြည့်ရမည်ဆိုလျှင် ထိုသူမှာ အရပ်အမောင်း မြင့်မား ထွားကြိုင်းလှကာ တည်ကြည်လှသဖြင့် သာမန် အစေခံတစ်ဦးနှင့် လုံးဝ မတူလှချေ။ ကျွင်းချင်းမှ လက်ကာပြလိုက်ရင်း ပြောလိုက်လေသည်။
"ကြာစေ့ တစ်စေ့တည်းနဲ့ ဒီလောက်အထိ ရေးကြီးခွင့်ကျယ်တွေ မလုပ်ပါနဲ့ ငါက အဲဒီလောက်အထိ အားမနည်းပါဘူး"
ထိုလူသည် ဆက်မပြောတော့ဘဲ သူ၏ အတွေးကိုသာ ထုတ်ဖော် လိုက်တော့သည်။
"သခင်မလေးက ဒီနောက်ပိုင်း နည်းနည်း ထူးခြားလာသလိုပဲနော်"
ကျွင်းချင်း ဒဏ်ရာရချိန် ကတည်းမှ ဆယ်စုနှစ် တစ်ခုကျော် ပြုစုလာခဲ့သူ ဖြစ်ရာ ကျွင်းဝူရှဲ့အားလည်း ငယ်စဉ်ကတည်းမှ မြင်တွေ့လာခဲ့ရသူ တစ်ဦး ဖြစ်သည်။ ယခင်တွင် သူမ၏ မောက်မာလှသော စရိုက်ကြောင့် သူမအပေါ် ကောင်းသော အမြင် မရှိခဲ့သဖြင့် တွေ့လျှင်ပင် နှုတ်ဆက်လေ့ မရှိခဲ့ချေ။
"မင်းလည်း အဲဒီလို ထင်သလား"
ကျွင်းချင်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် အတိတ်အား လွမ်းဆွတ်သွားဟန်ဖြင့် တီးတိုး ရေရွတ်လိုက်လေသည်။
"သူ့ကို ကြည့်ရတာ တစ်ခါတလေ ငါ့အစ်ကိုကြီးနဲ့တောင် တူသလိုပဲ"
"အဲဒီလိုတော့ မနောက်ပါနဲ့ တချို့အရာတွေက နှိုင်းယှဉ်လို့ မရနိုင်ဘူးလေ"
ထိုလူသည် မျက်မှောင်ကြုတ်လိုက်ရင်း ကျွင်းချင်း၏ စကားအား သဘောမတူဟန်ဖြင့် ခပ်ပြတ်ပြတ်ပင် ပြန်ပြော လိုက်လေတော့သည်။
***