ကျွင်းချင်း၏ မျက်နှာပေါ်မှ အပြုံးတို့ ချက်ချင်း ပျောက်ကွယ် သွားပြီးနောက် သူသည် ခေါင်းယမ်းလျှက်ကာ ပြောလိုက်သည်။
"ကျွတ် မင်းရဲ့ ဒီအကျင့်စရိုက်ကို သည်းခံနိုင်တာ ငါ့အစ်ကို တစ်ယောက်ပဲ ရှိတယ် မမေ့နဲ့ အဲဒီကလေးက မင်း သစ္စာဆိုခဲ့တဲ့ လူရဲ့ သွေးသားပဲ တစ်နေ့ ငါရော အဖေရော မရှိတော့ရင် သူက မင်းရဲ့ လက်ထဲမှာ"
သူ့စကားမဆုံးမီမှာပင် တုံးတိနေသော ဓားဖြင့် အရိုးအား လွှတိုက်နေသကဲ့သို့ မခံမရပ် နိုင်အောင် ယားယံ နာကျင်မှုသည် ကိုယ်တွင်းရှိ အရိုးတိုင်းဆီသို့ ပျံ့နှံ့လာလေရာ ကျွင်းချင်းမှာ ခါးကိုင်း ကျသွားရလေတော့သည်။
"သခင်လေး"
ထိုသူမှ ဖြူလျော်နေသည့် ကျွင်းချင်း၏ မျက်နှာအား စိုးရိမ်တကြီး ကြည့်လိုက်လေသည်။ ထိုစဉ်တွင် ကျွင်းချင်း၏ ကိုယ်တွင်းသို့ ဝင်ရောက်ခဲ့သော အဆိပ်မှာ လုံးဝ ကင်းစင်သွားခြင်း မရှိသေးဘဲ အဆိပ်အကြွင်းအကျန်များသည် ရိုးတွင်းခြင်ဆီအထိ ထိုးဖောက် ဝင်ရောက်နေခဲ့ပြီ ဖြစ်လေသည်။
နာမည်ကျော် ချင်းယွမ်ဂိုဏ်းချုပ်ပင်လျှင် ထိုအဆိပ်အား ဖြေပေးနိုင်စွမ်း မရှိခဲ့ချေ။ နှစ်များစွာ ကြာလာသည် နှင့်အမျှ ကျွင်းချင်းမှာ စားသောက် နေထိုင်မှု မှစ၍ အရာရာအား အလွန်သတိထားခဲ့ရလေသည်။ လွန်ခဲ့သည့် ခဏလေးတွင်ပင် အကောင်းပကတိ ရှိနေခဲံပြီး သူ့အား ဆူပူ ကြိမ်းမောင်းနေခဲ့သေးသည် မဟုတ်ပါလော။ ယခုမှ အဘယ်ကြောင့် ရုတ်တရက်...
ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့သည်။
"အဲဒီ ကြာစေ့လား ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူသည် ကျွင်းဝူရှဲ့အပေါ် မည်မျှပင် အမြင်မကြည်လင် စေကာမူ သူမကိုယ်တွင်း၌ ကျွင်းမိသားစု၏ သွေးများ စီးဆင်းနေဆဲ ဖြစ်ပေသည်။ ထို့ကြောင့် အစောပိုင်းတွင် ကျွင်းဝူရှဲ့ သူ့ထံ ချဉ်းကပ်လာချိန်တွင် ကျွင်းချင်းမှ သူမအပေါ် မည်သည့် သံသယမှ မရှိခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ လက်ချက် မည်ကဲ့သို့ ဖြစ်နိုင်လိမ့်မည်နည်း။
ယားယံမှု မှတစ်ဆင့် ဖော်ပြ၍ မရနိုင်လောက်အောင် နာကျင်မှုဆီသို့ တဖြည်းဖြည်း ကူးပြောင်း လာသောအခါ ကျွင်းချင်းမှာ အံ ကြိတ်ထားရလေသည်။ အရိုးများအား ဖြည်းညှင်းစွာ ချေမွခံနေရသကဲ့သို့ ပြင်းထန်လွန်းလှသော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးအား လွှမ်းခြုံသွားပြီးနောက် ချွေးအေးများပင် ပြန်လာလေတော့သည်။
အချိန်နှင့်အမျှ ဆိုးရွားလာသည့် ကျွင်းချင်း၏ အခြေအနေအား မြင်သောအခါ ထိုသူသည် ကျွင်းချင်းအား ဝှီးချဲ နှင့်အတူ အလျင်အမြန် ပွေ့ချီလိုက်ကာ အခန်းတွင်းသို့ ပြေးဝင်သွားတော့သည်။
ဤအကြောင်းအရာများအား ကျွင်းဝူရှဲ့ထံသို့ မည်သူမျှ သွားမပြောကြပေ။ သူမသည် ဆေးခန်းထဲတွင် အောင်းကာ သုတေသန ပြုလုပ်နေခဲ့သည်။ သူမကိုယ်တိုင်သည်လည်း အရိုးဆေးကြောခြင်း လုပ်ငန်းစဉ်အား ဖြတ်သန်းခဲ့ဖူးသဖြင့် အနည်းငယ်မျှ သက်သောင့်သက်သာ မရှိလှသော်လည်း ခံနိုင်ရည်ရှိသည့် အနေအထားမျိုး ဖြစ်သည်ဟု ထင်မြင်မိကာ ထိုအကြောင်းအား ထပ်မံ၍ တွေးတော မနေတော့ချေ။
သို့သော် သူမ မသိခဲ့သည့် အချက်မှာ သာမန်လူတစ်ယောက်၏ အရိုးအား ဆေးကြောခြင်းနှင့် အဆိပ်သင့်နေသည့် အရိုးအား ဆေးကြောခြင်းတို့၏ အကျိုး သက်ရောက်မှုမှာ လုံးဝ ကွဲပြားခြားနားသည် ဆိုခြင်းကိုပင် ဖြစ်သည်။
အခြား ခြံဝင်းတစ်ခုတွင်မူ ထိုအချိန်၌ ကျွင်းချင်းမှာ ဓားတစ်ထောင်နှင့် အရိုးများအား ခုတ်ပိုင်းခံနေရသကဲ့သို့ ပြင်းထန်လှသော နာကျင်မှုအား ခံစားနေရလေသည်။ သူ့အား ကုသပေးရန် နိုင်ငံတွင်းရှိ ကျော်ကြားထင်ရှားသည့် နာမည်ကြီး သမားတော်များ အားလုံးကို လင်းစံအိမ်တော်သို့ အရေးပေါ် ဆင့်ခေါ်ထားရလေသည်။
သို့သော်လည်း သမားတော်များ အားလုံးမှာ မည်သို့မျှ မတတ်နိုင်ကြပေ။ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကျွင်းချင်း၏ ကိုယ်အပူချိန်မှာ အလွန်အမင်း မြင့်တက်နေခဲ့ကာ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ယင်နေလျှက် မကြာမီမှာပင် ထွက်ရှိလာသည့် ချွေးများကြောင့် အိပ်ရာခင်းများပင် ရွှဲနစ်သွားကုန်တော့သည်။ ထွက်လာသည့် ချွေးများတွင် အနံ့အသက် ဆိုးရွားသော အမည်းရောင် အရာများလည်း ရောနှောပါဝင်နေခဲ့သည်။
ဤမြင်ကွင်းကြောင့် ကုတင်ဘေးတွင် ဒူးထောက်နေသော သမားတော်တစ်စုမှာ ကြောက်လန့်တကြား တုန်ရီနေကြကုန်တော့သည်။ သတင်းရရချင်း အပြေးပြန်လာသည့် ကျွင်းရှန်မှာမူ ကုတင်ပေါ်တွင် စာရွက်ဖြူ တစ်ရွက်ကဲ့သို့ ဖြူလျော်စွာ လဲလျောင်းနေသည့် သားဖြစ်သူအား တွေ့လိုက်ရတော့သည်။ သူ၏ အခြေအနေမှာ ကောင်းမွန်ပုံ မပေါ်ဘဲ ခြေတစ်ဖက် မြေကြီးထဲ ရောက်နေပြီ ဟုပင် ဆိုနိုင်ပေသည်။
ကျွင်းရှန်းမှာ ချွေးအေးများပြန်လာပြီး ဟိန်းဟောက် ပြောဆိုလိုက်လေသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
သွေးရောင်လွှမ်းနေသည့် မျက်လုံးများဖြင့် ကုတင်ဘေးတွင် ဒူးထောက်နေသော သမားတော်များအား ရန်သူ တစ်ဦးကဲ့သို့ စိုက်ကြည့် လိုက်လေတော့သည်။
"ဒီ ဒီအစေခံ ဘယ်လိုဖြစ်မှန်း မသိပါဘူး သူ့ရဲ့ သွေးကြောတွေ ကမောက်ကမဖြစ်ပြီးတော့ ရိုးတွင်းခြင်ဆီက အဆိပ်တွေ ရုတ်တရက် တစ်ကိုယ်လုံးကို ပျံ့ ပျံ့နှံ့သွားတာပါ ဒီအစေခံ တကယ်ပဲ အစွမ်းကုန် ကြိုးစားခဲ့ပါတယ် လင်းဝမ် ကျေးဇူးပြုပြီး သနားညှာတာပေးပါ"
သမားတော် တစ်စုလုံးမှာ အသနားခံကာ ငိုယိုနေကြလေသည်။ သူတို့အားလုံး၏ ရောဂါ ရှာဖွေ တွေ့ရှိချက်မှာ တစ်ခုတည်းသာ ဖြစ်လေသည်။ ၎င်းမှာ ကျွင်းချင်း အသက်ရှင်ရန် အချိန်သိပ်မကျန်တော့ ဟူ၍ပင် ဖြစ်ချေသည်။ ဤသတင်းစကားကြောင့် ကျွင်းရှန်းမှာ မူးမေ့ လုမတတ် ဖြစ်သွားသော်လည်း မိမိကိုယ်ကို အတင်းထိန်းထားရလေသည်။
သူ့ရဲ့ နောက်ဆုံးကျန်တဲ့ သားလေးလည်း သေတော့မှာလား....
‘ဟင့်အင်း မဖြစ်ရဘူး’
‘ဒီလို ဖြစ်လို့မရဘူး’
သူသည် ချင်းယွမ်ဂိုဏ်းချုပ်၏ တပည့်ဖြစ်သော ပိုင်ယွန်ရှန်းထံ အကူအညီတောင်းရန် တော်ဝင်နန်းတော်ဆီသို့ ချက်ချင်း ပြေးသွားခဲ့လေသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ပိုင်ယွန်ရှန်းသည် တိုက်ခိုက်ခံရမှုကြောင့် ကြောက်ရွံ့ တုန်လှုပ်နေဆဲ ဖြစ်သည့်အတွက် အနားယူနေရသည်ဟု အကြောင်းပြကာ မည်သူနှင့်မျှ လက်ခံတွေ့ဆုံရန်အား ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံရန် ညီလာခံခန်းမကြီးအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။ ဧကရာဇ်မင်းမြတ်မှာလည်း အကြပ်ရိုက်သွားခဲ့ရကာ ရွေးချယ်စရာ သိပ်မရှိသဖြင့် တော်ဝင်နန်းတော်ရှိ သမားတော်ကြီးများ အားလုံးကို လင်းစံအိမ်တော်သို့ ခေါ်ဆောင်သွားကာ ကုသမှုတွင် ကူညီပေးရန် ကျွင်းရှန်းအား ခွင့်ပြုလိုက် ရုံမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့ချေ။
***